အရောင်လွင့်ပြယ်ချိန်မှာ ကယ်တင်နိုင်ခြင်း
(ကိုယ့်ကိုယ်ကို ကယ်တင်ပါ စာအုပ်ထဲက စာတစ်ပုဒ်ပါ)
အကျင့်သီလနဲ့လည်း ပြည့်စုံတယ်၊ အနေအထိုင်ကလည်း သိပ်ပြီး ဟော့ဟော့ရမ်းရမ်း မရှိဘူး၊ ထိန်းထိန်းချုပ်ချုပ်နဲ့နေတတ် ထိုင်တတ်တယ်။ အဲဒီလို နေထိုင်နေတဲ့အမျိုးသမီးတွေမှာလည်း စိတ်ထဲမှာတော့ ကျိတ်ပြီး ခံစားနေရတာတွေ ၊ စိတ်အဆင်မပြေတာတွေ ရှိပါတယ်။
လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ မိသားစုတွင်းမှာပဲ ဖြစ်ဖြစ် တွေ့ရတဲ့ စိတ်ဖိအားက ကိုယ့်ကို ပင်ပန်းစေတယ်လို့ ထင်မှတ်နေပေမဲ့ တကယ်တော့ကိုယ့်ရဲ့ အလိုမကျမှုက ကိုယ့်စိတ်ကို ပိုပြီး ပင်ပန်းစေတာပါ။
ဒါကို အသက်အရွယ်နဲ့အတွေ့အကြုံအရ ကိုယ်က နားလည်နေတယ်။ ဒီလို ဖြစ်ရတာက ကိုယ့်မှာ စွမ်းရည်မဲ့သွားလို့မဟုတ်ဘူး။ အသက်အရွယ်ကလည်း ပညာပြည့်ဝတဲ့အရွယ်၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုကလည်း ကိုယ်က အသစ်ကလေးမဟုတ်ဘူး။ အိမ်ထောင်ရေးမှာလည်း လုပ်သက်ရ အိမ်ရှင်မ ဖြစ်နေလိမ့်မယ်။ သားသမီးတွေကိုလည်း ထိန်းသိမ်း ပျိုးထောင်ခဲ့တာ လက်လွတ်တဲ့ အရွယ်တွေ ဖြစ်နေပါပြီ။
ဒါပေမဲ့ကိုယ့်မှာတော့ တစ်ခါတစ်ခါ ခိုကိုးရာ မဲ့သလို ခံစားလာရတယ်။ စိတ်အပန်းမပြေဘူး။ သိပ်ချစ်ရတဲ့ သားတွေ သမီးတွေကလည်းကိုယ့်စိတ်ကို အပန်းမပြေစေပြန်ဘူး။ သူတို့ရဲ့စိတ်ဝင်စားမှုက အာရုံက ကိုယ့်အပေါ်မှာချည်း မဟုတ်တော့တာလည်း ပါတာပေါ့။ သူတို့ဟာသူတို့ လွတ်လပ်စွာ ရှင်သန်နေတာကို ကျေနပ်ခြင်းတစ်ဝက်၊ မကျေနပ်ခြင်း တစ်ဝက်နဲ့ စောင့်ကြည့်နေရတဲ့အချိန်ပါပဲ။
ခင်ပွန်းသည်ကိုလည်း ကြည့်ဦးမလား၊ ကိုယ်ဟာ သူ့အတွက် အရေးကြီးဆုံး မဟုတ်တော့ပြန်ဘူး။ အလုပ်ထဲမှာ အာရုံများရင် များနေမယ်၊ ဒါမှမဟုတ် သူ့အပေါင်းအသင်းကို အချိန်ပေးတာ ရှိချင်လည်း ရှိနေလိမ့်မယ် သေချာတာကတော့ ဟိုတုန်းကလို အချိန်ပြည့် ကိုယ့်နား ကပ်မနေတော့တာပဲ။
ကိုယ့်အနားချည်းပဲ ကပ်နေတုန်းက သူ့အပေါ်စိတ်ရှုပ်သလို ခံစားခဲ့ရပေမဲ့ခုလို ကိုယ့်ကို လွတ်လပ်စွာ နေခွင့်ပေးချိန်မှာတော့ ကိုယ့်အနား မရှိရကောင်းလား ဆိုတဲ့ခံစားချက်နဲ့သူ့အပေါ်ကိုလည်း မကျေနပ်ပြန်ဘူး။
“အမြဲတမ်း ပြဿနာ ရှာနေတာပဲ၊ အမြဲတမ်း အလိုမကျဖြစ်နေတာ၊ စိတ်ထိန်းမှ ပေါ့“ လို့ သူ့နှုတ်ဖျားက အဲလို စကားများ ကြားရင် ၀မ်းနည်းစိတ်က ရင်ထဲ ပြည့်လာတယ်။ပြီးတော့တဖြည်းဖြည်းနဲ့
စိတ်ထဲနာကြည်းမိပြန်တယ်။ နားမလည် လေခြင်း၊ ငါ့ကို တန်ဖိုး မထားတော့လေခြင်း ရယ်လို့သူ့ကိုရော လောကကြီးကိုပါ စိတ်ပျက်ရတဲ့အချိန်ပါပဲ။
အဲဒီလို အခြေအနေမှာများ သားတွေသမီးတွေကပါ အမေဖြစ်သူကို ဇီဇာကြောင်တဲ့အမေ၊ ပြဿနာ ရှာတတ်တဲ့အမေ၊ အိမ်ပူအိမ်ဆာလုပ်တဲ့အမေလို့များ မြင်သယောင်ယောင် ခံစားလိုက်မိရင်တော့….သွားပြီး အဲဒီ ခံစားချက်က အဆိုးဆုံးပဲ။
ငါ့ကို ဘယ်သူကမှ နားမလည်ကြပါလား ဆိုတဲ့ခံစားချက်အပြင်၊ ငါ့ကို လူရာမသွင်းတော့ပါလား ဆိုတဲ့ခံစားချက် နဲ့ လဲသေလို့ရတဲ့စိတ် ဖြစ်လာတော့တယ်။
အဲဒီလို ရင်းတွင်း ပဋိပက္ခကို ကိုယ့်ဟာကိုယ် ခံစားနေရတဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသမီး ဘယ်လောက် ရှိနေသလဲ။
သူတို့တွေဘယ်လို ရှေ့ဆက်အသက်ရှင်ဖို့အားထုတ်ကြသလဲ ဆိုတာ ကျွန်မအတွက်တော့စိတ်ဝင်စားစရာဖြစ်လာရတယ်။
အဲဒီမှာ အမျိုးသမီး အချို့က သူတို့ငယ်ငယ်တုန်းက လုပ်ချင်ပေမဲ့ မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကို လုပ်ပြီး ငယ်အိမ်မက်ကို အကောင်အထည်ဖော်ကြတာ တွေ့ရပါတယ်။
“အစ်မက ငယ်တုန်းက သိပ်စန္ဒရားတီးချင်တာ၊ အိမ်ထောင်ကျတော့လည်း မလုပ်ဖြစ်တော့ဘူး၊ သားတွေသမီးတွေနဲ့ဆိုတော့ပိုဝေးသွားခဲ့တယ်၊ ခုတော့ ပြန်တီးနေပြီ၊ သူငယ်ချင်းတစ်ယောက်၇ဲ့သမီးလေး မင်္ဂလာဆောင်မှာတောင် တီးဖို့ဖိတ်ထားလို့ သီချင်းပြန်တိုက်နေတာ“ဆိုပြီး အားတက်သရော် ပြောနေတဲ့ အမျိုးသမီး။
သူမကို ကြည့်ရတာ သေရာကနေ ပြန်ရှင်သန်ရတဲ့သူလိုပဲ သူမကိုယ်သူမ စိတ်ဝင်စားမှုအပြည့်နဲ့ သေချာတယ်။ ခုချိန်မှာ သူမအတွက် ဂီတဟာ ဘ၀တစ်ခု ပြန်ဖြစ်လာနေတယ်။
အနုပညာကိစ္စတွေ၊ ပေါင်းသင်းဆက်ဆံရေး ကိစ္စတွေနဲ့ငြီးငွေ့စရာအိမ်ရှင်မ ဘ၀ကနေ ဖောက်ထွက်လာပြန်တယ်။ လတ်ဆန်းတဲ့ အကြည့်နဲ့ လောကကြီးကိုလည်း ခပ်ရဲရဲပြန်ကြည့်တယ်။ ပြီးတော့ သူ ယုံကြည်ရာကိုသူလုပ်နေတာ ဘာမှ ကြောင့်ကျမှု မရှိသလိုပါပဲ။
နောက်တစ်ဦးကတော့ အိတ်တစ်လုံးနဲ့ခရီးသွားနေလိုက်တာ.။ ယောက်ျားနဲ့သားသမီးတွေကို အိမ်မှာ ထားခဲ့ပြီး ဘုရားဖူး ခရီးတွေ ဆက်တိုက် လိုလို သွားနေတာ။ အပေါင်းအသင်းတွေနဲ့ပျော်ပြီး ဘုရားဖူးနေတဲ့ဇနီးကို ခင်ပွန်းဖြစ်သူကလည်း ကိုယ်ပိုင်ကားလေးနဲ့ ကားဂိတ်အထိ လိုက်ပို့ပေးတယ်။
“သူက ခရီးသွားနေရမှကျန်းမာတာ၊ အိမ်မှာ နေရင် တစ်ခုမှ တစ်ခုဖြစ်နေတာ၊ အဲဒါကြောင့်သူ စိတ်ချမ်းသာတာပဲလုပ်ပါစေ ဆိုပြီး သားတွေသမီးတွေကရော သူတို့အမေကို ဘာမှ မပြောတော့ဘူး“
အချို့အမျိုးသမီးတွေကြတော့ တရားပွဲ တွေနဲ့တရားစခန်းချည်းပဲသွားနေတော့တယ်။ ဘာသာရေး ပိုင်းကို လိုက်စားတယ်ဆိုတာထက် သူ့ရဲ့စိတ်အာရုံပိုင်းကို ဒီဘက်ရောက်အောင် စွဲခေါ်ရင်းနဲ့ကိုယ့်ကိုယ်ကို ထိန်းသိမ်းတယ်လို့လည်း ဆိုနိုင်ပါတယ်။
မိန်းမတစ်ယောက်ဟာ သူ့ရဲ့စိတ်ပို်င်းဆိုင်ရာအတက်အကျကို ထိန်းနိုင်ဖို့နဲ့ဇရာရဲ့သဘောကို သိပြီး ထိန်းနို်င်ဖို့ အမြဲပဲ ကိုယ့်ကိုယ်ကို သိလေ့ရှိပါတယ်။
ကိုယ်က သက်လတ်ပိုင်းအရွယ်မို့ အလှအပနဲ့ဇရာကို ယှဉ်ပြီး မတိုက်နိုင်တော့ဘူး၊ နုပျိုလန်းဆန်းမှုနဲ့လောကကြီးကို ပြန်ပြီး မတိုက်နိုင်တော့ဘူး။
မာန်မာနတွေနဲ့လည်း ဘယ်သူနဲ့မှလည်း မယှဉ်ပြိုင်မတိုက်ခိုက်ချင်တော့ဘူး …ဒါဆိုရင် ကိုယ်က ဘယ်လို နေရမလဲ လို့တွေးမိတဲ့အခါ ကမ္ဘာပေါ်မှာ ကိုယ့်အတွက် လုပ်စရာ အလုပ်လေး တစ်ခုနဲ့ နေရာလေးတစ်နေရာ ရှိနေရင် တော်ပါပြီလို့ တွေးလေ့ရှိပါတယ်။
အထူးသဖြင့် ကိုယ်တို့ရဲ့လုပ်ရပ်ကလေးတွေကို အရင်တုန်းကလို ငယ်တုန်းကလို အသိအမှတ်ပြုခံရဖို့ အသည်းအသန်ကြိုးစားတာတွေလည်း မလုပ်ချင်တော့ဘူး။
ကိုယ့်ရဲ့လွတ်လပ်တဲ့သီးသန့်ကမ္ဘာလေးတစ်ခုနဲ့ အေးဆေးစွာပဲ ရှင်သန်ချင်တော့တယ်လို့သိလာရပါတယ်။
အဲဒါကြောင့် သွေးဆုံးပြီး အရွယ် အမျိုးသမီးတွေက သူတို့ရဲ့ဘ၀တစ်ခုကို အသစ်ပြန်ပြီး တည်ဆောက်ကြပါတယ်။ အရင်တုန်းက လုပ်ခဲ့တာတွေရဲ့ဆန့်ကျင်ဘက် အရင်တုန်းက လုပ်ချင်ပေမဲ့ မလုပ်ခဲ့ရတာတွေကို ဦးစားပေးပြီး လုပ်ဆောင်လေ့ရှိပါတယ်။
ဒီလို ဆောင်ရွက်ကြတာ ပွေလီဆန်းပြားလှတဲ့စိတ်ကြောင့်မဟုတ်ပါဘူး၊ သူ့ဘာသာ သူ ရိုသားစွာ ဆောင်ရွက်နေတာပါ။ စိတ်ဝင်စားမှု အသစ်၊ လုပ်နေကြပုံစံအသစ်ထဲကနေ ခွဲထွက်ပြီး ဘ၀ကို အသစ်ပြန်စ တယ်ဆိုတဲ့အသိလေးတစ်ခု အတွက် နေသာထိုင်သာ ရှိသွားအောင် ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။
ဒါကို မိသားစုဝင်တွေက နားလည်ရင်တော့အဲဒီမိန်းမလောက် ကံကောင်းတာ မရှိတော့ဘူး။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ သူဟာ မကြာခဏ လဲကျသေဆုံးဖို့ပဲ စဉ်းစားတွေးခေါ်ရုံအပြင် အခြား မရှိနိုင်တော့ပါဘူး။
မတူတဲ့အမြင်များကိုလည်း ဆွေနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment