Latest News

Tuesday, March 14, 2017

နမ္မတူရွာသားအချို့ပြန်လွတ်မြောက်၊ ခေါ်ယူဆွေးနွေးခြင်းသာဖြစ်ဟု တီအန်အယ်လ်အေထုတ်ပြန်

နမ္မတူရွာသားအချို့ပြန်လွတ်မြောက်၊ ခေါ်ယူဆွေးနွေးခြင်းသာဖြစ်ဟု တီအန်အယ်လ်အေထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲရှိ  ရွာသား ၉၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားတာမဟုတ်ဘဲ ခေါ်ယူတွေ့ဆုံ ဆွေးနွေးခြင်းသာ ဖြစ်တယ်လို့  တီအန်အယ်လ်အေ  တအာန်း ပလောင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

တီအန်အယ်လ်အေလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ သူတို့နယ်မြေဒေသအလိုက် ရွာသား တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်နေကျဖြစ်ပြီး အခြေအနေအရ စခန်းမှာခေါ်ယူဆွေးနွေး တာလည်း ရှိတယ်လို့  တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ဖမ်းသွားတာတော့ မဟုတ်ဘူး။  ဆွေးနွေးပွဲကတော့ အောက်ခြေက သူ့တပ်ရင်းအလိုက် သူ့နယ်မြေ ဒေသအလိုက်တော့ လုပ်တာတော့ ရှိတယ်။ ခေါ်ယူဆွေးနွေးတယ်ဆိုတာ တချို့နေရာက ကျနော်တို့ သွားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲနဲ့မို့လို့ ရန်သူ့အခြေအနေလည်း ကြည့်ရ တာပေါ့။ ဆွေးနွေးတဲ့အကြောင်းအရာလည်း နယ်မြေအလိုက်ပေါ့။ တချို့နေရာမှာ မူးယစ်ဆေးဝါး အကြောင်းတွေ၊ ပညာပေးတွေပေါ့။ ကျနော်တို့လုပ်ရပ်ပေါ်မှာ တချို့လူထုအမြင်မှားနေတာ ရှိတယ်။ ပြန်ရှင်းပြ တယ်။ အထက်ကနေ သွားလုပ်တာတော့ ရှားတယ်၊ သူ့နယ်မြေထဲမှာဘဲသူ လုပ်တာပါ။”

တီအန်အယ်လ်အေ တပ်မဟာ (၁)အဖွဲ့ဝင်တွေဟာ  ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က နမ္မတူမြို့နယ် မိုင်းတတ်၊ နောင်စန့်၊ မောတောဝ်၊ မောနွဲ့ စတဲ့ရွာက လူထု ၉၀ ကျော်ကို သွားရောက်ဖိတ်ခေါ်ပြီး သူတို့စခန်းမှာ ဒေသတည်ငြိမ်ရေး၊ လွတ်လပ်စွာရောင်းဝယ်ရေး၊ လုံခြုံရေး နဲ့   ရှမ်းပြည်တပ်မတော် RCSS/SSA ဒေသထဲဝင်လာမှုကြောင့် တွေ့ရတဲ့အခက်အခဲ ကူညီဖေးမဖို့ တဦးချင်းမေးမြန်းစုံစမ်းခဲ့ တယ်လို့ တီအန်အယ်လ်အေရဲ့ မတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒ့ါအပြင် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းမှာ ရွာသားတွေကို ချောချောမောမော ပြန်ပို့ပေးခဲ့ပြီ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုင်းတတ်ကျေးရွာအုပ်စုရှိ ရပ်မိရပ်ဖတဦးကလည်း သူတို့ဆီက ရွာသားပေါင်း ၃၇ ဦး လွတ်လာပြီဖြစ်ပြီး ၂ ယောက်ကိုတော့ အာရ်စီအက်စ်အက်စ်လူလို့ စွပ်စွဲဖမ်းဆီးထားတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“တခြားရွာကလူတွေတော့ ပြန်ရောက်မရောက်မသိဘူးနော်။ ကျနော်တို့အုပ်စုထဲကတော့ ၃၉ ယောက်ခေါ်သွားတာ ၃၇ ယောက်ဘဲ ပြန်ရောက်လာတယ်၊ ညနေ ၃ နာရီခွဲက လွှတ်လိုက်ပြီး တညလုံးခြေလျင်လျှောက်လာကြတာ ည ၁၀ နာရီကျော်မှ ရွာပြန်ရောက်တယ်။ သူတို့စခန်းမှာ တညအိပ်ရတယ်၊ အိပ်ယာမရှိဘာမရှိနဲ့၊ ဒီတိုင်းအိပ်ရတယ်တဲ့၊ ကျန်တဲ့ ၂ ယောက်က အာရ်စီ အက်စ်အက်စ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းထားတယ်။ သူတို့ ၂ ယောက်က ရိုးရိုး ရွာသားပါဗျာ။ အသက်လည်းကြီးပြီ။ ၂ ယောက်လုံး ၅၀ ကျော်ပြီ၊ လုံးစိုင်းနွမ်နဲ့ လုံးအိုက်ကြီး လို့ခေါ်တယ်။”

တီအန်အယ်လ်အေစခန်းမှာ မတ်လ ၆ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ မိုင်းမော်ရွာက ပလောင်လူမျိုးတယောက်ရှိကြောင်း၊ သူ့ကိုလည်း ရိုက်နှက်ထားပြီး  မတ်လ ၁၂ ရက်နေ့က ခေါ်သွားတဲ့ ရွာသား ၉၀ ကျော်ကို ပြကာ  အာရ်စီအက်စ်အက်စ်နဲ့ ဆက်သွယ်တဲ့လူကို  လက်ညှိုးထိုးပြခိုင်းကြောင်း၊ သူက လက်ညှိုးထိုးခံရတဲ့သူတွေကို ပြန်မလွှတ်ပေးဘူးလို့  ပြန်ရောက် လာတဲ့ ရွာသားတွေက ပြောတယ်လို့ ဆိုပါတယ်။

မိုင်းမော်ရွာသားတချို့လည်း ပြန်လွတ်လာတယ်လို့ သိရပေမယ့် ဘယ်နှစ်ဦးလွတ်လာ တယ်ဆိုတာ မသိရကြောင်း၊  အဲဒီထဲက လုံးမောက်ဆိုင်ဆိုတဲ့ အဖိုးကြီးကတော့ ဘာပြောမှား ဆိုမှားရှိလဲမသိရ ဂုံနီအိတ်နဲ့ ခေါင်းကိုစွပ်ပြီး သေလုမျောပါး အရိုက်ခံရတယ်လို့  ပြန်လွတ်လာသူ တွေက ပြောတယ်လို့ ဆိုပါတယ်။  

တီအန်အယ်လ်အေအနေနဲ့ မေးမြန်းစရာရှိရင် ရွာမှာဘဲ လာမေးသင့်ကြောင်း ၊ အခုလို အစုလို့အပြုံလိုက် စခန်းကိုခေါ်သွားတဲ့အတွက်  တရွာလုံးထိတ်လန့်ပြီး  ဘုန်းကြီးကျောင်းမှာ သွားရောက်တိမ်းရှောင်နေရလို့ ရွာမှာလူမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံရွာသားက ပြောပါတယ်။

တီအန်အယ်လ်ေအ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်ကတော့ ရွာသားတွေကို ပစ်သတ်တာ ၊ ရိုက်နှက်ညင်းဆဲတာတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

DVB

No comments:

Post a Comment