Latest News

Wednesday, March 8, 2017

တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားချက်များ

တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားချက်များ



ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  မြန်မာစာကို မတ်လ ၈ ရက်တွင် စတင်စစ်ဆေးခဲ့သည်။ တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာန ၁၅၉၄ခု၊ နိုင်ငံခြားစာစစ်ဌာန ၁၇ ခုတွင် ကျောင်းသားပေါင်း ၇၆၀,ဝ၀ဝ ကျော်စာရင်းပေးပြီး ၇၁၀,ဝ၀ဝ ကျော် ဖြေဆိုခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် စာမေးပွဲ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၅၁,ဝ၀ဝ ကျော်ရှိသည်။  တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများအနက် တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများတွင် ဝင်ရောက် ဖြေဆိုသူ စုစုပေါင်း ၈၆ ဦးရှိသည်။ ရခိုင်ပြည်နယ်တွင် ၁၅ ဦးဖြင့် အများဆုံး ဖြေဆိုခဲ့ပြီး အနည်းဆုံးမှာ ကရင်ပြည်နယ်တွင် ဆေးရုံ၌ဖြေဆိုသူ တစ်ဦးသာရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။ အဆိုပါ ကျောင်းသားများအနက် စိတ်ကြိုက်မြန်မာစာအထူးပြုကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ စင်ကာပူနိုင်ငံ စာစစ်ဌာနမှတစ်ဦးနှင့် ပြည်တွင်းမှ ကျောင်းသား၊ ကျောင်းသူ နှစ်ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ သုံးဦးသာ ဖြေဆိုကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။

ရန်ကုန်တိုင်း စာမေးပွဲ

လူဦးရေ အထူထပ်ဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် စာစစ်ဌာန ၂၁၇ ခု ဖွင့်လှစ်စစ်ဆေးခဲ့သည်။ ရန်ကုန်တိုင်းတွင် စာမေးပွဲဖြေရန် ကျောင်းသားပေါင်း ၁၁၀,ဝ၀ဝ ကျော် စာရင်းပေးသည်။ သို့သော် မြန်မာစာကို လာရောက်ဖြေဆိုသူ တစ်သိန်းကျော်သာရှိသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူ တစ်သောင်းခန့် စာမေးပွဲ မဖြေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ရန်ကုန်တိုင်းတွင် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံများတွင်ဖြေဆိုရန် မြောက်ဥက္ကလာပ ဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံနှင့် ဝေဘာဂီဆေးရုံတို့တွင် စာဖြေခန်းများ စီမံထားသော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပျက်ကွက်သူမရှိ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦး၊ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကျောင်းသား၊  ကျောင်းသူ လေးဦး စာမေးပွဲဖြေဆိုခဲ့ကြောင်း ယင်း ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ခဝဲခြံမျက်မမြင် ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဖြေဆိုသည့် ကျောင်းသား နှစ်ဦး၊ ကျောင်းသူ ငါးဦး ရှိပြီး ကြည့်မြင်တိုင်မြို့နယ် မျက်မမြင်ကျောင်းတွင် ကျောင်းသား ငါးဦး၊ ကျောင်းသူ သုံးဦးဖြေဆို၍ မျက်မမြင်ကျောင်းနှစ်ကျောင်းမှ မျက်မမြင်ကျောင်း သား၊ ကျောင်းသူ ၁၅ ဦး စာမေးပွဲ ဖြေဆိုကြောင်း အဆိုပါ ကျောင်းကျောင်းအုပ်များက ပြောကြားသည်။

“ဒီနေ့ဖြေတာ မြန်မာစာဆိုတော့ ဒီနေ့က အဆင်ပြေပါတယ်။ သူတို့မှာ အခက်အခဲတွေ့မှာက တော်တော်များများကတော့ သင်္ချာပဲ။ မေးခွန်းခေါ်တဲ့အပေါ်မှာ သူတို့က ဘောင်နဲ့ တွက်ရတာဆိုတော့လေ”ဟု ခဝဲခြံမျက်မမြင်ကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဇီးနာဒွန်းက ပြောကြားသည်။

ကြည့်မြင်တိုင် အ ထ က (၂) တွင် ဖြေဆိုသည့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ ပထမဆုံးနေ့ စာမေးပွဲဖြေရာတွင် အဆင်ပြေမှုရှိစေရန် ကျောင်းအုပ်ကြီးနှင့် အခန်း စောင့်ဆရာ၊ ဆရာမများက ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့များထားကာ ကူညီဆောင်ရွက်ပေးကြကြောင်း ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ပညာရေး တာဝန်ခံ ဒုတိယကျောင်းအုပ် ဦးအောင်စိုးဝင်းက ပြောကြားသည်။

အင်းစိန် အကျဉ်းထောင်

အင်းစိန်(ဗဟို) အကျဉ်းထောင်တွင် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဖြေဆိုရန် စာရင်းပေးထားသည့် အကျဉ်းသား ၃၀ ဦး ရှိသော်လည်း မတ်လဆန်းက ပြစ်ဒဏ်စေ့၍ သုံးဦး လွတ်မြောက်သွားသောကြောင့် ဝင်ရောက်ဖြေဆိုခဲ့သူ ၂၇ ဦးသာရှိခဲ့ကြောင်း အင်းစိန် (ဗဟို) အကျဉ်းထောင်မှ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။

အင်းစိန် (ဗဟို) အကျဉ်းထောင် စာမေးပွဲကို အကျဉ်းထောင် စာစစ်ဌာနထံ သက်ဆိုင်ရာ ဆရာ ဆရာမများက လာရောက် စစ်ဆေးပေးခဲ့ပြီး မတ်လ ၈ ရက် စတင်သည့် မြန်မာစာကို အကျဉ်းသား အားလုံး ဖြေဆိုနိုင်ကြောင်း ယင်းအကျဉ်းထောင် စာစစ်ဌာနမှ တာဝန်ကျဆရာမ တစ်ဦးက ပြောဆိုသည်။

“ကျွန်မတို့ တောက်လျှောက် လာသင်ပေးတော့ သိရသလောက်ဆို ကလေးတွေက အင်္ဂလိပ်နဲ့ သင်္ချာ ဘာသာရပ်တွေ အားနည်းပေမယ့် ကျန်ဘာသာတွေက သူတို့ ကောင်းကောင်း ဖြေနိုင်ပါတယ်”ဟု အကျဉ်းထောင်အတွင်း စာမေးပွဲအခန်းစောင့် တာဝန်ကျဆရာမတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသားများကို တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပေးရန် စီစဉ်ပေးနေခြင်းကြောင့် ပဲခူးအကျဉ်းထောင် သာယာဝတီ အကျဉ်းထောင်နှင့် ပြည်အကျဉ်းထောင် အသီးသီး လာရောက်ခဲ့သော အကျဉ်းသားများ ပါဝင်ကြောင်း ယင်းအကျဉ်းထောင်ထံမှ သိရသည်။
ပဲခူးတိုင်း စာမေးပွဲ
ပဲခူးတိုင်းတွင် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ခရိုင်လေးခရိုင်မှ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၅,ဝ၇၈ ဦးရှိသည့်အနက် ဖြေဆိုသူ ၆၀,၇၁၈ ဦးသာရှိ၍ ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့်ကျောင်းသား၊ ကျောင်းသူ ၄၃၀ဝ ကျော် ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

စာမေးပွဲဖြေရန် ပျက်ကွက်သည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အထက (၁) တောင်ငူစာစစ်ဌာန စာမေးပွဲအခန်းစောင့် တာဝန်ကျသည့် အထက်တန်းပြ ဆရာမတစ်ဦးက “ဒီစာစစ်ဌာနမှာတော့ ပျက်ကွက်ကျောင်းသားက လာမဖြေတာမျိုးပါ။ အခြား အကြောင်းတွေကြောင့် ပျက်ကွက်တာ မရှိပါဘူး”ဟု ပြောကြားသည်။

ပဲခူး တိုင်းဒေသကြီးအတွင်း အဆိုပါ ခရိုင်လေးခုတွင် ပဲခူးခရိုင်မှ ကျောင်းသား၊ ကျောင်းသူ အများဆုံး ပျက်ကွက်ပြီး ဒုတိယ အများဆုံးမှာ တောင်ငူခရိုင် ဖြစ်ပြီး ပျက်ကွက်သူ ၁၂၃၇ ဦး ရှိသည်။ ပျက်ကွက်မှု အနည်းဆုံးမှာ ပြည်ခရိုင် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ ၇၄၅ ဦး ပျက်ကွက်ခြင်း ဖြစ်သည်။ ပဲခူး တိုင်းဒေသကြီး တစ်ခုလုံးတွင် စာစစ်ဌာနပေါင်း ၁၂၇ ခု ဖွင့်လှစ် စစ်ဆေးကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ရွှေဘိုခရိုင် စာမေးပွဲ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် စာစစ်ဌာန ၄၆ ခုရှိပြီး ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊  ကျောင်းသူ ၂၄,၄၇၅ ဦးရှိသည့်အနက် ဖြေဆိုသူ ၂၃,၇၄၄ ဦးသာရှိ၍ (ဖြေဆိုသူ ၉၇ ဒသမ ဝ၁ ရာခိုင်နှုန်းရှိ) ပျက်ကွက်သူ ၇၃၁ ဦး ရှိကြောင်း ရွှေဘိုခရိုင် ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်တင်က ပြောကြားသည်။

ဝက်လက်၊ ကန့်ဘလူမြို့ရှိ စာစစ်ဌာနများမှ ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတွင်ဖြေဆိုသူ ကျောင်းသူနှစ်ဦးရှိပြီး တစ်ခရိုင်လုံး ပျက်ကွက်ရာနှုန်းမှာ ၂ ဒသမ ၉၉ ရာနှုန်းရှိကြောင်း၊  ယခင်နှစ်က ရွှေဘိုခရိုင်အတွင်း စာစစ်ဌာန ၄၂ ခု၊ စာဖြေသူ စာရင်းရှိဦးရေ ၂၁,၁၁၅ ဦးအနက် ၂၀,၅၄၉ ဦးဖြေဆိုပြီး အောင်မြင်သူ ၈၁၁၃ ဦးရှိ၍ အောင်ချက်ရာနှုန်း ၃၉ ဒသမ ၄၈ ရှိကြောင်း ယင်းခရိုင် ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ရှမ်းအရှေ့ စာမေးပွဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်ကိုးခု၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ ၃၆၄ ဦး ရှိကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ရုံးစိုက်ရာ ကျိုင်းတုံမြို့ အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ် ကိုးခုတွင် စာစစ်ဌာန ၁၃ ခု၌ ဖြေဆိုရန် စာရင်း ပေးသွင်းထားသည့် ကျောင်းသား ၄၇၀၁ ဦးအနက် ၄၃၃၇ ဦး ဖြေဆိုပြီး ၃၆၄ ဦး ပျက်ကွက်ကြောင်း အဆိုပါရုံး လက်ထောက်ညွှန်ကြားရေးမှူး (ပညာ) ဦးတင့်ဆွေက ပြောကြားသည်။

“ဖြေဆိုဖို့ ပျက်ကွက်တဲ့ ကျောင်းသားတွေထဲမှာ အပြင်ဖြေ ကျောင်းသားက အများဆုံးဖြစ်ပြီး ၂၆၁ ဦးရှိသလို အတွင်းဖြေက ၁၀၃ ဦး ရှိတယ်။ နှစ်ကြာတဲ့ အပြင်ဖြေတွေ အနေနဲ့က စာမေးပွဲဖြေခါနီးမှ မိန်းမတို့၊ ယောက်ျားတို့ ယူသွားရင် လာမဖြေဖြစ်တော့ဘူး။ ကျန်တာက နေမကောင်း ဖျားနာလို့ ပျက်ကွက်တတ်တာတွေလည်း ရှိတတ်တယ်”ဟု ဦးတင့်ဆွေက ပြောကြားသည်။

တက္ကသိုလ်ဝင် စာမေးပွဲ စတင်ဖြေဆိုသည့် မြန်မာစာနေ့တွင် ကျောင်းသားအများစု ကောင်းစွာ ဖြေဆိုနိုင်ကြောင်း၊ စာဖြေဌာနတွင် ပျက်ကွက်သည့်  ကျောင်းသား ၅၀ ကျော်အနက် အပြင်ဖြေဆိုသည့် ကျောင်းသား ၄၀ ကျော်သည် ဝင်ခွင့်ကတ်ပင် လာရောက် ထုတ်ယူခြင်း မရှိကြောင်း ကျိုင်းတုံမြို့အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူး ဦးအောင်ဝင်းမြိုင်က ပြောကြားသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ပညာရည် ဖွံ့ဖြိုးမှု နည်းပါးသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်ကိုးခုတွင် လက်ရှိ ပညာသင်နှစ်တွင် ကျောင်းသား ၄၃၃၇ ဦး ဖြေဆိုသည့်အနက် မိုင်းယောင်းမြို့နယ်တွင် တစ်ဦးဆေးရုံ၌ ဖြေဆိုကြောင်း၊ ယခင်ပညာသင်နှစ်တွင် ကျောင်းသား ၄၀၈၁ ဦးအနက် ၃၈၈၃ ဦး ဖြေဆိုခဲ့ကြောင်း ယင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

လားရှိုး စာမေးပွဲ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာကို ကျောင်းသားပေါင်း ၄၂၉၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း လားရှိုးမြို့ ရှမ်းပြည်နယ် ပညာရေးမှူးရုံး (ရုံးခွဲ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လားရှိုးမြို့ပေါ် အထက်တန်းကျောင်း၊ ကျောင်းခွဲများ အပါအဝင် ၁၇ ကျောင်းမှ ကျောင်းသားများနှင့် ပြင်ပဖြေများ အပါအဝင် စာရင်းရှိကျောင်းသား ၄၆၀၃ ဦးရှိကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

လားရှိုးမြို့ပေါ်တွင် စာစစ်ဌာန ငါးခုရှိပြီး အချုပ်ခန်း၊ အကျဉ်းထောင်တွင်းမှ ဖြေဆိုသူ မရှိသော်လည်း ဆေးရုံစာစစ်ဌာနမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူနှစ်ဦးရှိပြီး ပထမနေ့ မြန်မာစာကို ကောင်းမွန်စွာ ဖြေဆိုနိုင်သူ များပြားကြောင်း၊ လားရှိုးခရိုင်အတွင်းရှိ တန့်ယန်းမြို့နယ်တွင် ၄၀၆ ဦး၊ မိုင်းရယ်မြို့နယ်တွင် ၁၀၄ ဦး၊ သိန်းနီမြို့နယ်တွင် ၂၄၄ ဦး ဝင်ရောက် ဖြေဆိုကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

စစ်ပွဲဒေသ လောက်ကိုင် စာမေးပွဲ

တိုက်ပွဲများ ဖြစ်ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အထက (၂) စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်း ပေးထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ဝ ရှိသည့်အနက် ၈၁ ဦးသာ လာရောက် ဖြေဆိုကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းခရိုင် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဒေသ စာမေးပွဲမှာ လောက်ကိုင် စာစစ်ဌာနသည် လောက်ကိုင်ဒေသ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ကွပ်ကဲမှုဝန်းအတွင်း ကျင်းပခြင်းဖြစ်၍ လုံခြုံရေး တာဝန်ယူပေးထားကြောင်း၊ ကုန်းကြမ်းမြို့နယ်မှ ဖြေဆိုရန် စာရင်း ပေးထားသည့် ကျောင်းသား၊ ကျောင်းသူများသည်လည်း ယင်းမြို့တွင် စာစစ်ဌာန မရှိ၍ လောက်ကိုင် စာစစ်ဌာနသို့ လာရောက် ဖြေဆိုကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဆယ်တန်း စာမေးပွဲကို ယနေ့ (မတ်လ ၈ ရက်) တွင် မြန်မာစာ၊ မတ်လ ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၀ ရက်တွင် သင်္ချာ၊ မတ်လ ၁၁ ရက်တွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုမည်ဖြစ်ပြီး မတ်လ ၁၂ ရက် (တနင်္ဂနွေနေ့) စာမေးပွဲနားမည်ဖြစ်သည်။

ထို့နောက် မတ်လ ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ်လ ၁၄ ရက်တွင် ရူပဗေဒ၊ မတ်လ ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ်လ ၁၆ ရက်တွင် ပထဝီဝင်၊ မတ်လ ၁၇ ရက်တွင် သမိုင်းဘာသာရပ်များ စစ်ဆေးမည်ဖြစ်သည်။

The Voice သတင်းအဖွဲ့



The Voice

No comments:

Post a Comment