Latest News

Thursday, March 16, 2017

ကျောက်တော်ရှိ စက်သုံးဆီ အရောင်းဆိုင်တန်း မီးလောင်၍ ကျပ်သိန်း ၅ ထောင်ခန့် ဆုံးရှုံး

ကျောက်တော်ရှိ စက်သုံးဆီ အရောင်းဆိုင်တန်း မီးလောင်၍ ကျပ်သိန်း ၅ ထောင်ခန့် ဆုံးရှုံး

စစ်တွေ၊ မတ် ၁၆  ။          ။   ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ရှိ စက်သုံးဆီအရောင်းဆိုင်တန်းတွင် မတ်လ ၁၅ ရက်နေ့ ညနေပိုင်း က မီးလောင်မှုဖြစ်ပွားခဲ့၍ ကျပ်သိန်းပေါင်း ၅ ထောင်ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း ကျောက်တော်မြို့မ ရဲစခန်းမှ သိရသည်။

"ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၄၉ဝဝ ဖိုး ရှိပါတယ်။ စလောင်ခဲ့တဲ့ ဓာတ်ဆီဆိုင်ပိုင်ရှင် ဦးထွန်းမြင့်ကိုတော့ အခု အရေးယူ ထားပါပြီ"ဟု ကျောက်တော်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် စက်သုံးဆီပေပါများအပါအဝင် စက်သုံးဆီအရောင်းဆိုင် ၄၁ ဆိုင်၊ ထမင်းဆိုင် ၂ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၂ ဆိုင်၊ ကားဝပ်ရှော့ ၁ ခု၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်း ဆိုင်နှင့် ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါမီးမှာ မတ်လ ၁၅ ရက်နေ့ညနေ ၆ နာရီခွဲခန့်က ဦးထွန်းမြင့်ပိုင်ဆိုင်သည့် စက်သုံးဆီအရောင်းဆိုင်တွင် ဆီဘောက်ဆာမှ ဆီပေပါအတွင်းသို့ ဂေါက်တံဖြင့်လှည့်၍ ဆီဖြည့်နေစဉ် ဂေါက်တံ နှင့် ဆီပေပါပွတ်တိုက်မှုကြောင့် မီးပွားကျရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
"ဆီဆိုင်တွေလောင်တာဆိုတော့ မီးက တအားပြင်းပါတယ်။ မီးသတ်ကားတွေကလည်း အနားကိုတောင် သိပ်မကပ်ရဲကြဘူး။ ပေါက်ကွဲပြီးတော့ကို လောင်တာပါ"ဟု အခင်းဖြစ်ပွား ရာသို့ရောက်ရှိ ခဲ့သည့် မျက်မြင်တစ်ဦးက ပြောသည်။ မီးလောင်မှုကို ကျောက်တော်မြို့ရှိ မီးသတ်ယာဉ်များ၊ တပ်မတော်သားများအပါအဝင် မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့များမှ မီးသတ်ယာဉ်များကပါ ဝိုင်းဝန်းငြိမ်း သတ်မှုကြောင့် ယင်းနေ့ည ၁ဝ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
GC/Democracytoday

No comments:

Post a Comment