Latest News

Thursday, March 16, 2017

အမေရိကန်သမိုင်းမှာ မရှိခဲ့ဖူးတဲ့သမ္မတ

အမေရိကန်သမိုင်းမှာ မရှိခဲ့ဖူးတဲ့သမ္မတ

ဒီလိုသန်းကြွယ်သူဌေး၊ ကိုယ့်စည်းစိမ်ဥစ္စာကိုဝင့်ကြွားတတ်တဲ့ သမ္မတမျိုးကို အမေရိကန်သမိုင်း နှစ် ၂၄ဝအတွင်းမှာ အမေရိကန်ပြည်သူတွေ မတွေ့မမြင်ခဲ့ဖူးသလို တစ်ကမ္ဘာလုံးကလူတွေလည်း မတွေ့မမြင်ခဲ့ဖူးပါဘူး။


အရင်တုန်းက ရွေးကောက်ပွဲနိုင်တဲ့သမ္မတလောင်းက လက်ရှိသမ္မတကို အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံရတယ်။ အဲဒီလိုသွားတွေ့ဆုံရာမှာ လက်ရှိသမ္မတက သူ့စီးတော်ယာဉ် Air Force One နဲ့ သမ္မတလောင်းကို အကြိုလွှတ်ရတယ်။ ဒါဟာ လေးစားတမူပြုတယ်၊ အလေးထားတယ်ဆိုတာကို လူတိုင်းနားလည်ကြတယ်။ ဒါပေမယ့် သမ္မတလောင်း ထရမ့်က မာနထောင်ထောင်နဲ့ “အကြိုလွှတ်စရာမလိုဘူး… ကျုပ်ကိုယ်ပိုင်လေယာဉ်နဲ့ ကျုပ်လာခဲ့မယ်” လို့ဆိုတယ်။

ဒါဟာ အမေရိကန်သမိုင်းမှာ မရှိခဲ့ဖူးတဲ့ လတ်ဆတ်တဲ့သတင်းဖြစ်တယ်။


ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ပိုင်လေယာဉ် ဘောရင်း ၇၅၇-၂ဝဝ က သမ္မတလေယာဉ် Air Force One ထက် သစ်လွင်တယ်။ အဆင့်မြင့်နည်းပညာနဲ့ ပြုလုပ်ထားပြီး လုပ်ဆောင်ရပ်တွေပြည့်စုံတယ်။ ခန့်ညားထည်ဝါတဲ့အပြင်အဆင်ရှိတယ်။ အိပ်ခန်း ၂ခန်း၊ စကျင်ကျောက်နဲ့လုပ်ထားတဲ့ ရေချိုးခန်း၊ ဧည့်ခန်း၊ ရုပ်ရှင်ခန်း၊ ထမင်းစားခန်းတွေဖြစ်တယ်။ လက်ဆေးဘေစင်၊  ရေစက်ခေါင်းနဲ့ ခါးပတ်တွေကို ၂၄K ရွှေနဲ့လုပ်ထားတယ်။

တစ်ခါက ထရမ့်ဟာ အိုဘားမားကို အားမနာတမ်း ကဲ့ရဲ့ဝေဖန်ဖူးတယ်။


“အိုဘားမားက ကမ္ဘာကြီးပူနွေးလာကြောင်းကို နေရာတကာ သွားဟောပြောတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရမယ်လေး ဘာလေးနဲ့ သူ့စီးတဲ့ Air Force One က ဒီလောက်ဟောင်းအိုနေပြီး ဆီလည်းစားသေး၊ မီးခိုးလည်း ပိုထွက်တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းဖို့ ကိုယ်တိုင်ကနေ စလုပ်ပါ”

သမ္မတစီးတော်ယာဉ် Air Force One ဖြစ်တဲ့ ဘောရင်း ၇၄၇-၂ဝဝ B က ထရမ့်စီးတော်ယာဉ်ထက်ကြီးတယ်။ သမ္မတရဲ့အဖွဲ့ဝင်အားလုံးကို တင်ဆောင်နိုင်တယ်။ အိပ်ခန်းတစ်ခန်းပဲပါပြီး ဟောင်းအိုနေပြီဖြစ်တယ်။

ဒီနှစ် ၇လပိုင်းတုန်းက အိုဘားမားဟာ ဟီလာရီနဲ့အတူ သူ့စီးတော်ယာဉ်စီးပြီး မြောက်ကယ်လိုလိုင်းနားပြည်နယ်ကို ရွေးကောက်ပွဲမဲဆွယ်ဖို့အတွက် သွားခဲ့တယ်။ ဒါကို ထရမ့်သိတော့ ချက်ချင်းတုန့်ပြန်တိုက်ခတ်တယ်။

“အိုဘားမား အလုပ်လုပ်တာ သိပ်ပုံမလာဘူး။ အဲဒီငလိမ်မ ဟီလာရီကို သမ္မတစီးတော်ယာဉ်စီးစေပြီး မဲသွားဆွယ်တယ်။ ယာဉ်စီးခဘယ်သူပေးမလဲ”

အေးလေ…. သူက သူ့ကိုယ်ပိုင်စီးတော်ယာဉ်နဲ့ဆိုတော့ ပြောအားရှိတာပေါ့။

ဒီလိုနဲ့ သမ္မတလောင်းနဲ့ လက်ရှိသမ္မတတို့ဟာ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်။ ထရမ့်က သူ့ကိုယ်ပိုင်လေယာဉ်စီးပြီး ဝါရှင်တန်ကိုရောက်သွားခဲ့တယ်။ ဟန်အပြည့် မာန်အပြည့်နဲ့ပေါ့။ သူ့ကြည့်ရတာ “ဟေ့ အိုဘားမား… ငါနိုင်ပြီ။ မင်းအိမ်မင်းပြန်ရတော့မယ်။ ငါက သမ္မတဖြစ်ဖို့ အရည်အချင်းမရှိတဲ့လူလို့ မင်းအမြဲပြောတယ်။ ကြည့်.. ခု ငါလာပြီ.. ငါ့စီးတော်ယာဉ်နဲ့ကို လာခဲ့တာ” ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။

ထရမ့်ကိုတွေ့တော့ အိုဘားမားရင်ထဲ မီးတောက်နေတယ်။ ပညာရှိအမြက် အပြင်မထွက်ဆိုပေမယ့် သူ့မျက်နှာက မသာမယာဖြစ်နေတယ်။

ဒါပေမယ့် ထရမ့်က အိမ်ဖြူတော်ထဲဝင်တာနဲ့ လိမ္မာသွားတဲ့ကလေးလိုပဲ.. ယဉ်ယဉ်ကျေးကျေးဖြစ်သွားတယ်။ သူက နိုင်ငံရေးသမားမဟုတ်တော့ အိမ်ဖြူတော်ထဲ တစ်ခါမှ ဝင်ဖူးတာမဟုတ်ဘူး။ သမ္မတရုံးခန်း Oval Office မှာထိုင်ဖို့ဆို ပိုဝေးပေါ့။ ခု အိမ်ဖြူတော်ထဲရောက်တော့ သူ့ပုံစံက သိုးငယ်လေးတစ်ကောင်လိုဖြစ်သွားတယ်။ သူဂဏာမငြိမ်၊ အမူအရာတွေ သဘာဝမကျပုံကို သူရဲ့ကိုယ်ဟန်အပြုအမူ (body language) ကနေ မြင်နိုင်တယ်။ သူတို့နှစ်ဦးတွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေက သက်သေပြနေပါတယ်။

တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ပေမယ့် တွေ့ကြပြီဆိုမှတော့ ဝတ်ကျေတန်းကျေစကားတွေ ယဉ်ယဉ်ကျေးကျေးဆိုရတော့တာပေါ့။ ၁၈လလုံးလုံး အပြိုင်အဆိုင် အော်ဟစ်ပြောဆိုခဲ့တာတွေ၊ အမုန်းစကားတွေကို ရင်ထဲမှာပဲ သူတို့ဖိသိပ်ထားခဲ့ကြတယ်။

ဘယ်လိုပဲ ဖုံးဖိထားသော်ငြားလည်း ဓာတ်ပုံက သက်သေပြနေပါတယ်။ ဒါကို တစ်ကမ္ဘာလုံးကလူတွေလည်း သိကြတယ်။

ဒီနေရာမှာ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ တမူထူးခြားချက်တွေကို အနည်းငယ်ပြောချင်ပါတယ်။

(၁) နှစ်၃ဝအတောအတွင်း ထရမ့်ဟာ အမှုကြီး၊ အမှုသေးအပါအဝင် အမှုပေါင်း ၃၅ဝဝလောက် ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတယ်။ သူ့စီးပွားရေးလုပ်ငန်းက ကျယ်ပြန့်တယ်၊ ကုမ္ပဏီများတယ်။ တခြားလူက သူ့ကိုအမှုဖွင့်တိုင်ထားတာနဲ့ သူက လူများကိုတိုင်ထားတာနဲ့ အခု အမှုပေါင်း ၇၅မှုကျော်လောက် ရင်ဆိုင်နေရသေးတယ်။ အမေရိကန်ုသတင်းဌာနတွေက ပြောတယ်… ဒီသမ္မတအသစ်က တရားရုံးတွေရောက်မယ့်သမ္မတတဲ့။ ဒါပေမယ့် ထရမ့်မှာ အင်အားတောင့်တင်းတဲ့ ရှေ့နေအဖွဲ့ရှိတယ်။

(၂) သမ္မတရွေးကောက်ပွဲမှာ ထရမ့်ဘာကြောင့်အနိုင်ရသလဲလို့ အမေရိကန်သတင်းဌာနတော်တော်များများနဲ့ ပညာရှင်တွေက ဝေဖန်သုံးသပ်ကြတယ်။ နိုင်တာတောင် “ဈေးပေါပေါ” နဲ့ နိုင်သွားတာပါ။ ဈေးပေါပေါဆိုတာက ရွေးကောက်ပွဲအတွက် သူ့ကုန်ကျစရိတ်မများခဲ့ဘူး။

ဟီလာရီက အဘက်ဘက်က လှူဒါန်းငွေတွေရတယ်။ ရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံတောင်ကုန်ကျခဲ့တယ်။ ရေထဲ ပလုံဆိုပြီး ကျသွားတဲ့အတိုင်းပဲ။

ထရမ့်က ၅ဝဝမီလီယံပဲကုန်တယ်။ ဟီလာရီရဲ့ထက်ဝက်လောက်ပဲ။
ထရမ့်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ “ကျုပ်က ကျုပ်ပိုက်ဆံနဲ့ရွေးကောက်ပွဲဝင်တာ” လို့ဆိုတယ်။ သူလည်း အဘက်ဘက်က လှူဒါန်းငွေတွေရတာပါပဲ။ ကြွားချင်တော့လည်း ရှာကြံကြွားတာပေါ့။ သူ့ငွေကို ၂၃%လောက်ပဲ သုံးခဲ့တာပါ။ အရင်တုန်းက ငွေများရင် နိုင်တယ်လို့ဆိုကြတယ်။ ဒီတစ်ကြိမ်မှာတော့ ငွေသုံးနည်းတဲ့ သန်းကြွယ်သူဌေးကနိုင်သွားတယ်။

(၃) ရွေးကောက်ပွဲမှာ ထရမ့်က ငွေတွေကိုသုံးခဲ့သလို ငွေလည်းရှာခဲ့သေးတယ်။ တရားဝင်တဲ့နည်းလမ်း ၅မျိုးနဲ့ ဒီရွေးကောက်ပွဲမှာ ဒေါ်လာ ၆မီလီယံကျော်လောက် သူရှာခဲ့နိုင်တယ်။

“Great Again” ဆိုတဲ့ခေါင်းစဉ်နဲ့ စာအုပ်တစ်အုပ်သူရေးခဲ့တယ်။ စာအုပ်ထွက်တာနဲ့ သူဟာ သူ့စာအုပ်သူဝယ်ပြီး လက်မှတ်ထိုးတယ်။ ပြီးတော့ မဲဆွယ်ပွဲတိုင်းမှာ လူတွေကို အခမဲ့ဝေပေးခဲ့တယ်။ ဒီလိုနဲ့ သူ့စာအုပ်ဟာ အမေရိကန်နေရာတိုင်းမှာ အရောင်းရစာရင်းဝင်ခဲ့တယ်။

ပြီးတော့ အနီရောင်ဘေ့စဘောဦးထုပ်တွေ သူထုတ်ခဲ့တယ်။ ဦးထုပ်ပေါ်မှာ “Make America Great Again” လို့ရေးထားတယ်။ ဒီဦးထုပ်လည်း အရမ်းရောင်းခဲ့ရတယ်။ များများမထုတ်မိဘူးလို့တောင် သူနောင်တရပြောခဲ့ဖူးတယ်။

သူ့ရဲ့စည်းရုံးလှုံ့ဆော်ရေးရုံးခန်းကို နယူးယောက်မြို့မှာရှိတဲ့ သူ့တိုက်ကြီးထဲမှာ ဖွင့်လှစ်ထားတယ်။ သူ့အဖွဲ့အစည်းကို ငှားရမ်းခအဖြစ် သူပိုက်ဆံကောက်တယ်။ သူ့အဖွဲ့ကို သူထမင်းဗူးတွေရောင်းပေးတယ်။ နေ့တိုင်းရောင်းတယ်။ သူ့ရဲ့ဆိုင်ခွဲတွေနဲ့ချိတ်ဆက်ထားပြီး နေရာတကာမှာရှိတဲ့ သူ့အဖွဲ့အစည်းတွေကို ထမင်းဗူးရောင်းပေးတယ်။ ထမင်းဗူးကလည်း ဈေးကြီးတယ်… တစ်ဗူး ၁၈ဒေါ်လာပေးရတယ်။

မဲဆွယ်ကာလမှာ သူနဲ့ သူ့အဖွဲ့ဝင်တွေ သူ့ကိုယ်ပိုင်လေယာဉ်စီးပြီး အမေရိကန်အနှံ့မဲဆွယ်ထွက်တယ်။ ဒါကို သူ့လေယာဉ်ငှားခကောက်တယ်။  ဒါနဲ့တင် ၅.၆ မီလီယံလောက် သူရခဲ့တယ်။

သူ့တိုက်ခန်း၊ သူ့ဟိုတယ်တွေက အမေရိကန်အနှံ့မှာရှိတယ်။ သူ ဒါမှမဟုတ် သူ့အဖွဲ့အစည်းကသုံးရင် ငှားရမ်းခပေးရတယ်။ သူ့ပိုက်ဆံ သူပေးပေါ့။ ဒါပေမယ့် များသောအားဖြင့် လှူဒါန်းထားတဲ့ငွေတွေများတော့ သူ့ပိုက်ဆံ သူပေးဆိုပေမယ့် သူ့အိတ်ကပ်ထဲ ရောက်သွားတာချည်းပါပဲ။

သူ့စီးပွားရေးအကွက်က ရိုးရှင်းတယ်၊ ဒီလိုနဲ့ ရွေးကောက်ပွဲကာလမှာ ဒေါ်လာ ၆မီလီယံကျော်လောက် သူရှာနိုင်ခဲ့တယ်။

သူ့ရဲ့စီးပွားရေးအကွက်မြင်မှုက ရှင်းရှင်းလင်းလင်းပဲ။ ဒါဟာ “ကျုပ်က စီးပွားရေးလုပ်ရင်လည်း အောင်မြင်တာမို့ နိုင်ငံရေးလုပ်ရင်လည်း အောင်မြင်မှာပဲ။ Make America Great Again” လို့ အမေရိကန်ပြည်သူတွေကို ပြောနေသလိုပါပဲ။ ဒီလိုစကားမျိုးကို ဆင်းရဲသားတွေ ကြိုက်တယ်။ နိုင်ငံတိုင်းမှာ ဆင်းရဲသူတွေက ချမ်းသာသူတွေထက် ပိုများတယ်။

အမေရိကန်ရဲ့ အဓိကအရေးပါတဲ့သတင်းဌာန ၁ဝဝလောက်ရှိတယ်။

ဒေါ်နယ်ထရမ့်ကိုတော့ သတင်းဌာန ၂ခုလောက်ကပဲ အားပေးထောက်ခံခဲ့တယ်။ အလယ်အလတ်သတင်းဌာနတွေထဲမှာ ၂ဝလောက်ပဲ သူ့ဘက်ပါတယ်။ ဟီလာရီကို အားပေးထောက်ခံတဲ့ သတင်းဌာနက ပိုများခဲ့တယ်။

ဒီသတင်းဌာနတွေရဲ့ တစ်ဘက်စောင်းနင်းကြေညာမှုတွေကလည်း အမေရိကန်သမိုင်းမှာ မရှိခဲ့ဖူးတဲ့အရာဖြစ်တယ်။

ဟီလာရီက ငွေကြေးအကုန်အကျတော်တော်များများခံပြီး သတင်းစာစက္ကူကြော်ငြာမှုတွေနဲ့ တခြားကြော်ငြာမှုတွေ အများအပြားလုပ်ခဲ့တယ်။

ထရမ့်က ငါတော့ ဒီလိုနည်းနဲ့ ပိုက်ဆံကိုမဖြုန်းချင်ဘူး။ စက္ကူကြော်ငြာတွေ အလုပ်ဘူး။ အင်တာနက်ပေါ်တက်ပြီး ထောက်ခံအားပေးမှုတွေ ရယူမယ်၊ တီဗွီသတင်းတွေမှာ နေရာယူမယ်လို့ တွေးခဲ့တယ်။

တွေးခဲ့တဲ့အတိုင်း ယမ်းနံ့တနံနံနဲ့ သူ့ပါးစပ်က စက်သေနတ်တရစပ်ပစ်တော့တာပဲ။ အမြင်မတော်တာတွေကို ကော်ဆဲတော့တာပဲ။ ဒီလိုနဲ့ တီဗွီသတင်းတိုင်း၊ သတင်းစာတိုင်းမှာ သူဟာ နေ့တိုင်းခေါင်းကြီးပိုင်းမှာ ပါခဲ့တော့တယ်။ ဟီလာရီဆီက ကြော်ငြာခယူထားတဲ့လူတွေ ထရမ့်ကိုအခမဲ့ကြော်ငြာပေးနေတော့တယ်။

ဒါကို သူက အားရစွာနဲ့ “လူအ,တွေကမှ ကြော်ငြာခအတွက် ငွေကုန်ကြေးကျခံတာ”လို့ဆိုတယ်။

သူဟာ တစ်ကမ္ဘာလုံးကလူတွေကို ၁၈လလောက် ဖြေဖျော်ခဲ့သူပေါ့။ နိုဝင်ဘာ ၉ရက်နေ့မှာ သမ္မတအဖြစ် အနိုင်ရသွားသူ၊ လူတကာကို အံ့သြ ထူးဆန်းစေခဲ့သူပဲ မဟုတ်လား…

သမ္မတဖြစ်ရင် သမ္မတလစာ(တစ်နှစ်စာ) ဒေါ်လာ ၄ သိန်းကို သူမယူဘူး၊ ၁ ဒေါ်လာ လုပ်အားခပဲ သူယူမယ်လို့ဆိုတယ်။ အမေရိကန်သမိုင်းမှာ သမ္မတ Herbert Hoover၊ သမ္မတ John F. Kennedy တို့ကလည်း သမ္မတလစာမယူခဲ့သူတွေပေါ့။ ထရမ့်ကတော့ နံပါတ်၃ယောက်မြောက်ဖြစ်တယ်။

အခု ဒေါ်နယ်ထရမ့်က မူမှန်ပုံမှန်ဖြစ်သွားပြီ။ ရွေးကောက်ပွဲကာလ၊ မဲဆွယ်ကာလတုန်းကလို တစ်ဇွတ်ထိုး ဟော့ဟော့ရမ်းရမ်းမဆဲမဆိုတော့ဘူး။ လေကြီးမိုးကြီးပြောခဲ့တဲ့ သူစကားတွေကို စပြီး ထိန်းညှိပြင်ဆင်နေပုံပါပဲ။ သမ္မတဇာတ်ခုံပေါ်မှာ သူဘယ်လိုရှေ့ဆက်ကပြမယ်ဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြမှာတော့ အမှန်ပါပဲလေ...

----

ဗဟုသုတအလို့ငှာ ဖတ်မိသမျှ ဘာသာပြန်မျှဝေပါသည်။

#NineNineSaNay နိုင်းနိုင်းစနေ (Dec. 3. 2016)

No comments:

Post a Comment