Latest News

Sunday, March 5, 2017

‘မြင်းခွာတစ်ချက်ရဲ့ ဘ၀မှတ်တမ်း’

‘မြင်းခွာတစ်ချက်ရဲ့ ဘ၀မှတ်တမ်း’


မြင်းခွာတစ်ချက်ပေါက်လျှင်

“မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းထောက်ရမည်” လို့ ဆိုခဲ့သူ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းမှာ ထင်ရှားခဲ့သူ သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့က အင်းဝမြို့ ကိုင်းတန်းရပ်မှာ အဖပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့ပါတယ်။ မွေးချင်း ခုနစ်ယောက်အနက် နို့ညှာဖြစ်ပြီး အမည်ရင်းက မောင်ဗဟိန်းပါ။

ငယ်စဉ်က အင်းဝမြို့ မူလတန်းကျောင်း၊ မန္တလေး အေဘီအမ် မိန်းကလေးကျောင်း၊ သကျသီဟဘုရားအနီး ဆရာငုံကျောင်းနဲ့ မန္တလေး အမျိုးသားအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။ ၁၉၃၅ မှာတက္ကသိုလ် ၀င်တန်းစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရာဇ၀င် (သမိုင်း) ဘာသာ သုံးခုစလုံး ဂုဏ်ထူးရခဲ့တယ်။ ၁၉၃၅ - ၃၇ မန္တလေး ဥပစာကောလိပ်မှာ ပညာဆက်လက်သင်ယူပြီး ၁၉၃၆ - ၃၇ အိုင်အေအထက်တန်းကို ပါဠိဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ရောက်လာခဲ့ပြီး ၁၉၃၈ - ၃၉ ဘီအေ အထက်တန်း ပညာသင်ကြားနေစဉ် ရေနံမြေသပိတ် ပေါ်ပေါက်လာရာ နိုင်ငံရေးလောကသို့ အချိန်ပြည့် ၀င်ရောက်ဆောင်ရွက်ခဲ့ပါတော့တယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ ဘောလုံးအားကစားကွင်းအတွင်းက သခင်ဗဟိန်း အုတ်ဂူဟောင်းကို မန်းမြို့တော်စည်ပင်မှ ရှာဖွေတူးဖော်လျက်ရှိပြီး တွေ့ရှိပါက အာဇာနည်ဗိမာန်သို့ ပြောင်းရွှေ့သွားမှာပါတဲ့။ သခင်ဗဟိန်းအုတ်ဂူလို့ ယူဆရတဲ့အုတ်ဂူကို မဟာအောင်မြေဘောလုံးကွင်းအတွင်း ရှာဖွေလျက်ရှိပြီး အထောက်အထား ခိုင်လုံစွာတွေ့ရှိပါက ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီအရပ်ရှိ  မန်းအာဇာနည် (၁၇) ဦးဗိမာန်သို့ ပြောင်းရွှေ့သွားမှာဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။ “အခု သခင်ဗဟိန်းအုတ်ဂူကို လိုက်ရှာနေပါတယ်။ တွေ့ရင်တော့ အာဇာနည်ဗိမာန်မှာပဲ ထားသွားမှာပါ။ ဒီနေ့ (မတ်လ ၂ရက်) ကစပြီး မဟာအောင်မြေဘောလုံးကွင်း၊ သင်္ဂဇာချောင်းအနီးမှာ ရှာဖွေတူးဖော်လျက် ရှိပါတယ်။ တကယ်လို့ မတွေ့ခဲ့ဘူးဆိုရင်တောင် သခင်ဗဟိန်းအထိမ်းအမှတ်ကို အာဇာနည်ဗိမာန်မှာ လုပ်ဆောင်သွားမှာပါ” လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။ မတ်လ ၄ ရက်နေ့အထိ ရှာဆဲပါ။



အင်းဝဂုဏ်ရည်

ကိုဗဟိန်းတို့ အင်းဝသား ကဗျာစာဆို စာရေးသူရဲ့ဘထွေး ကိုလေး (အင်းဝဂုဏ်ရည်) ကတော့ “အင်းဝ သားချင်းဆိုပေမယ့် ဘထွေးအရွယ်ပါ။ ကျွန်တော်လူဖြစ်တော့ ကိုဗဟိန်း ရန်ကုန်မှာပါ။ သူ့အဖေ ဘကြီးမှင် အမေကြီးဒေါ်ဦး၊ အစ်မများ မသိန်း မမကြီး မမလေး ကိုထွန်းအောင်တို့ကို သိပါတယ်။ အေရုံထဲ ဆန်ရောင်းပါတယ်။၂၉ လမ်း၊ ၈၃လမ်းထောင့် (မန္တလေး) မှာ ၀န်ကြီးချုပ်ဦးနုက အိုင်ဘီပီဓာတ်ဆီ (တိုင်) ဘကြီးမှင်တို့ကို ပေးတာသိပါတယ်။ မမလေးက တံတားဦးဈေးအတွင်း ဈေးထွက်နေရစ်ခဲ့ပါတယ်။ သူ့ယောက်ျား ကိုသောင်းဖေနဲ့ မျက်နှာချင်းဆိုင် အိမ်မှာနေသွားပါတယ်။ ကိုဗဟိန်း မမာနေတာ သတင်းစာဖတ်ခွင့်မပေး။ သတင်းစာအပိုင်းလေးထဲ ကွန်မြူနစ်ပါတီ ထုတ်လိုက်ပြီဆိုတာ ဖတ်ရပြီး ဆုံးရှာတာပဲ” လို့ အဖေတို့က ပြောပါတယ်။ မန္တလေးမှာဆုံးတာပါ။ ညီညွတ်ရေးကို အလွန်မြတ်နိုးသူပါ။ စနစ်ဟောင်းကို တိုက်ဖျက်ဖို့ တော်လှန်စိတ်ဓာတ် ၅၂ နှစ်ဗျာ။ အတိုင်းအတာတစ်ခုထိ ရရှိလာပြီ။ ဒီစိတ်ရဲ့အရှိန်နှုန်း လျှော့ကြစို့။ (ရပ်ဖို့မဟုတ်ဘူးနော်) ငြိမ်းချမ်းရေး ဒီစိတ်နဲ့မရပါ။

ရွှေရောင် အနာဂတ်ပြည်ဒါနဲ့ မတည်ဆောက်နိုင်ပါဘူး ။ စပိလျှော့ပြီး ညီညွတ်ရေး ညီညွတ်ရေး ကိုဗဟိန်းချစ်တဲ့ ညီညွတ်ရေးရအောင် လုပ်ကြပါစို့။ လို့ ကိုဗဟိန်းရာပြည့် (၁၉၁၇ - ၂၀၁၇) အမှတ်တရစကားပြောတယ်။



နှစ်တရာ မဟာဟိန်း

ငါတို့အင်းဝရဲ့ ဗဟိန်းတဲ့လာ့း့

မဟုတ်ဘူး လုံးဝ မဟုတ်ဘူး

ဗမာပြည်ရဲ့

ပြည်ထောင်စုရဲ့ ဗဟိန့်း့

အများအကျိုး သည်ပိုးသတဲ့လာ့း့

မဟုတ်ဘူး လုံးဝမဟုတ်ဘူး

ဒူးနဲ့တိုက်ရမယ့်လူ

လည်ပင်းဖက်ရမယ့်လူ

လူတွေကို သိသူ

ဒီလူဟာ ဗဟိန့်း့

ညီညွတ်စေချင်လိုက်တာ

မကွဲစေချင်လိုက်တာ

ခွဲလိုက်ပြီလို့ သိတာနဲ့

အသက်ထွက်တော့တာပဲ

အဲဒါ ဗဟိန့်း့ဗဟိန်းလမ်း

ဗဟိန်းအဘိဓမ္မာ

သိတာနဲ့တပြိုင်နက်

ဆက်လျှောက့့်

ကိုလေး (အင်းဝဂုဏ်ရည်)

အထက်တန်းကျောင်းသားဘ၀က တည်းက မျိုးချစ်စိတ်ထက်သန်ကာ ကျောင်းသားများသမဂ္ဂတွင် ပါဝင်ဆောင်ရွက်ခဲ့သူပါ။ မန္တလေးပါတော်မူနေ့ အထိမ်းအမှတ် ဆီမီးဖယောင်းထွန်းညှိရန် စတင်လှုံ့ဆော်ခဲ့သူပါ။ ၁၉၃၅ - ၃၆ ခုနှစ် မန္တလေး ဥပစာကောလိပ်ကျောင်းသား သမဂ္ဂခေါင်းဆောင်အဖြစ် ၁၉၃၆ ဖေဖေါ်ဝါရီ ၁၅ မှာစခဲ့တဲ့  ဒုတိယကျောင်းသားသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့ပြီး သပိတ်အတွင်း စစ်ကိုင်းအထက်တန်းကျောင်း သွားကာ ဦးဆောင်သပိတ်တားရာမှာ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနဲ့ တပည့်စကောက်အဖွဲ့ဝင် ကျောင်းသားများ ၀ိုင်းရိုက်ရာ ဒဏ်ရာရရှိခဲ့ပါတယ်။

၁၉၃၇ မေ ၉ ရက်၊ ၁၀ရက်မှာ ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ညီလာခံကို မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းမှာ ကျင်းပတော့ ကိုဗဟိန်းက ညီလာခံ ဧည့်ခံကြိုဆိုရေးဥက္ကဋ္ဌပါ။ အဆိုပါညီလာခံသို့ အိန္ဒိယကွန်ဂရက် ပါတီခေါင်းဆောင် နေရူးနဲ့ သမီးအင်ဒီရာတို့ တက်ရောက်ပြီး  ကိုအောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တယ်။

 ၁၉၃၇ - ၃၈ မှာ ကိုဗဟိန်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) နဲ့ ဗမာနိုင်ငံနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်လာတယ်။ ၁၉၃၇-၃၈ မှာ ဗကသမှ သုံးလတစ်ကြိမ်ထုတ်ဝေသည့် “မျိုးညွန့်” မဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့တယ်။

       

ဒဂုန်တာရာ ရုပ်ပုံလွှာ

ကိုဗဟိန်းက စာပေ၀ါသနာထုံပြီး  ဂီတကိုလည်းမြတ်နိုးသူပါ။ ကာလပေါ် ဗမာ့ဂီတ အခြေအနေကို စမ်းဝါးမိသူပါ။ ဆရာဒဂုန်တာရာက သူ၏ “ရုပ်ပုံလွှာ” စာအုပ်တွင် “ကိုဗဟိန်း သို့မဟုတ် ကဗျာ” ခေါင်းစဉ်တပ်ပြီး  “အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာတစ်ယောက် ဖြစ်မည်ဟု ကျွန်တော်ထင်သည်။ သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မတ်စ်၏ ကွန်မြူနစ်စာပေ ပရိယတ္တိကိုသာမဟုတ်၊ အနုစာပေစသည်ကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။ တစ်ခါကသူသည် နွေရာသီကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ်၊ ဂေါ်ကီ၏၀တ္ထုတို တစ်ပုဒ်ကို ဗမာလိုဆီလျော်အောင် ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ၀တ္ထုတိုကို ရေးလေသည်။ သူ၏၀တ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစင် မဂ္ဂဇင်းတွင်ပါသည်။ ကိုဗဟိန်းရေးသော ၀တ္ထုတို၏အမည်မှာ “လေလွင့်သူ” ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘ၀ အကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသောငတ်မွတ်ခြင်း ဘွဲ့တစ်ပုဒ်ဖြစ်လေသည်။ ဒဂုန်မဂ္ဂဇင်းတွင် ပါဝင်သောသူ၏ “ဘ၀ခရီး” အမည်ရှိဝတ္ထုတိုကား ၀တ္ထုတိုဂုဏ် နှင့် ကြွယ်ဝပြည့်စုံလှသည်။ လူမျိုးရေး အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်း နှစ်ယောက်၏ မေတ္တာနှင့်ငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်၍ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွင်းထားသေးသည်” လို့ ဒဂုန်တာရာက အမှတ်တရ ရေးသားခဲ့တယ်။

ထို့နောက် ၁၉၃၈ - ၃၉ မှာ တကသ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေစဉ် တကသ၊ ဗကသ နှစ်ဖွဲ့စလုံးဥက္ကဋ္ဌဖြစ်သူ သခင်အောင်ဆန်း ကျောင်းသားဘ၀မှ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သွားရာ ဒုတိယ ဥက္ကဋ္ဌ ကိုလှရွှေ (ဆေးကျောင်းသား အာဏာရှင် ကိုလှရွှေ) ကိုယ်စား ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်။

ထိုသို့ တာဝန်ယူဆောင်ရွက်နေစဉ် ၁၉၃၈ နိုဝင်ဘာ ၃၀ ရက် ရေနံမြေလုပ်သား သပိတ်တပ်ကြီးက ရန်ကုန်မြို့သို့ချီတက်လာရာ မကွေးမြို့အရောက်မှာ  အာဏာပိုင်များရဲ့ ဟန့်တားမှုကြောင့် ရေနံမြေအလုပ်သမားများ ဆက်လက်ချီတက်ရန် အခက်အခဲများကြုံတွေ့ နေရစဉ် တို့ဗမာအစည်းအရုံး ဌာနချုပ်နဲ့  ကျောင်းသားများသမဂ္ဂခေါင်းဆောင်များ အစီအစဉ်ဖြင့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနဲ့  အထွေထွေအတွင်းရေးမှူး ကိုဗဆွေ (နောင်ဝန်ကြီးချုပ်) နှစ်ဦး မကွေးသို့ သွားရောက်ခဲ့ကြတယ်။ ၁၉၃၈ ဒီဇင်ဘာ ၁၂ မှာ  မကွေးမြို့ မဲထီးကျောင်းတိုက် သပိတ်မှောက် ရေနံမြေအလုပ်သမားများ တရားပွဲကို သခင်စိုး၊ သခင်ထိန်ဝင်း၊ သခင်ဖေသန်းတို့နဲ့အတူ ကိုဗဟိန်းတရားဟောခဲ့တယ်။ တရားပွဲမှာ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းက “မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်ရမည်” လို့  ကြုံးဝါးခဲ့ရာ နိုင်ငံအနှံ့ ပျံ့သွားပါတော့တယ်။ တရားပွဲအပြီးမှာ သခင်စိုး၊ သခင်ထိန်ဝင်း၊ ကိုဗဆွေ၊ သခင်ဖေသန်းတို့နဲ့အတူ သခင်ဗဟိန်းလည်း ဖမ်းဆီးခံရပြီး မကွေးတရားရုံးက ထောင်ဒဏ်သုံးလချမှတ်ကာ အင်းစိန်ထောင်သို့ ချက်ချင်းလွှဲပြောင်းခဲ့တယ်။

ထိုသို့ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနဲ့ အတွင်းရေးမှူး ကိုဗဆွေတို့ကို ဖမ်းဆီးမှုကြောင့် ဒုတိယ ဥက္ကဋ္ဌ ကိုလှရွှေ (နောင်အာဏာရှင်လှရွှေ) နဲ့သမဂ္ဂခေါင်းဆောင်များ ဦးဆောင်မှုဖြင့် ၁၉၃၈ ကျောင်းသားသပိတ် ပေါ်ပေါက်လာ တယ်။ ထို့နောက် ကိုဗဟိန်းဟာ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ဘီအေစာမေးပွဲမဖြေတော့ဘဲ နိုင်ငံရေးလောကသို့ အချိန်ပြည့်ဝင်ရောက် ဆောင်ရွက်တယ်။ ၁၉၃၉ သြဂုတ် ၁၅ မှာ စမ်းချောင်းမြို့နယ် မြေနီကုန်း၊ မြေနုလမ်း အမှတ် (၁၄) ကိုဗဟိန်း နေထိုင်တဲ့အိမ်မှာ သခင်အောင်ဆန်း၊ သခင်လှဖေ (နောက် ဗိုလ်လက်ျာ)၊ သခင်စိုး၊ ရဲဘော် နာ့တာတို့နဲ့အတူ ကိုဗဟိန်းဟာ မြေအောက် ကွန်မြူနစ်ပါတီ အမြုတေပါတီကို လျှို့ဝှက် ဖွဲ့စည်းခဲ့တယ်။ စစ်ကိုင်းဟန်တင်ရဲ့ မြန်မာ့လွတ်လပ်ရေးသို့ စာအုပ်စာ ၃၂၀ မှာတော့  မြေအောက် ကွန်မြူနစ်ပါတီကို ရန်ကုန်မြို့ အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်နံပါတ် ၁၈၈ မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းသည်လို့ ဖော်ပြထားတယ်။

၁၉၃၉ စက်တင်ဘာ ၁ ရက်မှာ ဖွဲ့စည်းတဲ့ ဗမာ့ထွက်ရပ်ဂိုဏ်းမှာ ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ကိုဗဟိန်းသည် ပါဝင်ခဲ့တယ်။ ၁၉၄၀ မှ ၁၉၄၁ အထိ မြန်မာ့အလင်း သတင်းစာမှာ ဘာသာပြန် အယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း နိုင်ငံရေးအချိန်ပြည့် ဆောင်ရွက်ခဲ့တယ်။ ၁၉၄၀ ပြည့်နှစ်မှာ ဆရာအတတ်သင်ကျောင်းသူ မခင်ကြီးနဲ့လက်ထပ်ပြီး ဇနီးမောင်နှံနှစ်ဦးစလုံး တို့ဗမာအစည်းအရုံးဝင် ရောက်ခဲ့ရာ သခင်ဗဟိန်း အမည်တွင်ခဲ့တယ်။ ၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာမှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂမှာကျင်းပတဲ့ ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံမှာ ရဲဘော်ဂိုရှယ်နဲ့အတူ “ဓနရှင်ခရီးစဉ်သဘောတရား”  နှင့် “ဘောဂဗေဒအစွန်း ထွက်တန်ဖိုး” တို့ကို ဟောပြောပို့ချတယ်။ ၁၉၄၁ မတ် ၁၀ မှာ ပဲခူးမြို့၌ ကျင်းပတဲ့ ပဉ္စမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံးရဲ့ ဒုတိယ အကြိမ်အစည်းအဝေးမှာ ပြည်သူ့အရေးတော် ပုံပါတီကို ပြည်တွင်းအဖွဲ့နဲ့ အဝေးရောက် အဖွဲ့လို့  နှစ်ပိုင်းခွဲပြီးဖွဲ့စည်းရာ ပြည်တွင်းအဖွဲ့ကို သခင်မြ၊ အဝေးရောက်အဖွဲ့ကို သခင်အောင်ဆန်းတို့အား ခေါင်းဆောင် တာဝန်ပေးအပ်ခဲ့တယ်။ ပြည်တွင်းအဖွဲ့က အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်ပြီး သခင်ဗဟိန်းသည် သခင်မြဦးဆောင်မှုအောက်တွင် လျှို့ဝှက်တာဝန် ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလမှာ ဗြိတိသျှအစိုးရရဲ့ ကာကွယ်ရေးပုဒ်မဖြင့် ဖမ်းဆီးခြင်းခံရတယ်။ ၁၉၄၂ ဇန်န၀ါရီလမှာ သခင်ဗဟိန်းကို မန္တလေးထောင်သို့ ပြောင်းရွှေ့လိုက်တယ်။  မန္တလေးထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် မန္တလေးမှတစ်ဆင့် တရုတ်ပြည်သို့အသွား မေမြို့တောင်ခြေအရောက်မှာ လားရှိုးကို ဂျပန်တပ်များက သိမ်းပိုက်လိုက်ကြောင်း သတင်းကြားရလို့ နောက်ကြောင်းပြန်လှည့်စဉ် မန္တလေးထောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့တယ်။ ၁၉၄၂ မေ ၁ ရက်မှာ  မန္တလေးထောင်ကိုဖွင့်ပေးလို့ သခင်ဗဟိန်းက သခင်နု၊ သခင်ကျော်စိန်၊ သခင်စိုးတို့နဲ့အတူ ပြန်လည်လွတ်မြောက်သွားခဲ့တယ်။

လွတ်မြောက်ပြီဆိုတာနဲ့  သခင်ဗဟိန်းက ဇနီးမခင်ကြီးနဲ့ သူ့မိဘများရှိနေရာ ဇာတိမြေ အင်းဝသို့ လိုက်သွားခဲ့တယ်။ ၁၉၄၂ ဇွန်လဆန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်သန်းထွန်းတို့ အမရပူရမြို့သို့ ရောက်ရှိလာပြီး သခင်ဗဟိန်းနှင့်တွေ့ဆုံပြီး ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေးအကြောင်း ဆွေးနွေးကြတယ်။ သခင်ဗဟိန်းဟာ အိန္ဒိယနိုင်ငံက မဟာမိတ်တပ်များနဲ့ အဆက်အသွယ်ယူတဲ့ သခင်စိုး၊ ကိုသိန်းဖေ၊ သခင်တင်ရွှေ (ကျောက်ဆည်) တို့နဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်။

ဂျပန်တော်လှန်ရေး

သခင်ဗဟိန်းဟာ ဂျပန်တော်လှန်ရေးအတွက် ဖြူးနယ်မှာသခင်သန်းဖေ၊ သခင်သိန်းမောင် (နောင်ရဲဘော်မြ)၊ ကိုမောင်မောင် (နောင်ဦးမြင့်ဆွေ) ၊ မောင်မောင်စိန်စတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ရဲဘော်များကို နိုင်ငံရေး သင်တန်းပေးပြီး နယ်လူထုကို  လှုံ့ဆော်စည်းရုံးခဲ့တယ်။

၁၉၄၄ သြဂုတ် ၄ မှ ၇ အထိ ပဲခူးမြို့ ဘီဒီအေတပ်ရင်းရှိ  ဗိုလ်ကျော်ဇောနေအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့နဲ့ တွေ့ဆုံဆွေးနွေးကာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် ဖွဲ့စည်းရေးသဘောတူပြီး သြဂုတ် ၂၃ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (ယခုနတ်မောက်လမ်း) နဲ့  ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ်နေအိမ်မှာ ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်များတွေ့ဆုံပြီး ဖက်ဆစ်တိုက် ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် (ဖတပ) ဖွဲ့စည်းကာ ဖတပ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ သခင်ဗဟိန်းတို့ ဇနီးမောင်နှံဟာ ကိုထွန်းလှိုင်၊ မသန်းမြင့်အမည်နဲ့ တောင်ငူပြောက်ကျားစစ် တာဝန်ခံအဖြစ် ဖက်ဆစ်တို့ကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့ရာ သခင်ဗဟိန်းခေါင်းဆောင်တဲ့ ပြောက်ကျားတပ်များက ဂျပန်စစ်သည် ၂၀၀၀ ကျော် ကျဆုံးခဲ့တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်။ ဂျပန်သုံ့ပန်း ၆၀၀ တို့ကိုလည်း လက်ရဖမ်းဆီးမိခဲ့ပြီး ဂျပန်စစ်လက်နက်များစွာကို သိမ်းနိုင်ခဲ့တယ်။

ဖက်ဆစ်တော်လှန်ရေးပြီးနောက် သခင်ဗဟိန်းဟာ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။  ဒီလိုဆာင်ရွက်နေစဉ် ငှက်ဖျားရောဂါနဲ့ ဆင်းရဲပင်ပန်းမှု ဒဏ်ရာများကြောင့် ကျန်းမာရေးချို့တဲ့လာတယ်။ ကျန်းမာရေးအတွက် အနားမယူဘဲ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ ပူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးအတွက် မနားမနေ ဆောင်ရွက်ခတယ်။

ပါတီကွဲပြီးနောက် သခင်ဗဟိန်း ကျန်းမာရေးမှာ တဖြည်းဖြည်းဆိုးရွားလာခဲ့ရာ ပါတီမှ ခွင့်တောင်းကာ မန္တလေးမိဘရပ်ထံ ပြန်နေတယ်။ ထို့နောက် မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် ၁၉၄၆ နိုဝင်ဘာ ၁ ရက်မှာ ဖဆပလအဖွဲ့ချုပ်က ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်တဲ့ သတင်းကြားသိရပြီးနောက် စိတ်ထိခိုက်ကာ ၁၉၄၆ နိုင်ဝင်ဘာ ၂၀ ဗုဒ္ဓဟူးနေ့ (အသက် ၃၀ အရွယ်) မှာ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်စဉ်က ဇနီးမခင်ကြီး ကျန်ရစ်ခဲ့တယ်။ မခင်ကြီးနဲ့ သားတစ်ယောက်ထွန်းကားခဲ့သော်လည်း သားမှာငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့တယ်။ သခင်ဗဟိန်းကွယ်လွန်ကြောင်း သတင်းကြားတာနဲ့ ဗိုလ်ချုပ်အောင်ဆန်း မန္တလေးသို့ ရောက်လာကာ ဆေးရုံကြီးက သခင်ဗဟိန်း ရုပ်အလောင်းကို အတန်ကြာတွေတွေကြီးကြည့်ပြီး မည်သူ့ကိုမျှ နှုတ်မဆက်ဘဲပြန်သွားခဲ့တယ်။ နောက်မှသိရတာက “လူငါးသိန်း သေတာနဲ့ ကိုဗဟိန်းသေတာအတူတူပဲ” လို့ ဗိုလ်ချုပ်က နှမြောတသခဲ့ပါသတဲ့။ သခင်ဗဟိန်းဈာပနကို မန္တလေးနိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များက ခမ်းနားစွာလိုက်ပါ ပို့ဆောင်ကာ သခင်ဗဟိန်းရုပ်ကလာပ်ကို မန္တလေးမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

ကျမ်းကိုး  -  ဒဂုန်တာရာ၏ ရုပ်ပုံလွှာ

ကိုလေး (အင်းဝဂုဏ်ရည်၏ နှစ်တရာ မဟာဟိန်း)

ကိုနေ (မန်း)


Eleven Media Group

No comments:

Post a Comment