Latest News

Tuesday, March 7, 2017

မထိုက်တန်တဲ့သူကို လွှတ်ချလိုက်ပါ

မထိုက်တန်တဲ့သူကို လွှတ်ချလိုက်ပါ

============================ချစ်တဲ့သူအပေါ် ကိုယ့်ဘက်ကနေ အကောင်းဆုံးနဲ့ အရိုးသားဆုံး ဆက်ဆံပေးဆပ်တတ်တဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာတော့သူတို့ပေးသလောက်ပြန်မရကြတာတွေလည်း တွေ့ရတယ်။

ကျွန်မ သိတဲ့ အမျိုးသမီးတစ်ဦး ရှိတယ်။ အဲဒီ အမျိုးသမီးက ရုပ်ရည်ရော၊ ပညာ အရည်အချင်းနဲ့စီးပွားရေးကစ ပြောစရာမရှိအောင် နိုင်ငံတကာ အဆင့်မီတယ်။ အိမ်ထောင်ဘက်နဲ့မိသားစု အပေါ်မှာလည်း  ၀တ္တရားလည်းကျေ၊ တာဝန်လည်း ယူနိုင်စွမ်းတယ်၊ ဒါ့အပြင် ခင်ပွန်းဖြစ်သူအပေါ် နားလည်မှု ပေးပြီး သစ္စာရှိစွာနဲ့ ဖြည့်ဆည်းနိုင်တယ်၊

ဒါပေမဲ့ခင်ပွန်းဖြစ်သူက သူမ အသက်  ၄၀ ၀န်းကျင်လောက်မှာ ဖောက်ပြန်သတဲ့။ သူ့အနေနဲ့ အဘက်ဘက်ကနေ ပြည့်စုံပါလျက်နဲ့ ဘာကြောင့်များ ဖောက်ပြန်ရသလဲ ဆိုတာကို ရင်နာနာနဲ့ စဉ်းစားကြည့်သတဲ့။ သူ့ရဲ့ အားနည်းချက်တွေများ ရှိလို့လား၊ သူ့ဘက်က အမှားတွေများ ရှိလို့လား ဆိုပြိးတော့ပါ။

ဒါနဲ့သူ့ခင်ပွန်းနဲ့ဖောက်ပြန်တဲ့ မိန်းကလေးက သူ့ထက်ပိုသာလို့များလား ဆိုတဲ့စိတ်နဲ့အဲဒီအမျိုးသမီးကို သိနိုင်ဖို့ ကြိုးစားကြည့်တယ်။ အဲဒီမှာပဲ ရင်ရော အသည်းပါ ဗြန်းဗြန်းကွဲတော့တာပါပဲ။

သူ့ခင်ပွန်းနဲ့ ဖောက်ပြန်တဲ့အမျိုးသမီးက လမ်းပေါ်က မိန်းမတစ်ယောက်ပါ။ သူနဲ့ကွာခြားလွန်းလှတယ်။ဒါဆို ဘာဖြစ်လို့သူကခင်ပွန်းက ဖောက်ပြန်ရသလဲ ဆိုတာကို သူအမြဲတမ်း တွေးပြီး နားကျည်းလို့မဆုံးတော့ဘူး။

ကျွန်မကတော့သူမကို ပြောမိတယ်။ မထိုက်တန်လို့ပါ။

သိပ်တော်လွန်း၊ သိပ်ထက်လွန်းနေတဲ့အမျိုးသမီးတွေနဲ့ မတန်တဲ့ ယောင်္ကျားတွေရှိတယ်။ သူတို့က အဲဒီလို အမျိုးသမီးတွေနဲ့ မတန်ပေမဲ့အဲဒီလို ထက်တဲ့ မိန်းမတွေရဲ့ ချစ်ခင်မြတ်နိုးမှုကိုတော့ရအောင် လုပ်နိုင်တယ်။ အဲဒီလို ရပြီးတဲ့အခါမှာ သူတို့ဘက်မှာတော့ ပေးစရာ ဘာမှ မရှိတော့ဘူးလေ၊ ဒါကြောင့် သူတို့အနေနဲ့ ဒီလောက် ကောင်းတဲ့ မိန်းမနဲ့ ဆက်ပေါင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

တကယ်တော့ မိန်းမကောင်းကောင်းရထားပါလျက်နဲ့ ချစ်သူကောငါး ရထားပါလျက်နဲ့ ဖောက်ပြန်တဲ့ ဖြစ်ရပ်တွေကိုကြည့်ရင်  အဲဒီအချက်ကို အများဆုံးတွေ့ရတယ်။
ဒိလို ခင်ပွန်းဖောက်ပြန်ကြတာက အိမ်ရှင်မရဲ အပြစ်လည်း မဟုတ်ဘူး။ အားနည်းချက်ကြောင့်လည်း မဟုတ်ဘူး။  ဖောက်ပြန်တဲ့ ခင်ပွန်းအပေါ်မှာ ဘယ်လောက်ပဲ ကောာင်းအောင် ဆက်ဆံပြောဆိုပါစေ၊ ဘယ်လောက်ပဲ နားလည်မှုပေးပါစေ။ သူတို့နဲ့ မထိုက်တန်တဲ့အခါ သူတို့ မရကြပါဘူး။

ဒါကြောင့်သူတို့နဲ့ တန်ရာ တန်ရာ ဆီကို သွားကြတာလို့ပြောလိုက်မိတယ်။ အဲဒါကြောင့် ပေးသွားလိုက်ပါ၊ ကိုယ့်တန်ဖိုးကို တန်ဖိုးရှိတဲ့သူတွေက အချင်းချင်း သိကြတယ်။  သားတွေသမီးတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။ဒါပေမဲ့ မကောင်းတဲ့သူ တစ်ယောက်ရှိနေတဲ့အိမ်ထောင်ရေးဟာ အခြားလူတွေကိုပါ မကောင်းမှုတွေ ကူးစက်နိုင်တဲ့အတွက် ဖယ်ထုတ်ပစ်လိုက်တာ အကောင်းဆုံး နည်းလမ်းပါလို့ ဆိုမိပါတယ်။

တကယ်ပဲ အိမ်ထောင်ရေးမှာ တန်ရာ တန်ရာပဲ ရကြပါတယ်။ ကိုယ်က သိပ်ကောင်းနေရင်လည်း ကောင်းတဲ့ အိမ်ထောက်ဘက်နဲ့ပဲ ရေရှည်တည်မြဲနိုင်ပါတယ်။

ကိုယ်က ဆိုးရင်လည်း ဆိုးတဲ့သူနဲ့ပဲ ပေါင်းလို့ရတယ်။ ကိုယ်က မဆိုးမကောင်းဆိုရင်လည်း မဆိုးမကောင်းနဲ့ပဲ ပေါင်းလို့ရတယ်။ ကိုယ်နဲ့ မတန်တဲ့သူတွေနဲ့ကိုယ်က ရေရှည်ပေါင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

အထူးသဖြင့် သီလ မညီ ကိုယ်ကျင့်တရားထိမ်းသိမ်းတာခြင်း မတူရင် ပိုလို့တောင် ခက်ပါသေးတယ်။

ဒါကြောင့်  ကိုယ်က ကောင်းပါလျက်နဲ့ မကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါ သူတို့ကို ပြုပြင်မယ်လို့ မစဉ်းစားပါနဲ့။ ပြုပြင်လို့ရနိုင်တဲ့ရာခိုင်နှုန်းက အင်မတန် နည်းပါးပါတယ်။

မထိုက်တန်တဲ့သူက သူတို့ကိုယ်တိုင်က ကောင်းမွန်တဲ့ မြင့်မြတ်တဲ့သူတွေနားမှာ မနေနိုင်ကြပါဘူး။ နေဖို့လည်း စိတ်မသန့်နိုင်ကြဘူး၊ ဒါကြောင့်သူတို့က ကောင်းမွန်တဲ့ မြင့်မြတ်တဲ့သူတွေနားကနေ ပြေးဖို့ပဲစဉ်းစားနေတတ်ကြပါတယ်။

ဒါကြောင့် မထိုက်တန်တဲ့ ချစ်သူကို အိမ်ထောင်ဖက်ကို ဆွဲထားဖို့မစဉ်းစားပါနဲ့လို့ပဲ တိုက်တွန်းပါရစေရှင်။

ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment