Latest News

Thursday, March 16, 2017

အိမ်ထောင်ရေးဆိုတဲ့ ကားတစ်စီး

အိမ်ထောင်ရေးဆိုတဲ့ ကားတစ်စီး

အိမ်ထောင်ရေးဆိုတာ ကားစီးတာနဲ့တူတယ်၊
ယောက်ျားက ကားမောင်းသူ၊
မိန်းမက အရံကားမောင်းသူပေါ့။

အိမ်ထောင်မကျခင်တုန်းက
ယောက်ျားက ကားမောင်းတဲ့သူ၊
မိန်းမက ကားစောင့်တဲ့သူဖြစ်တယ်။

လူတိုင်းက မာစီတီး၊ BMW စတဲ့
ကားအကောင်းစားတွေ စီးချင်ကြတယ်။
ဒီလိုကားတွေက သိပ်တော့မများဘူး၊
တစ်ခါတလေ တစ်စီးတလေဖြတ်မောင်းသွားတာတော့ရှိတယ်။
ဖြတ်မောင်းသွားတဲ့ကားပေါ်မှာ လူပါနေတာလည်းရှိတယ်။
တချို့ကလည်း ရပ်မပေးချင်ကြဘူး။

တကယ်လို့ မာစီတီးကားတစ်စီး သင့်ရှေ့မှာရပ်လို့
ကားပေါ်ကနေ ခန့်ညားချောမောတဲ့ယောက်ျားတစ်ယောက်က
သင့်ကို လက်ကမ်းခေါ်ခဲ့ရင်
အဲဒီကားပေါ် သင်တက်ရဲလား...
ဒီကားနဲ့ ဘဝတစ်သက်တာခရီးကို သင်ဖြတ်သန်းချင်ပေမယ့်
သူဟာ သင့်ကို ကားကြုံလိုက်ခွင့်ပြုတာလည်းဖြစ်နိုင်တယ်၊
သင့်ကို အချိန်မရွေး ကားပေါ်က သူဆင်းခိုင်းနိုင်ပါတယ်။

အသိဉာဏ်ရှိတဲ့မိန်းမက သူနဲ့သင့်တော်တဲ့ကားကို စောင့်တတ်တယ်။
ရိုးရိုးကားတစ်စင်းကိုစီးပြီး လမ်းတလျှောက်ဖြည်းဖြည်းမှန်မှန်မောင်းတယ်။
ခရီးလမ်းမှာတွေ့တဲ့ ရှုခင်းတွေကို ခံစားတယ်။
ကိုယ်နဲ့သင့်တော်တဲ့ကားက လုံခြုံတယ်၊
စိတ်ချရတယ်၊ စိတ်ချမ်းသာရတယ်။

ကားမောင်းတဲ့ယောက်ျားက ရိုးရိုးသာမန်ကားတစ်စင်းမောင်းရလို့ဆိုပြီး
သင့်အပေါ် အားနာစိတ်လေးဖြစ်ကောင်းဖြစ်မယ်။
ဒါပေမယ့် သူဟာ ယာဉ်စည်းကမ်းကိုလိုက်နာတယ်၊
သင့်အကြံဉာဏ်ကို နားထောင်တယ်၊
သင့်အတွေးကို လေးစားတယ်။
သင့်ကို ကားရဲ့အရှင်သခင်ဖြစ်ခွင့်ပေးတယ်၊
သူကတော့ သင့်ရဲ့ ကားမောင်းသူတစ်ယောက်ပဲပေါ့။

ကားကလည်း လမ်းပျောက်တတ်တယ်၊ ပျက်တတ်တယ်။
အဲဒီလို လမ်းပျောက်ချိန်၊ ပျက်ချိန်မှာ ယောက်ျားက...
"မင်း လမ်းလျှောက်ညွှန်လို့ လမ်းပျောက်ပြီ ကြည့်စမ်း" လို့
အပြစ်ဆိုလို့ မရဘူး။
စတီယာရင်က သင့်လက်ထဲမှာပါ..
တခြားသူကို ဘာလို့သွားအပြစ်ဆိုရမလဲ။
မိန်းမကလည်း....
"နင့်ကားနဲ့လိုက်ရတာ ငါနောင်တရတယ်"လို့ ပြောလို့မရဘူး၊
စစတည်းက သင့်ကို ဒီကားပေါ် သူအဓမ္မဆွဲတင်ခဲ့တာမှ မဟုတ်တာ။

ကားက လမ်းတစ်ဝက်မှာ ပျက်ပြီး
ရှေ့ဆက်မရတဲ့အခြေအနေလည်း အကြိမ်ကြိမ်ရှိတတ်တယ်။
အဲဒီအခါ ယောက်ျားနဲ့မိန်းမက အဲဒီကားကိုပစ်ပြီး
သူ့လမ်း ကိုယ့်လမ်းလျှောက်ကြတော့တယ်။
ယောက်ျားက တခြားမိန်းမမောင်းတဲ့ကားကို စောင့်တယ်။
မိန်းမက အရံမောင်းသူမရှိတဲ့ နောက်ကားတစ်စီးကို စောင့်တယ်။

တခြားလူရဲ့ကားကိုမောင်းကြည့်မှ
ကားဟာ အရင်ကားလောက်မောင်းရတာ မကောင်းကြောင်း
ယောက်ျားက သိတယ်။
တခြားကားပေါ်ရောက်မှ
ဒီကားမောင်းသူဟာ အရံကားမောင်းသူရဲ့အကြံဉာဏ်ကို
နားမထောင်၊ မလေးစားကြောင်း မိန်းမကသိတယ်။
ကားကလည်း အရင်ကားထက် ခဏခဏပျက်ကြောင်းသိတော့တယ်။
ဒါပေမယ့် အရင့်ကားနဲ့ သူတို့ထပ်ခရီးမဆက်နိုင်တော့ကြောင်း
အဲဒီအခါကျမှ ယောက်ျားနဲ့မိန်းမက သိတော့တယ်။

အိမ်ထောင်ရေးက ကားစီးတာနဲ့တူတယ်။
အချင်းချင်းတန်ဖိုးထားရင်း ခရီးအတူဆက်ကြရတယ်။

wechat မှာဖတ်မိတာလေး သဘောကျလို့ ဘာသာပြန်မျှဝေပါတယ်။

#NineNineSaNay နိုင်းနိုင်း ( စနေ )

No comments:

Post a Comment