Latest News

Sunday, March 5, 2017

အိမ်ထောင်စု ၃ သန်းကျော် ဓာတ်အားအပြည့်ရရှိဖို့ ကျပ် ဘီလီယံ ၉၀၀ အရှုံးခံရမယ်လို့ ၀န်ကြီးပြော

အိမ်ထောင်စု ၃ သန်းကျော် ဓာတ်အားအပြည့်ရရှိဖို့ ကျပ် ဘီလီယံ ၉၀၀ အရှုံးခံရမယ်လို့ ၀န်ကြီးပြော

လာမယ့်နှစ်မှာ အိမ်ထောင်စုပေါင်း ၃ သန်းကျော် လျှပ်စစ်ဓာတ်အားပြည့်မီအောင် သုံးစွဲနိုင်ရေး အတွက် ငွေကျပ် ဘီလီယံ ၉၀၀ အရှုံးခံပြီး လျှပ်စစ်ထုတ်လုပ်ရမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်မှာ ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်ထဲက ၆ သန်းခွဲခန့်ဟာ လျှပ်စစ်မီးမရရှိသေးဘူးလို့ သိရပါတယ်။

နှစ်စဉ် တိုးမြှင့်လာတဲ့ ဓာတ်အားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် ထုတ်လုပ်ရေးပိုင်းအပြင် လျှပ်စစ်သွယ်တန်းမှု ဖြန့်ဖြူးမှုတို့ကို ပြင်ဆင်ဖို့၊ အဆင့်မြှင့်တင်တိုးချဲ့ဖို့ နဲ့ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံတစ်ရုံ တည်ဆောက်နိုင်ဖို့ လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလိုဆောင်ရွက်မှုတွေ ပြုလုပ်နိုင်မှသာ လာမယ့် ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်လိုအပ်ချက်ကို ကာမိနိုင်မှာဖြစ်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် က ဖိုရမ်မှာ ပြောခဲ့ပါတယ်။

၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးရရှိဖို့  ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံခန့် ရင်းနှီးမြုပ်နှံဖို့ လိုအပ်ကြောင်းလည်း ADB က တွက်ချက်ထားပါတယ်။

နှစ်စဉ် လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံတော်က ငွေကျပ် ၄၇၀ ဘီလီယံခန့် အရှုံးပေါ်နေကြောင်း ၊ အိမ်ထောင်စုတိုင်းကို လျှပ်စစ်လိုအပ်ချက် ပြည့်ဝအောင် ပေးနိုင်ဖို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေကြောင်း ဖိုရမ်တက်ရောက်လာတဲ့ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ ဖံွ့ဖြိုးရေးအဖွဲ့တွေ၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍက ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ထက်ဝက်ခန့်ကို သုံးစွဲနေတာဖြစ်ပြီး မဂ္ဂါဝပ် ၁၂၅၀ ခန့် အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့နေရာမှာ လေလွင့်ဆုံးရှုံးမှုပမာဏ ၁၃ ဒသမ ၅ ရာခိုင်နှုန်း လောက် ရှိနေတယ်လို့ သိရပါတယ်။

Photo: Kyaw Lwin Oo/RFA

( ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကို တွေ့ရစဉ် )

No comments:

Post a Comment