Latest News

Monday, March 6, 2017

ဟင်္သာတမြို့၌ မြေကျင်းတူးရာမှ စစ်လက်ကျန်ဗုံးများ နှစ်ရက်ဆက်တိုက် တွေ့ရှိ

ဟင်္သာတမြို့၌ မြေကျင်းတူးရာမှ စစ်လက်ကျန်ဗုံးများ နှစ်ရက်ဆက်တိုက် တွေ့ရှိ


မြေကျင်းတူးရာမှ ရရှိသော စက်လက်ကျန်ဗုံးများအား တွေ့ရစဉ်
ဟင်္သာတမြို့၌ မြေကျင်းတူးရာမှ စစ်လက်ကျန်ဗုံးများ နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်လက်ကျန်ဗုံးများကို ဟင်္သာတမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း၏ ကျောင်းတိုက်ဝင်းအတွင်း၌ မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ် တွေ့ရှိခဲ့သည့် စစ်လက်ကျန်ဗုံးကို မတ် ၄ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ပခန်းရပ်ကွက် တာကြီးတန်းလမ်းရှိ ပခန်းကျောင်းတိုက်ဝင်းအတွင်း၌ မြေကျင်းတူးရာမှ အနက်သုံးပေခန့် အရောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်လက်ကျန်ဗုံးအား အမှတ် (၁၈) ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးရာတွင် လေယာဉ်ပေါ်မှ ကြဲချခဲ့သော ပေါင် ၁၅၀ ခန့်ရှိ (သံချေးတက် အသုံးပြုမရ) စစ်လက်ကျန် ဗုံးဟောင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ထို့နောက် မတ် ၅ ရက် နံနက် ၁၁ နာရီခန့်တွင်လည်း တာကလေးရပ်ကွက် ပြည်တော်အေး (၁) လမ်းရှိ ရွှေကြက်ယက်ကျောင်းတိုက်ဝင်းအတွင်း၌ အိမ်သာကျင်း တူးရာမှ အနက်လေးပေခန့် အရောက်တွင် စစ်လက်ကျန်ဗုံး တစ်လုံးတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ စစ်လက်ကျန်ဗုံးအား အမှတ် (၁၈) ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးရာ အရှည် ၁၁ လက်မခွဲ၊ လုံးပတ် ၁၀ လက်မ၊ အလေးချိန် တစ်ပိဿာ ၈၀ ကျပ်သားခန့်ရှိ (သံချေးတက် အသုံးပြုမရ) စစ်လက်ကျန်ဗုံးဟောင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။


အောင်ကျော်မျိုး (ဟင်္သာတ)

Eleven Media Group

No comments:

Post a Comment