Latest News

Wednesday, March 8, 2017

တစ်နှစ်အတွင်း ရောင်းမထွက်သည့်ကားများ ပြည်ပပြန်ပို့ရမည်

တစ်နှစ်အတွင်း ရောင်းမထွက်သည့်ကားများ ပြည်ပပြန်ပို့ရမည်


မော်တော်ယာဉ် အရောင်းပြခန်း နှင့် အရောင်းစင်တာများသည် ပြည်ပမှတင်သွင်းပြီး တစ်နှစ်အတွင်း မရောင်းချနိုင်ပါက မူလနိုင်ငံ (သို့မဟုတ်) ပြည်ပ နိုင်ငံတစ်ခုခုသို့ ပြန်လည် ပို့ဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ်အတွက် မော်တော်ယာဉ် အရောင်းပြခန်းနှင့် စင်တာများ လိုက်နာရမည့် စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

ယခင်က မော်တော်ယာဉ် အရောင်းပြခန်းနှင့် စင်တာများ အနေနှင့် ပြည်ပမှ တင်သွင်းပြီး ပြည်ပသို့ ပြန်ပို့ရမည့် နှစ် ကန့်သတ်ချက်ကို ၂ နှစ်အထိ သတ်မှတ်ပေးထားရာမှ ယခုနှစ်အတွက် သတ်မှတ်ချက်တွင် တစ်နှစ်သက်တမ်းသို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“ဒီလိုသတ်မှတ်လည်း ဘာမှ အခက်အခဲ မဖြစ်နိုင်ပါဘူး။ အခက်အခဲ ဖြစ်တယ်ဆိုလည်း အစိုးရနဲ့ ညှိနှိုင်းလို့ရပါတယ်”ဟု မော်တော်ယာဉ်လုပ်ငန်းရှင် ဦးကြည်သာဟန်က ပြောဆိုသည်။

ထို့ပြင် အရောင်းစင်တာ ဖွင့်လှစ်မည့်သူများသည် ကုမ္ပဏီဘဏ်စာရင်းတွင် ယခင်က အမေရိကန်ဒေါ်လာ တစ်သိန်းကို အာမခံငွေ (Deposit) အဖြစ် ထားရှိခြင်းမှ ယခုနှစ်တွင် ကျပ်ငွေသိန်း ၁၅၀ဝ သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မော်တော်ယာဉ် အရောင်းပြခန်းနှင့် စင်တာများအနေနှင့် စီးပွား/ကူးသန်းက တင်သွင်းခွင့်ပြုသည့် လိုင်စင် သက်တမ်း ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ အရောက် တင်သွင်းရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀ဝ၅ မော်ဒယ်လ်မှ ၂၀၁၁ မော်ဒယ်လ် မော်တော်ယာဉ်များမှာမူ ယခုနှစ် ဇွန်လ ကုန်အထိ ရောင်းချနိုင်ခြင်းမရှိပါက မူလ တင်သွင်းသည့် နိုင်ငံသို့ဖြစ်စေ၊ ပြည်ပ နိုင်ငံတစ်ခုခုကိုဖြစ်စေ ပြန်လည် ပို့ရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းထံမှ သိရသည်။



The Voice

No comments:

Post a Comment