Latest News

Friday, March 17, 2017

ဒဂုံမြို့သစ်(ဆပ်ကမ်း)မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှု ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိ

ဒဂုံမြို့သစ်(ဆပ်ကမ်း)မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှု
ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၁၈

၁၅.၃.၂၀၁၇ ရက်နေ့ ၀၈၃၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊
၈၅ ရပ်ကွက်၊ ကျန်စစ်သားလမ်းဘေးတွင် ဓားဒဏ်ရာများဖြင့်အသက်(၃၅)နှစ်
ခန့်ရှိ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေး
ခဲ့ရာ ၎င်းအမျိုးသားတွင် လိမ္မော်ရောင်တီရှပ်နှင့် အနက်ရောင် ယောပုဆိုး
ဝတ်ဆင်လျက် ၀ဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက်လည်ပင်း
ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ယာပါးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ထိုးသွင်း
ဒဏ်ရာ ၄ ချက်တို့ရရှိကာ မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသဖြင့်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၂၄၀/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်
အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအားအရေးယူနိုင်ရေး စုံစမ်းဆောင်ရွက်
ခဲ့ပါသည်။

အမှုမှသေဆုံးသူအမျိုးသားနှင့်ပတ်သက်သည့်အချက်အလက်များရရှိနိုင်ရန်နှင့်
အမှုဖြစ်စဉ်ကို အသေးစိတ် စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် အခင်းဖြစ်ရပ်
အားထိန်းသိမ်း၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များ၊
အရှေ့ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့
မှူးတို့က စစ်ဆေးခဲ့ရာ သေဆုံးသူတွင် ၀ဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ
၎ ချက်၊ ယာပါးထိုးသွင်းဒဏ်ရာ ၄ ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၅ ချက်တို့
ရရှိထားပြီး ယာဘက်ခြေထောက်တွင် အနက်ရောင်သားရေဖိနပ်စီး
လျက်သေဆုံးနေသည်ကိုတွေ့ရှိရကာ ၎င်းပြင် သေဆုံးသူ၏ ယာတစ်တောင်
ဆစ်အနီးမှ Wave စာတမ်းပါ ကျားစီးနီ/ညိုရောင်ကတ္ထီပါဘယ်ဘက်ဖိနပ်နှင့်
ပေ(၂၀)ခန့်အကွာမှ ယာဘက်ဖိနပ်တို့အားလည်းကောင်း၊ ရေအိုင်အတွင်းမှ
အပြာရောင်တိပ်ပေါ်တွင် အ၀ါရောင်တိပ်ထပ်ပတ်ထားသည့် အရှည် ၆လက်မ
ခန့်ရှိဓားအိမ် ၁ခုအားလည်းကောင်း၊ အခင်းဖြစ်နေရာနှင့် ပေ(၂၀၀)ခန့်
အကွာ၌ ခဲရောင်မိန်းမစီးစက်ဘီး(၁)စီးတို့အားလည်းကောင်း စစ်ဆေးတွေ့ရှိ
ရပြီး သိမ်းဆည်းနိုင်ခဲ့ပါသည်။

ရဲတပ်ဖွဲ့ဝင်များက အမှုမှသေဆုံးသူ၏ သတင်းအချက်အလက်များရရှိရေး
အတွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဆက်စပ်မြို့နယ်များသို့ဖြန့်ခွဲစုံစမ်း
ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ
ကျော်ကျော်နိုင်၊ (၂၄)နှစ်ဖြစ်ကြောင်း၊ အခင်းမဖြစ်မီ ၁၄.၃.၂၀၁၇ရက်နေ့
၀၉၀၀အချိန်မှ နေအိမ်မှစက်ဘီးစီးပြီးထွက်သွားရာမှ ပျောက်ဆုံးနေသူ
ဖြစ်ကြောင်းနှင့် ၎င်းသည် ၂.၂.၂၀၁၇ရက်နေ့က တစ်ရပ်ကွက်တည်းနေ
အသက်မပြည့်သူမိန်းကလေးတစ်ဦးအား ခိုးယူပေါင်းသင်းမှုဖြင့် ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၁၇၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ စစ်ဆေး
ဆဲအမှုမှ အာမခံဖြင့်နေထိုင်နေသူဖြစ်ကြောင်း အတည်ပြုစုံစမ်းရရှိခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက
ဆက်လက်စုံစမ်းဆောင်ရွက် ခဲ့ရာ ၁၄.၃.၂၀၁၇ရက်နေ့ ၂၂၀၀အချိန်ခန့်တွင်
သေဆုံးသူမှ ၎င်း၏ဖခင်ထံဖုန်းဆက်၍ သူငယ်ချင်းဖြစ်သူထံ ညအိပ်မည်
ဖြစ်ကြောင်းပြောဆိုခဲ့သည်ကို သိရှိခဲ့ရသည့်အပြင် အခင်းဖြစ်နေရာအနီး၌
သူငယ်ချင်းဖြစ်သူ ကျော်မင်းဟန် နေထိုင်ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့်
၁၆.၃.၂၀၁၇ရက်နေ့ ၂၁၃၀ အချိန် တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းသို့
ခေါ်ဆောင်၍ ထိန်းသိမ်းစစ်မေးခဲ့ရာ သေဆုံးသူ ကျော်ကျော်နိုင်အား
အဆိုပါအခင်းဖြစ်နေရာ၌ အရိုးအသွား ၇ လက်မခန့်ရှိ ဓားဖြင့် ၎င်းမှထိုးခဲ့ခြင်း
ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှသက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး
ကျော်မင်းဟန်အား အမှုဖြင့်ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment