Latest News

Monday, March 6, 2017

နိုင်ငံပိုင် အကြီးစားစက်ရုံ ၄၄ ခုကို လုပ်ငန်း ရပ်ဆိုင်းထားရန် ပြည်ထောင်စုလွှတ်တော်သို့ တင်

နိုင်ငံပိုင် အကြီးစားစက်ရုံ ၄၄ ခုကို လုပ်ငန်း ရပ်ဆိုင်းထားရန် ပြည်ထောင်စုလွှတ်တော်သို့ တင်

နေပြည်တော်၊ မတ် ၆

သာပေါင်း စက္ကူစက်ရုံနှင့် မြင်းခြံ သံမဏိစက်ရုံများ အပါအဝင် နိုင်ငံပိုင် အကြီးစားစက်ရုံ ၄၄ ရုံကို လတ်တလောတွင် ရပ်ဆိုင်းထားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြလိုက်သည်။

၂၀၁၇-၂၀၁၈ အမျိုးသားစီမံကိန်း ဥပဒေကြမ်းအပေါ် ပူးပေါင်းကော်မတီက ထပ်မံလေ့လာတွေ့ရှိချက်ကို ယနေ့ (မတ် ၆) ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အထက်ပါအတိုင်း ကော်မတီကိုယ်စား ဒေါက်တာမြတ်ဉာဏစိုးက တင်ပြခဲ့ခြင်း ဖြစ်သည်။

ရပ်ဆိုင်းထားသင့်သည့် အကြီးစား စက်မှုလုပ်ငန်းများမှာ စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း စီမံကိန်းများ ဖြစ်သော အမှတ် ၁၄၊ အမှတ် ၁၅ အကြီးစားစက်ရုံ (သာဂရ) အမှတ် ၁၆ (ဆင်တဲ)၊ အမှတ် ၁၇ (မလွန်)၊ အမှတ် ၁ (မြင်းခြံ)၊ အမှတ် ၂ ( ပင်းပက်)၊ နှင့် အမှတ် (၂) အကြီးစားစက်မှု လုပ်ငန်းအောက်ရှိ အမှတ် ၂၁ (သထုံ)၊ ရော်ဘာပစ္စည်းစက်ရုံ (သင်္ဃန်းကျွန်း)၊ အမှတ် ၂၃ (ညောင်ခြေထောက်)၊ အမှတ်၂၄ (ဒဂုံ)၊ အမှတ် ၂၆ (သာဂရ)၊ အမှတ် ၃၂ (ကြံခင်း)၊ မီးခံဘိလပ်မြေပြား (မှော်ဘီ)၊ အမှတ် ၃၅ (ချောက်)၊ အမှတ် ၃၆ (ကျောက်ဆည်)၊ မှန်ထုတ်လုပ်ရေး (ပုသိမ်)၊ ပလတ်စတစ်စက်ရုံ (ကျောက်ဆည်) အပါအဝင် အမှတ် (၂၂) အကြီးစားစက်ရုံ (ဘီးလင်း) တို့ ဖြစ်ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ယင်းအပြင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်းအောက်ရှိ အထည်စက်ရုံများ ဖြစ်သော အမှတ် ၁- (ရွှေတောင်)၊ အမှတ် (၃၊ ၄) (စစ်ကိုင်း)၊ အမှတ် (၄) (ပွင့်ဖြူ)၊ အမှတ် (၅) (ပခုက္ကူ)၊  အမှတ် (၆) (ဆားလင်းကြီး)၊ အမှတ် (၆) (မုံရွှာ)၊ အမှတ် (၇) (မြစ်သား)၊ အမှတ် (၈) (ပျော်ဘွယ်)၊ အမှတ် (၈) ရမည်းသင်း၊ အမှတ် (၁၀) (တောင်သာ) တို့ ဖြစ်ပြီး အထည်စက်ရုံခွဲ (မြင်းခြံ)၊ အဆင့်မြင့်စက္ကူ စက်ရုံ (သာပေါင်း)၊ သတင်းစာစက္ကူစက်ရုံ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စက်ရုံခွဲ (ချောက်) နှင့် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) တို့ ဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံလုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်မှု မရှိခြင်း၊ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိခြင်းတို့ကြောင့် လတ်တလော ရပ်ဆိုင်းထားပြီး စနစ်တကျ လေ့လာသုံးသပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း ပူးပေါင်းကော်မတီက တင်ပြပြောဆိုသည်။

ယင်းအပြင် အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)၊ အမှတ် (၃၃) အကြီးစား စက်ရုံမီးခံအုတ်ထုတ်လုပ်ရေးဌာန (ကျောက်ဆည်)၊ အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ) နှင့် အမှတ် (၇) အထည်စက်ရုံ (ဝမ်းတွင်း) တို့ကို ပြည်တွင်းပြည်ပမှ နည်းပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကော်မတီက မှတ်ချက်ပြုထားသည်။

လတ်တလောရပ်ဆိုင်းရန် အထက်ပါ စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံများသာမက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းများ ဖြစ်သော ရေနံဓာတုဗေဒ ပစ္စည်းများ သယ်ဆောင်ရေးနှင့် ဖြန့်ဖြူးရေးဌာန၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ အမှတ် (၁) ဓာတ်မြေဩဇာစက်ရုံ (စလေ)၊ အမှတ် (၂) ဓာတ်မြေဩဇာစက်ရုံ (ကျွန်းချောင်း)၊ အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)၊ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)၊ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးဒေါင့်)၊ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး)၊ အမှတ် (၃) ရေနံဓာတ်ငွေ့စက်ရုံ (ကျွန်းချောင်း) နှင့် မက်သနောလ်စက်ရုံ (ဆိပ်သာ) တို့ ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအပြင် မြင်းနှင့် သိုးမွေးမြူရေးစခန်းနှင့် ရေနံဓာတုဗေဒစက်ရုံ (သံပုရာကန်) လုပ်ငန်းတို့ကို ပြည်ထောင်စုအစိုးရအနေနှင့် အထူးကြပ်မတ် ဆောင်ရွက်သင့်ကြောင်း ကော်မတီက အဆိုပြုထားသည်။

ကော်မတီ၏ တင်ပြချက်တွင် စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှု လုပ်ငန်းအောက်ရှိ ဖန်ချက်စက်ရုံ (အင်းတကော်) စက်ရုံအား ကာကွယ်ရေး ဝန်ကြီးဌာနသို့ လည်းကောင်း၊ အလူမီနီယမ်ဝါယာ ကြိုးထုတ်လုပ်မှုစက်ရုံ (အင်းတကော်) စက်ရုံအား မြန်မာ့စီးပွားရေးဦးပိုင်သို့ လည်းကောင်း လွှဲပြောင်းရောင်းချထားသည်ကို တွေ့ရှိရကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ကော်မတီ လေ့လာတွေ့ရှိချက် အစီရင်ခံစာ တင်ပြချက်ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် မတ်လ ၈ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ အမည်စာရင်း တင်သွင်းထားရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

The Voice

No comments:

Post a Comment