Latest News

Sunday, March 12, 2017

မြတ်စောညီနောင် ဘုရားပွဲ နွားလှည်းဖြင့် ဘုရားဖူးလာသူ နည်း

မြတ်စောညီနောင် ဘုရားပွဲ နွားလှည်းဖြင့် ဘုရားဖူးလာသူ နည်း

တောင်ငူ၊ မတ် ၁၂

တောင်ငူမြို့ အရှေ့ဘက် ကိုးမိုင်ခန့်အကွာ သမိုင်းဝင် မြတ်စောညီနောင် ဘုရားပွဲသို့ ဒေသတွင်း ကျေးရွာများမှ နွားလှည်းဖြင့် ဘုရားဖူးလာသူ တစ်နှစ်ထက်တစ်နှစ် နည်းလာကြောင်း ဘုရားဖူး လာရောက်သူများက ပြောကြားသည်။

မြတ်စောညီနောင် ဘုရားပွဲကို တပေါင်းလဆန်း ကိုးရက်မှ လပြည့်ကျော် တစ်ရက်အထိ ရှစ်ရက်တိုင်တိုင် နှစ်စဉ်ကျင်းပလေ့ ရှိပြီး စည်းကားသည့် ဘုရားပွဲတော်လည်း ဖြစ်သည်။

ယခင်က ဒေသခံများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဆက်နွှယ်သည့် ကြက်သောင်းနောင် နတ်မောင်နှမကို တောင်ငူရိုးရာ မုန့်ဟင်းခါး ကိုယ်တိုင်ချက်ပြုတ် ပူဇော်ပသရန် လှည်းဖြင့် စားအိုးစားခွက်အပြည့်တင်၍ လပြည့်နေ့မတိုင်မီ ပွဲတော်ကွင်းပြင်သို့ လာရောက်ချုပ်ပြုတ်လေ့ ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုအခါတွင် မိမိတို့ နေအိမ်မှ အသင့်ချက်ပြုတ်ပြီး ဆိုင်ကယ်၊ ဂွန်း ဒေါင်းများဖြင့် တင်၍ နံနက်ခင်းပိုင်း ဆက်သကာ နေ့လယ်ခင်းပိုင်း ဆွမ်းတော်ကြီး လောင်းပြီးပါက အိမ်သို့ပြန်သူ များလာခြင်းက လှည်းဖြင့် လာရောက်နေထိုင် ဘုရားဖူးသူ နည်းလာသည့် အကြောင်းအရင်းတစ်ချက် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ပွဲတော်ရက် (လပြည့်နေ့) ဆို ပရိတ်သက်က သိန်းချီရှိတယ်။ လှည်းဝိုင်းတွေကို သူ ရွာအလိုက် နောင်တော်နဲ့ ညီတော်ဘုရားကြား ကွက်လပ်မှာ နေရာချပေးထားတယ်။ အရင်လေး၊ ငါးနှစ်လောက်ကဆို လှည်းစင်းရေ ရာနဲ့ချီ ရှိတယ်။ အဖိတ်နေ့မှာကို ကူတို့ဆိပ်က ဖြတ်သွားတဲ့ လှည်းစီးရေ နှစ်ဆယ်တောင် မပြည့်ဘူး။ မနှစ်ကတောင် လှည်းတစ်ရာကျော်တယ်” ဟု တောင်ငူမြို့နယ် ရှမ်းဝါးတီးကျေးရွာ ကူတို့ဆိပ်မှ ဦးအိုက်ဦးက ပြောကြားသည်။

မြတ်စောညီနောင် ဘုရားပွဲကို လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော် ကတည်းက ကျင်းပပြုလုပ်ခဲ့ပြီး ၁၉၆၀ မတိုင်မီ ရောင်စုံသူပုန် သောင်းကျန်းသူများနှင့် တပ်မတော်အကြား လက်နတ်ကိုင်တိုက်ပွဲများ ဖြစ်ကြသည့်အခါ၌ပင် ပွဲတော်ရက်များတွင် ဒေသတွင်း ပရိတ်သတ်များဖြင့် စည်ကားခဲ့ကြောင်း တောင်ငူမြို့ခံ အသက် ၇၀ ကျော်ခန့်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ဘုရားပွဲတော်ရက်များအတွင်း မြို့နယ်လုံးကျွတ် ဆွမ်းကြီးလောင်းပွဲကို နှစ်စဉ်ထည့်သွင်းကျင်းပပြီး ပွဲတော်အစည်ကားဆုံး ဖြတ်သည့် လပြည့်နေ့တွင် ညီတော်နှင့် နောင်တော်ဘုရားရင်ပြင် သာမက သောက်ရေခပ်ချောင်းနှင့် ပြုံးချောင်းတစ်ဝိုက် ပွဲတော်လာ ပရိသတ် သိန်းနှင့်ချီသော်လည်း ယခုအခါ လာရောက်သူ နည်းပါးလာကြောင်း ဒေသခံများက ပြောဆိုသည်။

မြတ်စောညီနောင်ဘုရား မူလအလှူရှင်မှာ မောင်မြတ်လှနှင့် မောင်စောလှ ညီနောင်ဖြစ်သည်။

သီရိဓမ္မာ သောကမင်းကြီးထံမှ ရရှိသော ဘုရားရှင်၏ အောက်မေးရိုးတော်နှင့် လက်ရုံးတော် ဓါတ်တော် နှစ်ဆူဖြင့် သာသနာနှစ်၂၃၆၊ ဘီစီ-၃၀၈ ခန့်က တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပြီး နောင်တော်နှင့် ညီတော် စေတီနှစ်ဆူ ရှိကြောင်း တောင်ငူမြို့ ၊ မြတ်စောညီနောင်ဘုရား ရန်ကုန်ကျောင်းတိုက် ဆရာတော် သာသနာ့ယောဓအရှင်သီလဝံသ၏ ဘုရားသမိုင်းစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။

R-15
ဓာတ်ပုံ - ဇေယျာကို

The Voice

No comments:

Post a Comment