ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ်များ စိတ်ဆန္ဒမစောရန် တိုင်းဝန်ကြီးချုပ် မေတ္တာရပ်ခံ
ပုသိမ်၊ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်တွင် တင်ပြလာသော အဆိုများ၊ အကြံပြုချက်များကို အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် လွှတ်တော်လုပ်ငန်း သဘောသဘာဝ မတူညီသောကြောင့် စိတ်ရှည်သည်းခံကာ ဆန္ဒမစောကြရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက မေတ္တာရပ်ခံသည်။
ပုသိမ်မြို့ ကမ်းနားလမ်းရှိ မြို့တော်ခန်းမတွင် မတ်လ ၂၃ ရက်က ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင် ၆ ခရိုင်နှင့် မြို့နယ် ၂၆ မြို့နယ်မှ အလုပ်အမှုဆောင်များ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။
“ခုလို တည်ဆောက်ရေးကာလမှာ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေးနဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေး အမည်ခံ အဖွဲ့အစည်းတွေရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ စေတနာ အရောင်ပြပြီး အဖွဲ့တွေရဲ့ အတ္တကို ရှေ့တန်းတင်တာတွေ ရှိနေတာကြောင့် သတိရှိဖို့ လိုပါတယ်၊ တုံ့ပြန်မှုတွေရဲ့ အဖြေကို သတိထားဖို့ လိုပါတယ်” ဟု ဝန်ကြီးချုပ် မန်းဂျော်နီက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် တိုင်းလွှတ်တော် ကိုယ်စားလှယ်များက စံချိန်စံညွှန်းနှင့် မညီသည့် အရက်ချက်စက်ရုံများကို ထိရောက်စွာ အရေးယူပေးရန်၊ တရားရေးမဏ္ဍိုင် ထိန်းမတ်ပေးရန်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများကို ထိန်းကျောင်းကြပ်မတ်ပေးရန်၊ ပညာရေးဌာန၏ လွဲချော်မှုများ တည့်မတ်ပေးရန်၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းမလိုက်နာသည့် ကုမ္ပဏီများကို ပွင့်လင်းမြင်သာ အရေးယူပေးရန် စသည်ဖြင့် တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းသည့် အဆိုများ တင်ခဲ့ကြောင်း၊ အစိုးရအနေနှင့် လုပ်ဆောင်မှုမှာ အားရဖွယ်ရာ မရှိသေးကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။( The Voice )
Sunday, March 26, 2017
ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ်များ စိတ်ဆန္ဒမစောရန် တိုင်းဝန်ကြီးချုပ် မေတ္တာရပ်ခံ
ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ်များ စိတ်ဆန္ဒမစောရန် တိုင်းဝန်ကြီးချုပ် မေတ္တာရပ်ခံ
Reviewed by Ar Ti
on
8:28 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment