Latest News

Friday, March 10, 2017

ဟောင်ကောင်မှာ ရတနာဆိုင်ကိုဖျက်ဆီးကာ ကျပ် သိန်း ၈ ထောင်ကျော်တန် စိန်လက်စွပ် လုယက်မှုဖြစ်

ဟောင်ကောင်မှာ ရတနာဆိုင်ကိုဖျက်ဆီးကာ ကျပ် သိန်း ၈ ထောင်ကျော်တန် စိန်လက်စွပ် လုယက်မှုဖြစ်

၂၁ လက်မရှည်တဲ့ တူတစ်လက်ဖြင့် ရတနာဆိုင်မှန်ပြတင်းကို ရိုက်ခွဲကာ လက်စွပ်ကိုရယူသွားခဲ့ပါတယ်။

ဟောင်ကောင်ရှိ ဈေးဆိုင်များဖြင့် စည်းကားရာနေရာမှာ မျက်နှာဖုံးစွပ် လုယက်သူတစ်ဦးက ကျောက်မျက်ရတနာဆိုင်တစ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဖျက်ဆီးကာ မြန်မာငွေ ကျပ် သိန်း ၈ ထောင်ကျော်တန် (အမေရိကန်ဒေါ်လာ ၆၄၀,၀၀၀) တန်ဖိုးရှိ စိန်လက်စွပ်တစ်ကွင်းကို ယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။ လုယက်သူက Tsim Sha Tsui ရှိ 3D-Gold ကျောက်မျက်ရတနာဆိုင်ကို ယနေ့ (မတ်လ ၁၀ ရက်) မနက် ၁၁ နာရီဝန်ကျင်းမှာ ရောက်ရှိလာပြီး ကျောက်မျက်ရတနာများ ပြသထားတဲ့နေရာမှမှန်ကို တူတစ်လက်ဖြင့်ထုခွဲကာ စိန်လက်စွပ်ကို ရယူသွားခဲ့တာ ဖြစ်ပါတယ်။

South China Morning Post သတင်းအရ လုယက်သူ ယူဆောင်သွားတဲ့ စိန်လက်စွပ်ဟာ ပြသထားတဲ့နေရာမှာ ဈေးအကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကျောက်မျက်ရတနာဆိုင်ဖွင့်ပြီး မိနစ် ၃၀ ခန့်အကြာမှာပင် လုယက်သူက ဆိုင်ကိုဖျက်ဆီးကာ စိန်လက်စွပ်ကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ရတနာဆိုင်ကို ဖျက်ဆီးကာ စိန်လက်စွပ်ကို ရယူသွားတဲ့ လုယက်သူဟာ အရပ် ၅ ပေ ၉ လက်မခန့်ဖြစ်ပြီး ကိုယ်ခန္ဓာကြံခိုင်သူတစ်ဦးလို့ ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းရေးမှူးက ပြောပါတယ်။ လုယက်သူက ၂၁ လက်မရှည်တဲ့ တူတစ်လက်ဖြင့် ရတနာဆိုင်မှန်ပြတင်းကို ရိုက်ခွဲကာ လက်စွပ်ကိုရယူပြီးနောက် ထွက်ပြေးသွားကာ အိမ်သာတစ်ခုအတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ပါတယ်။

ထို့နောက် ၎င်း ဝတ်ဆင်လာတဲ့ ဝတ်စုံကို အခြားဝတ်စုံဖြင့် လဲလှယ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းရေးမှူးက ဆိုပါတယ်။ အွန်လိုင်းမှာထွက်ပေါ်လာတဲ့ လုံခြုံရေးဗီဒီယိုမှတ်တမ်းအရ လုယက်သူဟာ စိန်လက်စွပ်ကို ၇ စက္ကန့်အတွင်း ရယူသွားခဲ့တာ တွေ့ရပါတယ်။ Tsim Sha Tsui မှာ 3D-Gold ကျောက်မျက်ရတနာဆိုင်ကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လုယက်မှုကြုံရခြင်းဖြစ်ကြောင်း အဆိုပါဆိုင်မှ ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။

Source & Photo: CNA: Duwun

No comments:

Post a Comment