Latest News

Wednesday, March 15, 2017

ဘေဂျင်းမှ သြစတြေးလျသို့ ပျံသန်းနေသော လေယာဉ်ပေါ်၌ နားကြပ်ဘက်ထရီ ပေါက်ကွဲမှုဖြစ်ပွား

ဘေဂျင်းမှ သြစတြေးလျသို့ ပျံသန်းနေသော လေယာဉ်ပေါ်၌ နားကြပ်ဘက်ထရီ ပေါက်ကွဲမှုဖြစ်ပွား

မတ် ၁၅ ။           ။ ဘေဂျင်းမှ သြစတြေးလျနိုင်ငံသို့ ပျံသန်းနေသော လေယာဉ်ပေါ်၌ အမျိုးသမီးတစ်ဦးသည် သူမ၏ နားကြပ် ဘတ်ထရီ ပေါက်ကွဲမှုကြောင့် လက်နှင့်မျက်နှာတို့တွင် မီးလောင်ခံခဲ့ရသည်ဟု သြစတြေးလျအာဏာပိုင်များက ယနေ့ဗုဒ္ဓဟူးနေ့၌ ပြောခဲ့ပြီး လေယာဉ်ပျံသန်းစဉ်တွင် ဘတ်ထရီအသုံးပြုသော ကရိယာများကြောင့် ဖြစ်ပေါ်နိုင် သော အန္တရာယ်များကို သတိပေးခဲ့သည်။

သူမသည် ဘတ်ထရီအသုံးပြုရသော သူမ၏နားကြပ်ဖြင့် သီချင်းနားထောင်နေခဲ့ပြီး ဘေဂျင်းမှ မဲလ်ဘုန်းမြို့သို့ နှစ်နာရီကြာ ပျံသန်းရသော ခရီးစဉ်တွင် ငိုက်မျဉ်းနေခဲ့ကာ ကျယ်လောင်သော ပေါက်ကွဲသံကြောင့် နိုးလာခဲ့ ကြောင်းပြောခဲ့သည်။

“ကျွန်မနိုးလာလို့ ဟိုလှည့်ဒီလှည့် လုပ်တဲ့အချိန်မှာ ကျမရဲ့မျက်နှာမှာ လောင်ကျွမ်းသွားတာကို ခံစားခဲ့ရပါတယ်” ဟု နာမည်မဖော်ပြထားသော အဆိုပါ အမျိုးသမီးက ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသော သြစတြေးလျ သယ်ယူပို့ဆောင်ရေးလုံခြုံရေးဗြူရိုသို့ ပြောခဲ့သည်။

သူမက အဆိုပါနားကြပ်သည် မီးပွားများထွက်နေခြင်း၊ မီးလောင်ခြင်း နှင့် အရည်ပျော်ကျသွားခြင်းတို့ကို မြင်တွေ့ခဲ့ရကြောင်း ပြောခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် သူမ၏ မျက်နှာမည်းသွားခဲ့ပြီး သူမ၏လက်များ၌ မီးလောင်ဖုများ ထွက်ပေါ်လာခဲ့သည်။

လေယာဉ်အမှုထမ်းများသည် အကူအညီပေးရန် အပြေးအလွှားရောက်လာခဲ့ကာ နားကြပ်ကို ရေဖြင့်လောင်းချခဲ့ သည်။

“လေယာဉ်ပေါ်က ခရီးသည်တွေဟာ ချောင်းဆိုးခြင်း၊ မွန်းကြပ်ခြင်းတို့ကို ခရီးတစ်လျှောက်လုံး ခံစားခဲ့ရပါတယ်” ဟု သူမက ဆက်ပြောခဲ့သည်။

သယ်ယူပို့ဆောင်ရေးလုံခြုံရေးဗြူရိုက အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့သော လေကြောင်းအမည်နှင့် နားကြပ်တံဆိပ် တို့ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မပြုသော်လည်း လစ်သီရမ်အိုင်ရွန် ဘတ်တရီ အသုံးပြုသော ကရိယာများသည် မီးလောင်စေတတ်ကြောင်း သတိပေးခဲ့သည်။

Mizzima

No comments:

Post a Comment