Latest News

Monday, March 27, 2017

သမီးရည်းစားချင်းဓားထိုးမှု ကျူးလွန်သူကို နာရီပိုင်းအတွင်းဖမ်းမိ

သမီးရည်းစားချင်းဓားထိုးမှု ကျူးလွန်သူကို နာရီပိုင်းအတွင်းဖမ်းမိ

မတ်လ ၂၅ ရက်က မန္တလေးမြို့ ကန်တော်ကြီး Water Park အပန်းဖြေစခန်းနားမှာ ဖြစ်ခဲ့တာပါ။

မတ်လ ၂၅ ရက် နေ့လည်ပိုင်းကဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ကန်တော်ကြီးဥယျာဉ်ထဲက Water Park အပန်းဖြေစခန်းဝင်ပေါက်နားမှာ အသက်(၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး ကို သေဆုံးအောင် ဓားထိုးခဲ့သူ အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရေလှိုင်းအတုနဲ့ ဆော့ကစား၊ ရေကူးနိုင်တဲ့ Water Park အပန်းဖြေစခန်းကို လာရောက်တဲ့ မမေသင်္ကြန်မိုးက သူငယ်ချင်းတွေနဲ့ လာရောက်လည်တုန်းမှာ ရည်းစားဟောင်းဖြစ်သူ  အသက်(၁၉) နှစ်အရွယ် အောင်မျိုးသိမ့် ရောက်လာပြီး စကားများတာကနေ အသင့်ပါလာတဲ့ ဓားနဲ့ ထိုးခဲ့တာလို့ အမှတ်(၁၀)နယ်မြေရဲ တပ်ဖွဲ့စခန်းမှ တာဝန်ကျရဲအရာ ရှိတစ်ဦးက ပြောပါတယ်။

‘‘မနေ့က ဖြစ်ဖြစ်ချင်းမှာ ကောင်လေးနေတဲ့ လိပ်စာကို သိတယ်။ နာရီပိုင်းအတွင်းမှာ မိပါတယ်။ ကောင်လေးရဲ့မိသားစုကိုသွားပြီး စည်းရုံးပြောဆိုလိုက်တော့ ရဲစခန်းကိုလာပြီး အပ်ပါတယ်။ ကျွန်တော်တို့ လတ်တ လောသုံးသပ်တာတော့ စကားများရင်း အဆင်မပြေဖြစ်ပြီး ဒေါသအလျောက် သတ်မိတယ်လို့ ထင်ပါတယ်’’လို့  အဆိုပါ တာဝန်ကျရဲအရာရှိက ပြောပါတယ်။

သေဆုံးသူနဲ့ ပြစ်မှုကျူးလွန်သူတို့က သံလျက်မျှော်အရှေ့ပတ္တာရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ကာ အခင်းမဖြစ်ပွားခင် နှစ်ပတ်ခန့်အလိုက ရည်စားအဖြစ်ကနေ ပြတ်စဲသွားတာဖြစ်ပြီး  ဒီကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

‘‘အပန်းဖြေစခန်းဝင်ပေါက် ဆိုင်ကယ်တောင် မအပ်ရသေးဘူး။ စကားများပြီး ဓားနဲ့ထိုးတော့ အထဲကို ပြေးဝင်လာတယ်။ ဝင်ပေါက်သစ်ပင်နားမှာပဲ ဖြစ်တာ ပါ။ ရေကစားတဲ့နေရာထိတောင် မရောက်ပါဘူး။ ဒီမှာ လည်ပတ်ရင်းနဲ့ ဖြစ်ကြတာ မဟုတ်ပါဘူး’’လို့  Water Park အပန်းဖြေစခန်းမှ မန်နေဂျာ ဦးသက်နိုင်ထွန်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားကို အမှတ်(၁၀) နယ်မြေရဲတပ်ဖွဲ့စခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
Source : 7DayDaily:Duwun

No comments:

Post a Comment