Latest News

Thursday, March 16, 2017

စက်ရုံ ၃၃ ရုံ လတ်တလောရပ်ဆိုင်းမည်ဟု ပြည်ထောင်စုလွှတ်တော် အတည်ပြု

စက်ရုံ ၃၃ ရုံ လတ်တလောရပ်ဆိုင်းမည်ဟု ပြည်ထောင်စုလွှတ်တော် အတည်ပြု


ပြည်သူ့ဘဏ္ဍာငွေ လေ့လွင့်ပြုန်းတီးမှုမရှိစေဖို့ စက်မှုဝန်ကြီးဌာန လက်အောက်ရှိတဲ့ လတ်တလောရပ်ဆိုင်းသင့်တဲ့ စက်ရုံ ၄၄ ရုံထဲက စက်ရုံ ၃၃ ရုံ ရပ်ဆိုင်းမယ်လို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းရဲ့ ဥပဒေအကြောင်းအရာတွေ၊ စီမံကိန်းလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး တပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့တာပါ။

စီးပွားရေးအရ တွက်ခြေမကိုက်တာကြောင့် စက်ရုံ ၄၄ ရုံကို လတ်တလော ရပ်ဆိုင်းသင့်တယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းထားတာပါ။ ဒီစက်ရုံ ၄၄ ရုံမှာ စက်မှုဝန်ကြီးဌာနအောက်က ၃၄ ရုံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်က ၁၀ ရုံ ဖြစ်ပါတယ်။

“၁၁ ရုံကို သက်ဆိုင်ရာ ဝန်ကြီးဌာနကနေပြီးမှ ပြန်လည်ဆောင်ရွက်ပါမယ်၊ သူတို့ တာဝန်ယူပါမယ် ဆိုပြီးတော့မှ ပြန်လည်တောင်းခံတဲ့အတွက် ၃၃ ရုံပဲ လတ်တလော ရပ်ဆိုင်းထားမယ်။ အဲဒီ ၃၃ ရုံကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့ဖွဲ့မယ်၊ စနစ်တကျ လေ့လာသုံးသပ်မယ်။ အဲဒီလို သုံးသပ်ပြီး အဲဒီသုံးသပ်ချက်တွေအပေါ်မှာ မူတည်ပြီး အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြမယ်။ ဘယ်ကာလလောက် အပြီးလုပ်မလဲ ဆိုတာကတော့ ဝန်ကြီးဌာနအပေါ်မှာ မူတည်ပါတယ်” လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

အခုလို စက်ရုံတွေကို လတ်တလော ရပ်ဆိုင်းပေမယ့် စက်ရုံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု (ငွေလုံးငွေရင်း အသုံးစရိတ်)ကိုပဲ ဖြတ်တောက်ပြီး သာမန်အသုံးစရိတ်တွေကိုတော့ ဆက်လက် ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။

“ဘတ်ဂျက်ကို ဖြတ်တယ်ဆိုတာ ငွေလုံးငွေရင်းအသုံးစရိတ်ကိုပဲ ဖြတ်တာ။ သာမန် အသုံးစရိတ်ဖြစ်တဲ့ ဝန်ထမ်း လစာတွေ၊ ပင်စင်လစာတွေ၊ တခြားစရိတ်တွေ အားလုံးကို ဖြတ်တာ မဟုတ်ဘူး။ ဘာလို့လဲဆို ဝန်ထမ်းတွေ ရှိနေသေးတယ်။ ဒါ သူတို့က ခန့်ထားတဲ့ ဝန်ထမ်းတွေ။ ဒီဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ စိတ်ပူပန်မှုလည်း မဖြစ်အောင်၊ ဆက်လက်ပြီးလည်း လစာပေး နိုင်အောင် ဒီသာမန်အသုံးစရိတ်တွေ အကုန်လုံး ခွင့်ပြုထားတယ်။ လေ့လာသုံးသပ်မှုတွေ လုပ်တဲ့ အချိန်မှာ လိုအပ်တဲ့ အသုံးစရိတ်တွေ သုံးနိုင်အောင်လည်း သာမန်အသုံးစရိတ်တွေ ခွင့်ပြုထားတယ်။ ရင်းနှီးမြှုပ်နှံမှုတခုပဲ၊ ငွေလုံးငွေရင်းအသုံးစရိတ်တခုပဲ ဖြတ်တာ။ အဲဒီလို ဖြတ်တာတောင်မှ ပေးစရာရှိတဲ့အကြွေးတွေ၊ အတိုးတွေ၊ နိုင်ငံခြားပညာရှင်တွေ ငှားထားတာတွေ ဒါကို ဆက်ပြီး ခွင့်ပြုတယ်” လို့ ဦးအောင်မင်းက ပြောပါတယ်။

လတ်တလော ရပ်ဆိုင်းမယ့် စက်ရုံတွေအနေနဲ့ စက်မှုဝန်ကြီးဌာနလက်အောက်က အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ)၊ မီးခံဘိလပ်မြေပြား(မှော်ဘီ)၊ အမှတ်( ၃၅) အကြီးစားစက်ရုံ(ချောက်)၊ အမှတ် (၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်)၊ အမှတ် (၂၂) အကြီးစားစက်ရုံ(ဘီးလင်း)၊ အမှတ် (၄) အထည်စက်ရုံ(ပွင့်ဖြူ)၊ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)တို့ ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်က အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံ(စလေ)၊ အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)၊ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)၊ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး) တို့ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment