Latest News

Tuesday, March 7, 2017

မန္တလေး သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လေလံစနစ်ဖြင့် ရွေးချယ်ရန်စီစဉ်

မန္တလေး သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လေလံစနစ်ဖြင့် ရွေးချယ်ရန်စီစဉ်

မန္တလေး၊ မတ် ၆

မြန်မာ့နှစ်သစ်ကူးပွဲတော်ကာလ အတွင်း မန္တလေးမြို့၏ အစည်ကားဆုံး နေရာဖြစ်သည့် ကျုံးဘေးပတ်လည်၌ သင်္ကြန်ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ကို လေလံစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောကြားသည်။

မြန်မာ့ရိုးရာ သင်္ကြန်ကို ပြန်လည် ဖော်ဆောင်သည့်အနေနှင့် ယခုနှစ်တွင် စတင် လုပ်ဆောင်ခြင်းဖြစ်၍ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပုံစံပြောင်းသွားမည်ဖြစ်ကြောင်း၊ ကျုံးတောင်ဘက်ခြမ်းတွင် မဏ္ဍပ်နှစ်ခုသာ ရှိမည်ဖြစ်ပြီး၊ အရှေ့၊ အနောက်၊ မြောက်ဘက်ခြမ်းများတွင်လည်း ယခင်နှစ်များအတိုင်း စည်ကားနေဦးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

နှစ်စဉ် အစည်ကားဆုံး နေရာဖြစ်သည့် ကျုံးတောင်ဘက်ခြမ်းတွင် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ဗဟိုမဏ္ဍပ်နှင့် နန်းမြို့သူ ရေကစားမဏ္ဍပ်တို့သာ ထားရှိမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

“မြန်မာ့ရိုးရာ အမွေအနှစ်ပါတဲ့ သင်္ကြန်မျိုး ဖြစ်ချင်တဲ့အတွက် အခုလို စီစဉ်နေတာပါ။ အများ ထင်နေသလို ဒီနှစ် မန္တလေးသင်္ကြန်က မစည်လောက်တော့ဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ အရင်အတိုင်း စည်ကားနေပါလိမ့်မယ်။ ကျုံး ပတ်လည်တင် စည်တာမဟုတ်ဘဲ မြို့ထဲမှာလည်း စည်ကားစေချင်တာကြောင့်လည်း ပါတယ်”ဟု  ဒုတိယမြို့တော်ဝန်က ရှင်းပြသည်။

မြန်မာ့ရိုးရာ သင်္ကြန်ဖြစ်စေရန် ပြန်လည် ဖော်ထုတ်ခြင်းကို လက်ခံနိုင်သော်လည်း ကျုံးတောင်ဘက်ခြမ်းတွင် မဏ္ဍပ် အရေအတွက် လျှော့ချခြင်းကိုမူ လက်မခံကြောင်း၊ အစည်ကားဆုံး နေရာဖြစ်သည့် ကျုံးတောင်ဘက်ခြမ်းတွင် ယခင်နှစ်များအတိုင်း မဏ္ဍပ်များ ချထားပေးသင့်ကြောင်း၊ လမ်းလျှောက် လည်ပတ်သူများ အဆင်ပြေစေရန် လုပ်ဆောင်သင့်ကြောင်း သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားရန် ပြင်ဆင်နေသည့်  ချမ်းအေးသာစံမြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးကြည်ဝင်းက ပြောကြားသည်။

ကျုံးတောင်ဘက်ခြမ်းတွင် နိုင်ငံခြားသား ခရီးသွားများ လည်ပတ်လေ့လာနိုင်မည့် မြန်မာရိုးရာ ယဉ်ကျေးမှု သင်္ကြန်ဖြစ်စေရန် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက စီစဉ်နေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန် ကာလက ကျုံးတစ်ဖက်လျှင် ရေကစားမဏ္ဍပ် ၁၀ ခုစီ ခွင့်ပြုပေးခဲ့ပြီး၊ ယခုနှစ်တွင်မူ ကျုံးတစ်ဖက်လျှင် မဏ္ဍပ်လေးခုမှ  ခြောက်ခုအထိသာ ခွင့်ပြုပေးရန် စီစဉ်နေပြီး ကျုံးတောင်ဘက်ခြမ်းတွင်မူ ဗဟိုမဏ္ဍပ်နှင့် နန်းမြို့သူ မဏ္ဍပ်တို့သာ ဆောက်လုပ်ရန် ကနဦးအနေနှင့် လျာထားကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice

No comments:

Post a Comment