Latest News

Thursday, March 16, 2017

လှိုင်သာယာမြို့နယ်တွင် ခိုးမှု၊ လုယက်မှုများကျူးလွန်ထားကြောင်း သတင်း ရရှိထားသူများကို ဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၁၀)မှုဖြင့် အမှုဖွင့်အရေးယူ

လှိုင်သာယာမြို့နယ်တွင် ခိုးမှု၊ လုယက်မှုများကျူးလွန်ထားကြောင်း သတင်း
ရရှိထားသူများကို ဖမ်းဆီးရမိစစ်ဆေးရာမှ အမှု (၁၀)မှုဖြင့် အမှုဖွင့်အရေးယူ

ရန်ကုန်၊ မတ် ၁၆

၂၆.၂.၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အစီအမံဖြင့်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း
သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်း
ဖြစ်ပွားမှုလျော့နည်းကျဆင်းရေး၊ နယ်မြေအတွင်း ခိုးမှု၊ လုယက်မှုကျူးလွန်
သူများဖမ်းဆီးရမိရေး၊ ဒုစရိုက်မှုကျူးလွန်လေ့ရှိသူများ ခိုအောင်းမှုမရှိစေရေးနှင့်
အုပ်စုဖွဲ့အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတတ်သူများအား ဖမ်းဆီးရှင်းလင်းနိုင်ရေးတို့
အပြင် တရားခံပြေးများ ဖမ်းဆီးရမိရေးအတွက် ဒုတိယတိုင်းဒေသကြီးရဲတပ်
ဖွဲ့မှူး ဦးစီး၍ အုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
များတို့နှင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်
များသည် လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်၊ ဝေပုလ္လ ၃လမ်းတွင် ၆.၃.၂၀၁၇
ရက်နေ့က ခိုးမှု၊ လုယက်မှုများကျူးလွန်ထားသူများဖြစ်ကြသည့် လှိုင်သာယာ
မြို့နယ်နေ အသေးလေး(ခ)ဖြိုးသက်ပိုင်၊ အထစ်(ခ)ဝေယံဦး၊ ညီချေ (ခ)
နေစိုးလင်းနှင့်ဘောကြီး(ခ)ငြိမ်းချမ်းအောင်တို့(၄)ဦး ရောက်ရှိနေကြောင်း
သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ၂၁၀၀အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ အသေးလေး(ခ)ဖြိုးသက်ပိုင်ပါ (၄)ဦးတို့အား စစ်ဆေးရာ
၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း
စက်မှုဇုန်ရှိ ဦးဖိုးလှိုင်လမ်းဘေးတွင် ထိုင်၍စကားပြောနေ သောစုံတွဲထံမှ
နားကပ် (၁)ရန်နှင့် Huawei အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးအား
လည်းကောင်း၊ မက္ခရာမင်းသားကြီးလမ်းဘေးတွင် ထိုင်၍စကားပြော
နေသောစုံတွဲထံမှ Huawei G610 အမျိုးအစား လက်ကိုင်ဖုန်း (၂)လုံးအား
လည်းကောင်း၊ ဦးထွန်းညိုလမ်းဘေးတွင် ထိုင်၍စကားပြောနေသောစုံတွဲထံမှ
True အမျိုးအစားလက်ကိုင်ဖုန်းနှင့် KENBO အမျိုးအစားလက်ကိုင်ဖုန်း
တို့အားလည်းကောင်း၊ ၎င်းလမ်းပေါ်၌ပင်ထိုင်၍စကားပြောနေသောစုံတွဲထံမှ
SAMSUNG အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးအားလည်းကောင်း၊ ထို့ပြင်
ကနောင်မင်းသားကြီးလမ်းဘေးတွင် ထိုင်၍စကားပြောနေသောစုံတွဲ
ထံမှလည်း SAMSUNG အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးနှင့် SONY
အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးတို့အားလည်းကောင်း လုယက်ခဲ့ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းတွင် လုယက်မှု(၅)မှုဖြင့်
အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်။

၎င်းအပြင် ဖမ်းဆီးရမိသူများသည် ၆.၃.၂၀၁၇ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင်
လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေးရှိနေအိမ်အတွင်း
သို့ဝင်ရောက်၍ Coolpad အမျိုးအစားလက်ကိုင်ဖုန်းနှင့်Ooredooအမျိုးအစား
လက်ကိုင်ဖုန်းတို့အားခိုးယူခဲ့ကြောင်းနှင့် ရက်မမှတ်မိနေ့ကလည်း ၀၁၀၀
အချိန်ခန့်တွင် ၎င်းရပ်ကွက်၊ ဝေပုလ္လ ၇ လမ်းရှိ နေအိမ်ရှေ့တွင်ရပ်ထားသော
JLM-110 ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သောင်ကြီးနယ်မြေရဲစခန်းတွင်
ခိုးမှု ၂ မှုဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့သည်။

ထိုပြင် ဖမ်းဆီးရမိသူများသည် ဖေဖော်ဝါရီလအတွင်း၌ပင် ဒဂုံမြို့သစ်(အရှေ့)
မြို့နယ်၊ တိုးချဲ့ ၁ ရပ်ကွက်၊ ကျန်စစ်သားလမ်းဘေးရှိ နေအိမ်အတွင်းသို့
ဝင်ရောက်၍ သံသေတ္တာအတွင်းရှိ ပိုက်ဆံအိတ်အတွင်းမှ ချယ်နားကပ်(၁)ရန်၊
ရွှေဆွဲကြိုး (၁)ကုံး၊ SINGTECH အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးနှင့်
စာရွက်စာတမ်းများအားလည်းကောင်း၊ ၎င်းပြင် အမှတ်(၁)ရပ်ကွက်၊ သခင်
ခင်ဇော်လမ်းဘေးရှိ နေအိမ်အတွင်းသို့ဝင်ရောက်၍ ကျောပိုးအိတ်အတွင်းမှ
ငွေကျပ် ၁၂ သိန်းနှင့် Coolpad အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးအား
လည်းကောင်း ခိုးယူခဲ့ကြောင်းနှင့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့သစ်၊
(၁၅)ရပ်ကွက်၊ န၀ရတ်လမ်းရှိ နေအိမ်အတွင်းသို့ဝင်ရောက်၍ SKG အမျိုး
အစားလက်ကိုင်ဖုန်း (၁)လုံး၊ Excellen အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး၊
Coolpad အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးနှင့် Hello အမျိုးအစားလက်ကိုင်
ဖုန်း (၁)လုံးတို့အားခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာ
ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ အရေးယူဆောင်ရွက်
လျက်ရှိပါသည်။

အမှုများမှ ပါဆုံးသက်သေခံပစ္စည်းများနှင့်ပတ်သက်၍ ပိုင်ရှင်များအနေဖြင့်
သက်ဆိုင်ရာရဲစခန်းများသို့ ဆက်သွယ်စုံစမ်းနိုင်စေရန် အသိပေးဖော်ပြ
အပ်ပါသည်။

Yangon Police

No comments:

Post a Comment