Latest News

Thursday, March 23, 2017

မအေ မုဆိုးမကြီးကို မကြပ်ကြပါနဲ့

မအေ မုဆိုးမကြီးကို မကြပ်ကြပါနဲ့

အခု ကျွန်တော်တို့တိုင်းပြည်ရဲ့ ခေတ်အ ပြောင်းအလဲက ဘာနဲ့သွားတူလဲဆိုတော့ လွတ်လပ် ရေးရပြီး ခါစလိုပါပဲ။ ဟို ...၁၉၄၈ ခုတုန်းက တိုင်းပြည်ရဲ့ လွတ်လပ်ရေးတာ ...။ တိုင်းပြည်ကြီးကတော့ လွတ်လပ်ရေး ရခဲ့ပါရဲ့ ...ခင်ဗျားတို့ကျွန်တော်တို့ ပြည်သူတွေကတော့ အာဏာရှင်အဆက်ဆက်ရဲ့ အောက်မှာ ကျွန်လို နေခဲ့ကြရတဲ့အတွက် ဒီအ ပြောင်းအလဲကျတော့မှ ပြည်သူတွေရဲ့လွတ်လပ် ရေးက ရလာတာလို့ ဆို နိုင်ပါတယ်။

တချို့က မစားရ၀ခမန်း မျှော်ကြတယ်ဗျ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အစိုးရ တက်လာပြီဆိုတော့ အခုပဲ နေ့ချင်းညချင်း စီးပွားတွေတက်တော့မှာလား၊ ပညာရေး၊ ကျန်းမာရေး တိုးတက်လာမှာလားဆိုပြီး မျှော်ကြတယ် ...။

မမျှော်ပါနဲ့ဦး ...။ ဝေးနေပါသေးတယ် ...။ စောင့်ဦး နောက်ထပ် ငါးနှစ်၊ ဆယ်နှစ်၊ နှစ်ငါးဆယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ဘ၀က ဘာနဲ့တူနေလဲဆိုတော့ အင်မတန်မူးရူးသောက်စားပြီး မိသားစုကို ဒုက္ခပေးနေတဲ့ ဖအေဆိုးသေပြီးခါစ မိသား စုလိုပဲ ရှိပါသေးတယ်။

အဲဒီဖအေဆိုးက သူ့ကြောင့် အိမ်စီးပွားလည်း ပျက်၊ သောက်စားမူးရူး မိသားစုကို ဒုက္ခပေး၊ မအေ လည်း အနှိပ်စက်ခံရ၊ အေ<ကးတွေလည်းတင်၊ ရှိသမျှ အကုန် ပေါင်နှံရောင်းချ၊ ကလေးတွေလည်း ပညာရေး ပျက်၊ မြောက်ဘက်က ပေါက်ဖော်ကြီးဆီမှာ ပေါင်ထား တာတွေနဲ့၊ အနောက်ဘက်က မာမွတ်ကြီးဆီမှာ အ ကြွေးတင်နေတာတွေနဲ့ ...။

အခု အဲဒီဖအေဆိုး သေပြီဆိုပါတော့ ...ခုမှ ရက်လည်ရုံပဲ ရှိပါသေးတယ်။ အဲဒီလို မိသားစုကို ဒုက္ခ ပေးနှိပ်စက်နေတဲ့ဖအေ သေသွားရုံနဲ့၊ အလောင်းမြေကျ ပြီး ရက်လည်ရုံမျှနဲ့ အဲဒီမိသားစုရဲ့ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးတွေက မီးခလုတ်ဖွင့်လိုက်သလို ဂွပ်ခနဲ ဂွပ်ခနဲ ပွင့်လာမှာမှ မဟုတ်ဘဲဗျ ...။ အများကြီး ပြန်လုပ်ရဦးမှာ ...။ အချိန်တွေ ယူရဦးမှာလေဗျာ။ ပေါက်ဖော်ကြီးဆီက ပစ္စည်းတွေ ပြန်ရွေးရဦးမှာ ...။ အရက်အကြွေးယူသောက်ထားလို့ ရောင့်တက်နေတဲ့ မာမူကြီးနဲ့ စားရင်းတွေ ရှင်းရဦးမှာ ...။

အရက်ကြောင် ကြောင်ပြီး မိသားစုအပေါ် ထင် တိုင်းကြဲသွားတာတွေလေဗျာ ...။ အဲဒါတွေကို ကျွန် တော်တို့ ငါးနှစ်တန်သည်၊ ဆယ်နှစ်တန်သည် ဖြေရှင်း ပြီးပါမှ ဒီမိသားစုရဲ့ စီးပွားရေးကျန်းမာရေး ပညာရေး က ကောင်းလာနိုင်မှာ ဖြစ်ပါသောကြောင့် မအေမုဆိုးမ ကြီး အခုမှ အိမ်ကို စီမံခန့်ခွဲခါစ ရှိပါသေးတယ်။ ဇွတ် အတင်းကြီး မဖြစ်နိုင်တာတွေ မပူဆာကြပါနဲ့ဦး ...။  မမျှော်လင့်ကြပါနဲ့ဦးဗျာ ...။ မအေအိုကြီးကို ခေါင်းစား  အောင် မလုပ်ကြပါနဲ့ဦးဗျာ ...။ ဒီအခြေအနေလေး တော့ ကျွန်တော်တို့ အားတင်းထားကြအောင်၊ တောင့် ထားကြအောင် ...၊ မအေအိုကြီးကို ဘယ်နေရာက ၀ိုင်းကူညီကြမလဲ၊ ကူညီကြရအောင်ပါနော် ...။

သဗ္ဗေဓမ္မာ
ဇင်ယော်နီ
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်)
ရွာသာကြီးစာပေဟောပြောပွဲမှကောက်နှုတ်ချက်

No comments:

Post a Comment