Latest News

Saturday, March 18, 2017

မိသားစုအတွက် လျော့ရတာတွေအများကြီး

မိသားစုအတွက် လျော့ရတာတွေအများကြီး
=====
=======================ကမ္ဘာကြီးက ဘယ်လောက်ပဲ ပြောင်းလဲပါစေ၊ မြန်မာပြည်က အိမ်ထောင်ရှင်မတွေမှာတော့ ယနေ့ထိတိုင် မပြောင်းမလဲဘဲ ရှိနေတာတွေအများကြီးရှိနေတုန်းပါပဲ။

မိသားစုဘ၀လို့ ပြောကြရင် မိသားစုဟာ
ကိုယ့်ဘ၀လို့ကို မှတ်ယူထားကြတဲ့ သူတွေမှာ မပြောင်းလဲနိုင်တာတွေ အများကြီးပါ။

သားတို့သမီးတို့ရဲ့အထွေထွေကိစ္စဆိုရင်လည်း အမေတွေရဲ့အရေးကြီးဆုံး ကိစ္စရပ်လို့ လက်ခံထားကြတာလည်း မပြောင်းလဲသေးပါဘူး။

အလုပ်ဖိအား၊ မိသားစု ဖိအားတွေကြားကနေ အောင်အောင်မြင်မြင်အလုပ်လုပ်နေတဲ့  အိမ်ရှင်မတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့  အဲဒီလို အလုပ်ခွင်မှာရော မိသားစုဘ၀မှာပါ အောင်မြင်အောင် လုပ်ဆောင်နေရတဲ့ အမျိုးသမီးတွေမှာ မြိုချလိုက်ရတဲ့ ခံစားချက်တွေ၊ အံကြိတ်လိုက်ရတဲ့ အဖြစ်တွေ၊ လျော့ပစ်လိုက်ရတာတွေ အများကြီး ရှိတယ်ဆိုတာကို  ခင်ပွန်းသည်တွေက မသိချင်ယောင်ဆောင်နေကြတာလည်း မပြောင်းလဲသေးဘူး။

အပြင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးမဟုတ်ပေမဲ့ အိမ်မှာပဲ အလုပ်လုပ်နေတဲ့ အိမ်ရှင်မ ဆိုရင်လည်း သူ့ရဲ့အချိန်၊ သူ့ရဲ့စိတ်အာရုံ၊ သူ့ရဲ့အနာဂတ် အားလုံးကို ဒီအိမ်သားတွေအပေါ်မှာပဲ  ရင်းနှီးမြှုပ်နှံထားလိုက်ရတာ။ ဒါကို ခင်ပွန်းသည်နဲ့ မိသားစုက အသိအမှတ်ပြုဖို့ လည်း ခဲယဉ်းနေတုန်းပါပဲ။

မိုးလင်းကနေ မိုးချုပ်တဲ့အထိ အိမ်အလုပ်တွေကို တောက်လျှောက်လုပ်ရပါတယ်။ တာဝန်အရ မဟုတ်ဘဲနဲ့  မေတ္တာစေတနာအပြည့်နဲ့ အစားအသောက်ကစ၊ အ၀တ်အထည်အဆုံး၊ နောက်ဆုံး တောက်တိုမယ်ရ ဘ၀ထိရောက်အောင် ဒီမိသားစုအတွက် ပါရမီဖြည့်ပေးနေတဲ့ အိမ်ရှင်မတွေပါ၊  ဒါတောင်မှ ခင်ပွန်းဖြစ်သူက မှီခိုလို့ ဆိုတာလည်း မပြောင်းလဲသေးဘူး။

အလုပ်မရှိ အကိုင်မရှိလို့ဘဲ ဆိုဆို၊ မှီခိုလို့ပဲ ပြောပြော  မိသားစုဘ၀ သာယာအေးချမ်းဖို့အတွက်ဆိုတဲ့စိတ်နဲ့ ဇနီးတစ်ယောက်၊မိခင်တစ်ယောက်ဖြစ်တဲ့ အတွက် ကိုယ့်မိသားစုဟာ ဘ၀လို့ မှတ်ယူပြီး စားသောက်ခြင်းကိစ္စ၊ ၀တ်ဆင်ခြင်း  ကိစ္စ၊ သာရေးနာရေး ကိစ္စရပ်တွေမှာလည်း  ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ပါဝင်ကြရပါတယ်။

မိသားစုတစ်စုမှာ ကလေးတွေအတွက် အမေ မရှိရင် မဖြစ်သလို၊ ခင်ပွန်းအတွက် ဇနီး မရှိရင် မဖြစ်တာမို့  အလုပ်လုပ်တဲ့ အိမ်ရှင်မတွေလည်း လုပ်ငန်းခွင်ပြင်ပမှာ မိသားစုထမင်းဝိုင်းလေး စိုပြေဖို့အတွက်  ပါဝင်ကြရတာပါပဲ။

ဒါ့အပြင် မပြောင်းလဲသေးတဲ့ ကိစ္စတွေမှာ  အိမ်ရှင်မတွေရဲ့ပေးဆပ်နို်င်တဲ့နှလုံးသားတွေကလည်း မပြောင်းမလဲ တည်တန့်နေတုန်းပါပဲ။
မိသားစုအတွက်…လိုအပ်လာတဲ့အခါ အိမ်ရှင်မတွေဟာ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်စားချင်တဲ့ အစာ၊ကိုယ်ဝတ်ချင်တဲ့ အ၀တ်တွေကို မေ့ပစ်လိုက်ကြရတယ်။

ကိုယ်မလုပ်ချင်ပေမဲ့ ကိုယ့်မိသားစု အတွက်ဆိုရင် မျက်စိမှိတ်၊ နားပိတ်၊ အံ့ကြိတ်ပြီး အလုပ်လုပ်နေတဲ့ အိမ်ရှင်မတွေရှိတယ်။

ကိုယ်စားချင်ပေမဲ့  မိသားစုအတွက် ဈေးဖိုးထဲက လျော့သွားမှာစိုးလို့  ရုံးအပြန်မှာ မုန့်ဟင်းခါးလေးတစ်ပွဲလောက်တောင် ၀ယ်မစားဘဲနဲ့ တံတွေးမြိုချပြီး အိမ်အရောက်ပြန်လာတဲ့  အိမ်ရှင်မတွေရှိတယ်။

အရောင်အသွေးစုံစုံနဲ့ လှပနေတဲ့ အထည်ဆိုင်ရှေ့ရောက်တဲ့အခါ တစ်ကိုက်လောက်တော့ ၀င်ဖြတ်လိုက်မယ်ဆိုတဲ့စိတ်ကူး ရှိရင် ရှိခဲ့လိမ့်မယ်၊ ဒါပေမဲ့  အကောင်အထည်ဖော်ဖို့ ခက်ခဲလို့ အထည်ဆိုင်ရှေ့က ခပ်သုတ်သုတ်ဖြတ်ပြီး ကိုယ့်အ၀တ်အစားထက် သားနဲ့သမီး ရဲ့ အထည်ဖိုးက ပိုအရေးကြီးတယ်ဆိုတဲ့ မိခင်တွေရှိတယ်။

ဒါ့အပြင်  ငွေကြေးတတ်နိုင်လို့ သုံးစွဲနိုင်တယ်ဆိုရင်တောင်မှ ခင်ပွန်းအတွက်၊သားနဲ့ သမီးအတွက် အပြည့်အစုံဝယ်ပြီးမှ ကိုယ်ဝတ်ဖို့ နောက်ဆုံး ထားပြီး ရွေးတတ်တဲ့ အိမ်ရှင်မတွေ ရှိတယ်။

အိမ်ရှင်မလို့ပြောရင် အဲဒီလူဟာ မိသားစုအတွက် ရှေ့ဆုံးကလူ၊ ရပိုင်ခွင့်အတွက်ကတော့နောက်ဆုံးကလူ ဖြစ်သွားပြန်ရော။ ဒီလို အနေအထား၊ ဒီလို နှလုံးသားတွေနဲ့အိမ်ရှင်မတွေ မြန်မာပြည်မှာ အများဆုံးပါပဲ။

တစ်ခါတစ်ခါ ခင်ပွန်း မကြိုက်တဲ့စကားလေးတစ်ခွန်းပြောမိလို့ လူရှေ့သူရှေ့ မရှောင် အော်ငေါက်ပြီး နစ်နာအောင် ပြောတတ်တဲ့ ယောက်ျားတွေကြောင့် သိမ်ငယ်ပြီးဘာစကားမှ မပြောရဲလောက်အောင် နှုတ်ပိတ် ၀မ်းနည်း နာကျင်သွားရတဲ့ အိမ်ရှင်မတွေလည်း အများသားပဲ။

တစ်ခါတစ်ခါ ပြန်ပြောတတ်တဲ့အိမ်ရှင်မဆိုရင် မညှာမတာနဲ့ ရိုက်နှက်လိုက်တာ၊ နွားသာသာဖြစ်အောင်ကို အကြမ်းဖက်မှုတွေကြားမှာ ရှင်သန်နေရတဲ့ အိမ်ရှင်မတွေ ကျွန်မတို့တိုင်းပြည်မှာ ဘယ်လောက်များသလဲ၊ အိမ်တွင်းအကြမ်းဖက်မှုမှာလည်း မြန်မာပြည်က အများဆုံးပဲလို့ စစ်တမ်းထွက်လာတဲ့အထိပါပဲ။

အသက် ၄၀ကျော် ၅၀ မို့ မနုပျိုနိုင်တော့တာကို ရမည်ရှာပြီး အငယ်ရှာနေတဲ့ခင်ပွန်းဖြစ်သူကို မသတီတော့ပေမဲ့  သားတို့သမီးတို့အတွက် မိသားစု အပြိုအပျက်တော့ မခံနိုင်ဘူး ဆိုပြီး အရာရာကို ညည်းခံ၊လျော့ပေးနေရတဲ့ အိမ်ရှင်မတွေလည်း အများကြီးပါပဲ။

အိမ်ထောင်ဘက်ရဲ့သစ္စာဖောက်ခြင်း မခံရရင်တောင်မှ  အရက်စွဲနေတဲ့ လင်၊ လောင်းကစား စွဲနေတဲ့ လင်တွေပေးတဲ့ဒုက္ခတွေကို ခါးစည်းခံပြီး တစ်ခုလပ်ဘ၀ကို မလျှောက်လှမ်းဘဲ  ဒုက္ခမှန်သမျှ ခါးစည်းခံပေးကြတဲ့ အိမ်ရှင်မတွေလည်း မြန်မာပြည်မှာ တော်တော်များတယ်။

ခင်ပွန်းဖြစ်သူက သစ္စာလည်း ရှိတယ်၊ နားလည်မှု အပြည့်အ၀နဲ့ကြင်နာတတ်တယ်ဆိုရင်ဘဲ  သိပ်ကို ကံကောင်းလှတဲ့မိန်းကလေး လို့ ဆိုရလောက်အောင် စာနာတတ်သူ၊နားလည်ပေးတတ်သူ၊ သစ္စာရှိတဲ့ ခင်ပွန်း ဆိုတာရှားပါး ပစ္စည်းပါပဲ။ရှိပါတယ် ရှားပါးတယ်။
ဒါမျိုး ခင်ပွန်းကို ပို်ငဆိုင်ထားသူတွေကလည်း ကိုယ့်ခင်ပွန်းနဲ့မိသာစုအပေါ်ကို တန်ဖိုးထားသင့်ပါတယ်။

မိန်းကလေး အများစုကတော့ အိမ်ထောင်ကျပြီး ဘယ်လို လင်မျိုးဖြစ်ပါစေ၊ ကိုယ်ပြုခဲ့တဲ့ အိမ်ထောင်၊ ကိုယ်ပိုင်ရတဲ့ ဒီမိသားစုလေး တည်တန့်ဖို့ နောက်ဆုံးချိန်ထိ တစ်လင်တစ်မယားစနစ်နဲ့သားသမီးတွေ မျက်နှာမငယ်မထိခိုက်စေဖို့  မြိုချလိုက်ရတဲ့စကားတွေ၊ အံကြိတ်လိုက်ရတဲ့ အဖြစ်တွေ သည်းခံပြီး လျော့ပစ်လိုက်ရတဲ့မာနတွေ… အများကြီး အများကြီး။

ဒီလို အိမ်ရှင်မတွေအကြောင်း ပြောမယ်ဆိုရင် အမျိုးသမီးတွေဘက်လိုက်တတ်တယ်လို့ ဆိုကြဦးမယ်၊ တကယ်ပဲ  ကမ္ဘာမှာ ဘယ်လောက်ပဲ ပြောင်းလဲပါစေ၊ မြန်မာပြည်မှာတော့ မပြောင်းလဲသေးတာတွေ အများကြီး။

အထူးသဖြင့်  အိမ်ထောင်ဦးစီးဆိုပြီး အာဏာရှင်ဆန်တဲ့ အမျိုးသားတွေရဲ့ သိစိတ်၊ နှလုံးသားတွေနဲ့ အတွေးအမြင်တွေ မပြောင်းလဲနိုင်သေးသရွေ့ အမျိုးသမီးဆိုတာ အိမ်ရှင်မဆိုတာ အရာရာတိုင်းမှာ အလျော့ပေးလိုက်ရတဲ့ သူ အဖြစ်ရှိနေဦးမှာပဲ။

မြန်မာပြည်က အိမ်ရှင်မတွေရဲ့ ဘဝ တိုးတက်ဖို့နဲ့ စိတ်အေးချမ်းကြဖို့ ခင်ပွန်းဖြစ်သူရဲ့ စိတ်နေသဘောထား မြင့်မားဖို့။ ကိုယ်ရည်ကိုယ်သွေးကောင်းဖို့က အရာရာထက်
ပိုအရေးကြီးတယ်လို့ ကျွန်မကတော့လက်ခံမိတယ်။

နို့မို့ရင်တော့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရနေတဲ့ မိခင်တွေက ... ဘယ်နှဲ့လုပ်ပြီး  ကိုယ့်ထက် ပိုကောင်းပြီး ပိုတော်တဲ့ မျိုးဆက်ကို မွေးထုတ်နိုင်တော့မှာလဲ။ အနာဂတ်မျိုးဆက် ကောင်းရဖို့ ခက်ခဲတော့မှာပေါ့။

မိသားစုသာယာဖို့၊ မိဘနှစ်ပါးစလုံး အတွေးအခေါ်မျှတပြီး မြင့်မားဖို့က တိုင်းပြည်ရဲ့အနာဂတ်နဲ့လည်း ဆက်စပ်နေတယ်ဆိုတာကို  အိမ်ထောင်ဦးစီးများ၊ လူကြီးမင်းများ သိသင့်နေပါပြီရှင်။

(ပို့အဟောင်းကို ပြန်တင်လိုက်တာပါရှင်)

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment