Latest News

Sunday, March 26, 2017

ရန်ကုန်မှာ အငှားယာဉ်မောင်းအား ၀ိုင်းဝန်ရိုက်နှက်ပြီး မော်တော်ယာဉ် လုယက်ယူဆောင်သွား သူတွေကို ကျိုက်ထိုမြို့ နယ် သိမ်ဇရပ်မှာ ဖမ်းဆီးမိ

မော်တော်ယာဉ် လုယက်ယူဆောင်သွားသူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ မတ် ၂၆

 မတ်လ  ၂၆ရက်နေ့ ဒီကနေ့ နံနက် ၅ခွဲခန့် က ပဲခူးလမ်းအတိုင်း မောင်းနှင်လာတဲ့ ပရိုဘောက် အငှားယာဉ်တစ်စီးကို ငှားရမ်းစီးနင်းသွားသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်အနီး ထိန်နှစ်ပင်ကျေးရွာလမ်းခွဲမှာ အငှားယာဉ်မောင်းကို ၀ိုင်းဝန်ရိုက်နှက်ပြီး မော်တော်ယာဉ် အား လုယက်ယူဆောင်သွားကြောင်း သိရပါသည်။

 ဖြစ်စဉ်မှာ ၂၆.၃.၂၀၁၇ ရက်နေ့ ၀၅၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဦး -----သည် ၎င်းပိုင် 4H-----ပရိုဘောက် အငှားယာဉ်ဖြင့် ပဲခူးလမ်းအတိုင်းမောင်းနှင်လာစဉ် ၎င်းလမ်းပေါ်၌ပင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်သော အဖွဲ့မှ ငွေကျပ် ၆၀၀၀ဖြင့် ငှားရမ်း၍ လိုက်ပါပို့ဆောင်ပေးခဲ့ရာ ရခိုင်ရိုးလေးကျေးရွာ အရောက်တွင် အနောက်ပိုင်းတက္ကသိုလ်သို့ လိုက်ပို့ရန်နှင့် ယာဉ်ငှားရမ်းခအား ငွေကျပ် ၁၀၀၀၀ပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ အနောက်ပိုင်းတက္ကသိုလ်အရောက်၌ ထိန်နှစ်ပင်ကျေးရွာသို့ ၀င်ရောက်ရန် ပြောသဖြင့် လိုက်ပို့ပေးခဲ့ရာ ရွာအလွန်လူရှင်းသောနေရာ အရောက်၌ နောက်ခန်းတွင်ထိုင်၍လိုက်ပါလာသူ အမျိုးသားမှ ၎င်း၏ လည်ပင်အားလွယ်အိတ်ကြိုးဖြင့်ရစ်သိုင်းချည်နှောင်ပြီး ယာဉ်ပေါ်မှဆွဲချကာဝိုင်းဝန်းထိုးကြိတ်၍ မော်တော်ယာဉ်ကို မောင်းနှင်ယူဆောင်ထွက်ပြေးသွားကြောင်းနှင့် ထိုသို့ ထိုးကြိတ်ခံရသဖြင့် အပေါ်သွား ၃ ချောင်းကျိုးပြီး ၀ဲ/ယာ မျက်လုံးတွင် ဖူးရောင်ဒဏ်ရာများရရှိခဲ့ကြောင်း တိုင်တန်းချက်အရ ထန်းတပင်မြို့မရဲစခန်း(ပ) ၁၀၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက သတင်းရလျင်ရချင်း ထပ်ချက်မကွာလိုက်လံဖမ်းဆီးဆောင်ရွက်ခဲ့ရာ ၁၃၀၀အချိန်တွင်မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မှ အမှုမှပါဆုံးမော်တော်ယာဉ်နှင့်အတူ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်နေ အောင်ဟိန်း၊ လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြသည့် နေမျိုးလွင်၊ မရွှေစင်ဖြိုးတို့ ၃ဦး အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ မဲလုံးအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment