Latest News

Monday, March 6, 2017

လျှပ်စစ်ဓာတ်အားခ အများသုံးနိုင်တဲ့ ဈေးနဲ့ရောင်းချမယ်

လျှပ်စစ်ဓာတ်အားခ အများသုံးနိုင်တဲ့ ဈေးနဲ့ရောင်းချမယ်


လျှပ်စစ် အသုံးပြုခကို အများပြည်သူ ၀ယ်သုံးနိုင်မယ့် ရောင်းသူဝယ်သူ အသံတူတဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချသွားဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက တစ်ညီတစ်ညွတ်တည်း ထောက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြီး ကုန်သည်စက်မှုအသင်းချုပ်က ပူးပေါင်းပါဝင်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး Master Plan တစ်ရပ်ရေးဆွဲနိုင်ဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို မတ်လ ၃ ရက်နေ့က ရန်ကုန် ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့ဘဏ္ဍာက စိုက်ထုတ်နေရပြီး ရင်းနှီးမြှုပ်နှံဖို့ ဘဏ္ဍာငွေမရှိတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်းလျှပ်စစ်ဓါတ်အားအသုံးပြုခကို မြှင့်တင်မှပဲဖြစ်နိုင်မယ်လို့ သိရပါတယ်။ လျှပ်စစ်ခနဲ့ပါတ်သတ်လို့ ပြည်သူနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်မှာဖြစ်တယ်လို့ တိုင်းဒေသကြီးလျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။


‘‘ကျွန်မတို့ ရန်ကုန်တိုင်းအတွင်းမှာ လာမယ့်နှစ်နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝနဲ့ အဆင်ပြေစွာ မီးမပြတ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ မီးကတော့ပြတ်တာတော့ ပြတ်ဦး မှာပဲ။ အဲဒီလိုမျိုးတွေရရှိဖို့ အတွက် ကျွန်မတို့တွေ ကြိုးစား အားထုတ်နေကြတဲ့ အခြေအနေမှာရှိပါတယ်’’လို့ ဒေါ်နီလာကျော်က ပြောပါတယ်။

ဒီနှစ် နွေရာသီကစပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်က ၁၂၅၀ မဂ္ဂါဝပ်ဖြစ်ပြီး အရင်ထက် မဂ္ဂါဝပ် ၆၀ ကျော် တက်လာတာဖြစ်ကာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ရရှိရေးအတွက် Master Plan တွေရေး ဆွဲဆောင်ရွက်နေပေမယ့်  ဘဏ္ဍာငွေ မလုံလောက်တာတွေဖြစ်နေတဲ့အပြင် လျှပ်စစ်ဓာတ်အား လေလွင့်ပျက်စီးဆုံးရှုံးတာတွေရှိနေပြီး ဘဏ္ဍာငွေသုံးစွဲရာမှာ လုပ်ကိုင်ဆောင်ရွက်မှုကို နှောင့်နှေးစေတဲ့  စနစ်တွေလည်း ရှိနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

Duwun

No comments:

Post a Comment