Latest News

Friday, March 17, 2017

စစ်အေးခေတ်ကာလက နျူကလီးယားဗုံးထုတ်ရာ လျို့ဝှက်နေရာဖြစ်ခဲ့ဖူးတဲ့ ဥမင်လှိုဏ်ခေါင်းကြီးတစ်ခုကို တရုတ်တို့ ထုတ်ဖော်ပြသ

စစ်အေးခေတ်ကာလက နျူကလီးယားဗုံးထုတ်ရာ လျို့ဝှက်နေရာဖြစ်ခဲ့ဖူးတဲ့ ဥမင်လှိုဏ်ခေါင်းကြီးတစ်ခုကို တရုတ်တို့ ထုတ်ဖော်ပြသ

မတ် ၁၇ ။        ။ စစ်အေးခေတ်ကာလက တရုတ်တို့ရဲ့ လျို့ဝှက် အဏုမြူဗုံး ထုတ်ရာ မြေအောက်ဥမင်အဆောက်အအုံတစ်ခုကို ယခုအခါ အများပြည်သူ ခရီးသွားတွေ လေ့လာကြည့်ရှုလို့ ရအောင် ဖွင့်လှစ်ပြသပေးထားတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဥမင်လှိုဏ်ခေါင်းပုံစံ တည်ဆောက်ထားတဲ့ ယင်းဆိုဒ်နေရာကိုတော့ စီမံကိန်းအမှတ်စဉ် ၈၁၆ ဟု ခေါ်ဆိုပြီး တရုတ်တို့ရဲ့ လျို့ဝှက်နျူကလီးယား အဆောက်အအုံတစ်ခုဖြစ်ခဲ့ပါတယ်။ စစ်အေးခေတ်ကာလက အဏုမြူဗုံးထုတ်ဖို့ ပလူတိုနီယမ် ဒြပ်စင် ထုတ်လုပ်ရာနေရာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ယင်းလျို့ဝှက်နေရာကို အများပြည်သူ ခရီးသွားတွေ လေ့လာကြည့်ရှုလို့ရအောင် ဖွင့်လှစ်ပေးထားခဲ့ပြီ ဖြစ်ပါတယ်။

ကီလိုမီတာ ၂၀ ရှိ လှိုဏ်ခေါင်းသဏ္ဍာန်ဆောက်အအုံကိုတော့ ထိုခေတ်အခါက လုပ်သားဦးရေ ၆၀,၀၀၀ ကျော်နဲ့ တည်ဆောက်ခဲ့ရတာဖြစ်တယ်လို့ ယင်းစီမံကိန်းတည်ဆောက်မှုမှာ ပါဝင်ခဲ့ရသူတစ်ဦး ဖြစ်တဲ့ အသက် ၇၀ အရွယ် ချန် ဟွေဝမ်က ပြောပြပါတယ်။

" ကျွန်တော်တို့ အဲတုန်းက ဒီတည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကြတဲ့အခါမှာ အပြင်ဘက်မှာက လက်နက်ကိုင်အစောင့်တွေ ချထားခဲ့ပါတယ်၊ ဒါ တကယ်တော့ အစိုးရရဲ့ ထိပ်တန်းလျို့ဝှက်ချက် စီမံကိန်းတစ်ခုပါ၊ ဘယ်သူမှခွင့်ပြုချက်မရဘဲ ဒီထဲကို ၀င်ခွင့်မရခဲ့ကြပါဘူး၊ အဲဒီတုန်းက ဒီနားတ၀ိုက်မှာနေတဲ့ သာမန်ပြည်သူတွေကတော့ ဒါ ရိုးရိုး စီမံကိန်းတစ်ခုပဲလို့ ထင်ခဲ့ကြပါလိမ့်မယ်" လို့ ၎င်းက ပြောပြသည်။

ယင်း နျူကလီးယားထုတ်လုပ်ရာ နေရာ တည်ဆောက်မှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်အကြာက စတင်ခဲ့တာ ဖြစ်ပြီး ယင်းအချိန်တုန်းက တရုတ်တို့အနေနဲ့ နျူကလီးယားလက်နက်တပ် စစ်အေးခေတ်အတွင်းမှာ ပြိုင်ဘက် အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကို အမှီလိုက်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

ယင်းစီမံကိန်း ပြီးစီးဖို့ စစ်သားတွေလည်း နေ့ရောညပါ အလုပ်လုပ်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။

" အဲဒီတုန်းက အခြေအနေအရတော့ နိုင်ငံတစ်နိုင်ငံအတွက် ဒီလိုမျိုး စစ်လက်နက်တွေ တည်ဆောက်နိုင်ဖို့က အရေးကြီးလှပါတယ်၊ မဖြစ်မနေ လုပ်ရမှာပါ၊ အဲဒီလို မှမလုပ်ရင် နိုင်ငံကြီးတွေက ကိုယ့်ကို လာပြီး အနိုင်ကျင့်သွားပါလိမ့်မယ်" လို့ ချန် က ပြောသည်။

ယင်းလျို့ဝှက်နေရာကတော့ နိုင်ငံရဲ့ ချုံကျင်းဒေသမှာ တည်ရှိတာဖြစ်ပြီး ဧရိယာအကျယ်အ၀န်းအားဖြင့် စတုရန်းမီတာပေါင်း ၁၀၀,၀၀၀ လောက်ရှိတယ်လို့လည်း သိရပြီး ယင်းဟာ ဘောလုံးကွင်း ၁၄ ကွင်းစာနဲ့ ညီမျှနေတာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ နေရာကို တည်ဆောက်ရာမှာ ယွမ် ဘီလီယံ ၈၀ ထိ ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

Mizzima

No comments:

Post a Comment