Latest News

Friday, March 17, 2017

၂ဝ၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးကျင်းပမည်

၂ဝ၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးကျင်းပမည်

ရန်ကုန် မတ် ၁၇

မတ် ၁၈ ရက် (စနေနေ့) ညနေတွင် ကျင်းပမည့် ၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်းဝင် အထွတ်အမြတ်ဖြစ်သည့် ရွှေတိဂုံစေတီတော် မြင်ကွင်းနောက်ခံကြောင့်လည်း ဂါရဝတရားနှင့် အလေးအမြတ်ထားမှု ဒီဇိုင်းအပြင်အဆင်နှင့်အတူ အကယ်ဒမီ စတိတ်စင်မြင့်နှင့် ကြိုတင်ပြင်ဆင်မှုမှာ ပြီးစီးနေပြီဖြစ်သည်။

ပြည်သူ့ရင်ပြင် လွှတ်တော်ရှေ့ဝင်ပေါက်တွင် အကယ်ဒမီရွှေစင်ရုပ်တုရှိ ကြယ်ပွင့်နှစ်ပွင့် ကို ဝင်ပေါက်မုခ်ဦးအဖြစ် ပြင်ဆင်ထားပြီး ယင်းမုခ်ဦးမှ အခမ်းအနား ကျင်းပရာသို့ ဝင်ရောက်ရာတွင်လည်း မြန်မာ့ရုပ်ရှင် နှစ် (၁ဝဝ) ပြည့် အကြိုအဖြစ် အကယ်ဒမီရုပ်တု ၁ဝဝ ကိုလည်း ယခုနှစ်တွင် ထူးထူးခြားခြား ထား ရှိထားသည်။ ရွှေတိဂုံစေတီတော်ကြီးနှင့် လွှတ်တော်ရုံးကြား တွင် တည်ဆောက်ထားသည့် အကယ်ဒမီစင်မြင့်ထက် တွင်လည်း ကြယ်ပွင့်ဆွတ်ခူး နေသည့် အကယ်ဒမီရုပ်တု နှစ်ခုကိုခြံရံလျက် ရိုးရှင်းသော စင်မြင့် နောက်ခံဒီဇိုင်းဖြင့် ပြင်ဆင်ထားသည်။ စင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်တွင် ပရိုဂျက်တာများကို ထားရှိထားသည်။ သတင်းမီဒီယာများအတွက် သီးသန့်ရိုက်ကူးရေး နေရာများကို သတ်မှတ်ထားသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ထူးခြားသော စင်မြင့်၊ မုခ်ဦး အပြင်အဆင်များနှင့်အတူ ဖွင့်ပွဲအခမ်းအနားတွင် ရွှေတိဂုံစေတီတော်ကြီးအား ပူဇော်ပသသည့်အစီအစဉ်ဖြင့် စတင်မည်ဖြစ်ပြီး မြန်မာ့ ရုပ်ရှင်လောကသား များက ပါဝင်ကာ ဖျော်ဖြေတင်ဆက်မှုများကို ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အစီအစဉ် များထဲတွင် ရုပ်ရှင် နှစ် ၁ဝဝ ဆီသို့ဟူသော ခေါင်းစဉ်ဖြင့် မြန်မာ့ရုပ်ရှင် စတင်ခဲ့သည့်ခေတ်မှ ခေတ်အဆက်ဆက် ရုပ်ရှင်ဇာတ်ဝင်တေး များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းဆင်းများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်လည်း ပါဝင်မည်ဟု သိရသည်။

ယဉ်ကျေးမှုနှင့်အညီ ထူးခြားသော ဖျော်ဖြေတင်ဆက်မှုများ၊ မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ကိုကြိုဆိုသည့် နှစ် ၁ဝဝ ဆီသို့ ရည်မှန်းတင်ဆက်မှုများနှင့်အတူ ၂ဝ၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို မတ် ၁၈ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။ ရုပ်ရှင်လောကသား အင်အား ၃ဝဝဝ ခန့် တက်ရောက်နိုင်သည့် နေရာဖြစ်ပြီး ယာဉ်ရပ်နားရန်နေရာ အဆင်ပြေသည့်အနေအထားများကြောင့် အဆိုပါနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီစာရင်းဝင် ဇာတ်ကားပေါင်း ၃၃ ကားအထိ ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား ၁၂ ကား၊ ၂ဝ၁၄ ခုနှစ်အတွက် အကယ်ဒမီစာရင်း ဝင်ဇာတ် ကား ၁၇ ကား ရှိခဲ့ရာ ၂ဝ၁၆ ခုနှစ်အတွက် ထူးချွန်ဆု ရွေးချယ်ရမည့် ဇာတ်ကားအရေအတွက် များပြားခဲ့ခြင်းနှင့်အတူ ဆန်ခါတင် စာရင်းဝင်ဇာတ် ကား ၁ဝ ကားခန့် ရှိသည့်အတွက်ကြောင့်လည်း ခန့်မှန်းရခက်ပြီး ရင်ခုန်ရမည့် အကယ်ဒမီဆုပေးအပ်ပွဲဖြစ်နိုင်ကြောင်း ရုင်ရှင် လောကသားများက သုံးသပ် သည်။ ယင်းအပြင် အထူးဆုကိုလည်း ထူးခြားသည့် အနုပညာရှင်၊ အတတ် ပညာ ရှင်ရှိပါက ချီးမြှင့်သွားမည်ဖြစ်ရာ မျှော်လင့်စိတ်လှုပ်ရှားစွာဖြင့် ရုပ်ရှင်လောက သားများက စောင့်မျှော်နေကြသည်။
ဆုနှင်းလဲ့၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment