Latest News

Tuesday, March 28, 2017

အပြုံးမပျက် ရင်ဆိုင်နိုင်ဖို့

အပြုံးမပျက် ရင်ဆိုင်နိုင်ဖို့

တစ်စုံတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး ဆန်ဆန် တိုက်ခိုက်မှုကို ခံရဖူးလား?
တစ်စုံတစ်ယောက်ရဲ့ အပျက်သဘောနဲ့ ပြောဆို ဝေဖန်တာကိုရော ခံရဖူးလား?
လူတိုင်း နည်းပါး ကြုံရလိမ့်မယ်၊ ခံစားရဖူးမယ်ဆို ယုံကြည်ပါတယ်။

ကျွန်မလည်း ငယ်စဉ်ကလေးဘ၀ကတည်းကနေ ဒီကနေ့ထိ  မရေတွက်နိုင်အောင် ကြုံတွေ့ရဖူး၊ ခံရဖူးပါတယ်။

ငယ်တုန်းကတော့ကိုယ့်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်မှန်းသိလိုက်ရတာနဲ့ထင်မှတ်မထားတဲ့ အတွက် အံ့သြသွားတယ်။ ပြီးတော့စိတ်ထဲနာကျင်ခံခက်သွားတယ်။ နောက်တော့ ဒေါသထွက်ပြီး ဒေါသတကြီးနဲ့ ပြန်လည် တုန့်ပြန်ဖြစ်ပါတယ်။

တိုက်ခိုက်တဲ့သူကို အားကျမခံ၊ အနိုင်မခံတဲ့ စိတ်နဲ့ ပြန်တုန့်ပြန်ပါတယ်။ သူပြောသလို မဟုတ်တဲ့ အကြောင်း၊ သူကသာ ကျွန်မကို တိုက်ခို်ကနေတဲ့အကြောင်း ပေါ့။

အဲဒီမှာ ကိုယ့်ကိုတိုက်ခိုက်တဲ့သူက သိပ်ကျေနပ်သွားတော့တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်မရဲ့ ဒေါသတကြီးနဲ့တုန့်ပြန်တာကို လိုချင်တာကိုး။
တိုက်ခိုက်တဲ့သူရဲ့ တိုက်ခိုက်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ကျွန်မကို ထိခိုက်စေချင်တာ၊ နာကျင်စေချင်တာ၊ ပြီးတော့ ဒေါသတကြီးနဲ့ တုန့်ပြန်ပြီး အရှက်ကွဲတာကို မြင်ချင်တာ။

သူမြင်ချင်တဲ့အတိုင်း ကျွန်မက စိတ်ထဲထိခိုက်နာကျင်နေသွားတယ်၊ ဒေါသတွေထွက်ပြီး တုန့်ပြန်လိုက်တယ်။ သူ အားရကျေနပ်သွားတယ်။ သူ အောင်မြင်သွားတာကိုး။

ကိုယ့်ရဲ့ ဒေါသစိတ်နဲ့တုန့်ပြန် မှုကို လူတွေရှေ့ချပြလိုက်ရတဲ့သူ၊ မရင့်ကျက်တဲ့သူ ဖြစ်လာတယ်။ ကိုယ်ပါ မကောင်းတဲ့ သူဆိုတာကို မြင်တွေ့လိုက်ရတယ်။

အဲဒီလို နှစ်ကြိမ်လောက် ကြုံဖူးလိုက်တဲ့အခါမှာတော့ ကျွန်မ စဉ်းစားမိတယ်။ နောက်ကြုံလာရင် ကိုယ့်ဘက်က အကောင်းဆုံး ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကိုပါ။

တကယ်တော့ သူက ကိုယ့်ကို တိုက်ခိုက်တယ်ဆိုတာက ကိုယ်ကသူ့ထက် သာလွန်နေတယ်လို့ ထင်မှတ်ပြီး မနာလိုစိတ်နဲ့ အမြင်ကတ်ရင်း မုန်းတီးစိတ်ပါ။ ပြောရရင်တော့ အပူစိတ်ပါ။ အဲဒီစိတ်ကြောင့် သူက ကိုယ့်ကို နာကျင်ထိခိုက်စေချင်တာ။

နာကျင်ခံစားသွားစေချင်တဲ့အတွက် ထိုးနှက်တိုက်ခိုက်တာကို ကြုံလိုက်ရတဲ့အခါ မည်သူမဆို နာကျင်ခံခက်သွားမှာပဲ။ ဒါဟာလည်း သဘာဝကျပါတယ်။ အဲလိုဆို ကျွန်မတို့က သူများတိုက်ခိုက်လို့ နာကျင်ရတယ်ဆိုတာကို ဘယ်လိုသဘောထားမလဲ။

အဲဒါကြောင့် သူများက ကိုယ့်ကို တိုက်ခိုက်တာ တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် ကိုယ့်ကို တိတ်တိတ်ကလေး အားကျနေတဲ့သူ ရှိတယ်ဆိုတာကို သိလိုက်ရတဲ့ သဘောပါပဲ။ ကိုယ့်ကို မနာလိုတယ်ဆိုတာ ကိုယ်က တစ်ခုခုမှာ သူ့ထက်သာနေလို့ပါ၊အဲဒီအတွက် ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူစရာပဲလို့လက်ခံနားလည်လိုက်ပါတယ်။

အဲလိုနဲ့ အသက် ၃၀ ၀န်းကျင်လောက်မှာတော့ တိုက်ခိုက်ခံရတဲ့အခါ တုန့်ပြန်နည်းလမ်းက ပြောင်းလဲသွားတယ်။ ကိုယ့်စိတ်ကိုယ်လည်း အနည်းငယ် ထိမ်းလာနိုင်တာလည်း ပါတယ်၊ လက်ခံတတ်လာတာလည်း ပါပါတယ်။

 ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်တဲ့ အလေ့အကျင့်လေး ရသွားရင်တော့ သူက နာကျင်စေချင်ပေမဲ့ ကိုယ့်က နာကျင်စွာ မခံစားရတော့ဘူး။

တကယ်တမ်းကြုံလာတော့ အဲလိုမခံစားရတဲကအတွက် ပြုံးလိုက်နိုင်ပါတယ်။ အဲဒီအပြုံးက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်အားရသွားတဲ့ အပြုံးမျိုးပါ။

ဒါကို သူက မြင်တော့ မျက်နှာပျက်သွားတယ်။သူကသူကို့ ဒေါသတကြီးနဲ့ တုန့်ပြန်တာမျိုးကို မျှော်လင့်ချိန်မှာ ကိုယ်ကသူ့ကို ကြည်ကြည်လင်လင်နဲ့ ပြုံးပြလိုက်တဲ့အခါ သူအံ့သြသွားတာ။ပြီးတော့ အဲဒီအပြုံးတာကို သူက ထင်မှတ်ထားတဲ့အတွက် မျက်နှာပျက်သွားတာ။

ကျမ အမြင်မှာတော့ အပြုံးတစ်ပွင့်ဟာ သိပ်ကို အစွမ်းထက်ပါတယ်။ဘယ်လောက်ပဲ ရန်လို မုန်းတီးနေတဲ့ သူ ဖြစ်ပါစေ ကိုယ့်ရဲ့ ကြည်လင်တဲ့ အပြုံးရဲ့ အစွမ်းကို ခံနိုင်ရည် မရှိကြပါဘူး။

အပြုံး ဆိုတာတဲ့ သဘောက အေးချမ်းမှုကို ဆောင်တယ်။ နားလည်ပေးမှုနဲ့ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုတွေလည်း ပါဝင်နေတဲ့အတွက် တော်ရုံကိုယ့်ကို အထင်လွဲပြီး မုန်းတီးနေတဲ့ သူတွေကိုတောင်မှ ကိုယ့်ရဲ့သဘောထားအမှန်ကို မြင်သွားပြီး အမြင်ပြောင်းလဲသွားနိုင်တယ်ဆိုတာ လက်ခံနားလည်လာတယ်။

ခုလို အသက် ၄၀ ကျော်လာပြီး ချိန်မှာတော့ တိုက်ခိုက်တဲ့သူကို တွေ့တဲ့အခါ သူတို့ အပေါ်သနားစိတ် ၀င်လာမိပြန်တယ်။ ဘုရားရှစ်ခိုးတဲ့အခါ သူ့ကို မေတ္တာပို့ဖြစ်ပါတယ်။ ကျန်းမာချမ်းသာပါစေ၊ နှလုံး စိတ်ဝမ်းအေးချမ်းပါစေလို့ ပါ၊

 တိုက်ခို်က်ရတဲ့သူ့ ခမျာ ပင်ပန်းလိုက်တာ၊ ပူလောင်လိုက်တာကွယ်၊ မမြဲတဲ့ အရာတွေအတွက် အမုန်းစိတ်တွေ၊ ပူလောင်မှုတွေနဲ့ နေထိုင်နေရရှာတယ်လို့ လက်ခံနားလည်လာတဲ့အတွက် သူ့အပေါ် အဆိုး စိတ် မဖြစ်တော့ဘူး၊ တုန့်ပြန်လိုစိတ်လည်း မရှိတော့ဘူး။

ဘယ်လိုပဲ တိုက်ခိုက်မုန်းတီးပါစေ အပြုံးမပျက်စတမ်း လက်ခံနားလည်လာနိုင်ပါတယ်။

မတူတဲ့ အမြင်များရှိရင်လည်းေ ဆွးနွေးပေးပါ.
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment