Latest News

Wednesday, March 15, 2017

အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို မမြင်လိုကြောင်း တရုတ်ဝန်ကြီးချုပ် ပြောကြား

အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို မမြင်လိုကြောင်း တရုတ်ဝန်ကြီးချုပ် ပြောကြား


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်ထက်တွင် ဆက်ဆံရေး ထိခိုက်မှုများ ရှိနေသော်လည်း ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သည်ဟု အကောင်းမြင် သဘောထားအား ထုတ်ဖော်ခဲ့သည့် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက ကုန်သွယ်ရေး စစ်ပွဲအတွက် အမေရိကန်ကို မတ် ၁၅ ရက်တွင် သတိပေးခဲ့သည်။

တရုတ်ပါလီမန် နှစ်ပတ်လည် အစည်းအဝေး ပိတ်ပွဲအပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်လီက “ဒီနှစ်နိုင်ငံကြားမှာ ဘယ်လိုကုန်သွယ်ရေး စစ်ပွဲမျိုးမှ ကျွန်တော်တို့ မမြင်လိုပါဘူး” ဟု ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား ထိပ်သီးအစည်းအဝေး ကျင်းပရန် နှစ်နိုင်ငံက စီစဉ်ဆောင်ရွက်မှုများ ဆွေးနွေးနေပြီး ယင်းထိပ်သီးသည် ထရန့်၏ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများကြောင့် တင်းမာခဲ့ရမှုများကို သက်သာရာရစေမည်ဟု မျှော်လင့်ထားကြသည်။

ထရန့်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်တွင် ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သော ဗဟုဝါဒကို ခြိမ်းခြောက်ခဲ့ပြီး တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ထရန့်က ထိုင်ဝမ်သမ္မတနှင့် တယ်လီဖုန်းပြောဆိုခဲ့ပြီး ပေကျင်းကို ဒေါသထွက်စေခဲ့သည်။

ပြီးခဲ့သည့်လတွင် ထရန့်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ၀ါရှင်တန်က ဆက်လက်ကိုင်ဆွဲထားကြောင်း ရှီကျင်ပင်းနှင့် ဖုန်းဆက်ပြောဆိုမှုတွင် အခိုင်အမာ ပြောကြားခဲ့ပြီး အငြင်းပွားမှုကို ငြိမ်းအေးစေခဲ့သည်။ ရှီနှင့် ထရန့်တို့ ဖုန်းစကားပြောဆိုပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတွင် တောက်ပသော အလားအလာများကို မြင်တွေ့ကြောင်း လီက ပြောကြားခဲ့သည်။

ပါလီမန် အစည်းအဝေးပြီးနောက် ကျင်းပသည့် လီ၏ သတင်းစာရှင်းလင်းပွဲသည် တရုတ်ထိပ်တန်း ခေါင်းဆောင်မှု အတွင်းစည်းမှ ခေါင်းဆောင်တစ်ဦးအား နိုင်ငံခြား ဂျာနယ်လစ်များက နှစ်စဉ် တွေ့ဆုံမေးမြန်းခွင့်ရသည့် တစ်ကြိမ်တည်းသော သတင်းစာရှင်းလင်းပွဲဖြစ်သည်။ ၀န်ကြီးချုပ် လီခယ်ကျင်းသည် တရုတ်ကွန်မြူနစ်ပါတီ အာဏာစဉ်ဇယားတွင် ရှီကျင်ပင်းပြီးလျှင် ဒုတိယနေရာ၌ ရှိသူဖြစ်သည်။

ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၊ အထူးသဖြင့် အမေရိကန် ကုမ္ပဏီများသည် ယင်းစစ်မီးကို ခံစားရမည်ဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်ကို ကိုးကား၍ လီကဖော်ပြခဲ့သည်။ ယခုနှစ် စီးပွားရေး တိုးတက်မှုကို လျှော့ချထားသော်လည်း တရုတ်သည် ကမ္ဘာ့စီးပွားရေးအတွက် အဓိကဒေါက်တိုင်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်မူဝါဒ ချမှတ်သူများသည် ပြည်တွင်းစီးပွားရေး အထူးသဖြင့် ဘဏ္ဍာရေး ကဏ္ဍတွင် ရင်ဆိုင်နေရသော စွန့်စားမှု အန္တရာယ်များကို အလွန်ဂရုစိုက်ရန် လိုအပ်ကြောင်း လီက ထည့်သွင်းပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment