ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၁)
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
နိဒါန်း
ဦးသန့်အရေးအခင်း၌ ပါဝင်ခဲ့ကြသူများ၏ ရေးသားမှုများကိုဖတ်ရသည့်အခါ အတိတ်ကအကြောင်းများ တရေးရေး ပေါ်လာတတ်သလို တချို့ကကိုယ်တိုင်မပါဝင်ဘဲ တစ်ဆင့်စကားများနှင့်ရေးသားကြသည်ကို မြင်တွေ့ရသည့်အခါ သမိုင်း မှန်ကိုရေးသားဖို့ တာဝန်ရှိသည်ဟု ယူဆလာမိပါသည်။ ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေဟု ခံစားမိသည့်အတွက် သမိုင်းလေ့လာသူ မြန်မာပြည်သားများသိရှိနိုင်ရန် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်များကို မှတ်မိသလောက် ရေးသားတင် ပြလိုက်ပါသည်။
ဦးသန့်အရေးအခင်း ဖြစ်ပျက်ခဲ့သည်မှာ ၁၉၇၄ခုနှစ် ဒီဇင်ဘာ ၅ရက်ဖြစ်သည်။ လွန်ခဲ့သော ၃၇နှစ်ခန့်က ဖြစ်ပါသည်။ ဦးသန့်အရေးအခင်းအကြောင်းကို ရေးသားသည့် စာများရှိခဲ့သော်လည်း ပြည့်ပြည့်စုံစုံ မရှိသလို၊ ကိုယ့်အတွေ့အကြုံကိုသာ ကိုယ်ရေးထားသည့် တစ်ဖက်မြင်တင်ပြချက်များ ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုအရေးအခင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများ မတိမ်း ပါးခင်၊ အသိချွတ်ချော်မသွားခင် ပါဝင်ခဲ့သည့်သူများကိုမေးမြန်း၍ ရေးသားသင့်သည်ဟုယူဆမိ၍ ဤစာကို ရေးသားလိုက် ပါသည်။ ၁၉၈ဝ ပြည့်နှစ် ကျွန်တော် ထောင်မှလွတ်လာသောအခါ လိုလိုလားလား မိမိမှတ်မိသလောက် ပြောဆိုပေးခဲ့သော ကိုစိုးညွန့်(ပြောင်ကြီး)၊ ကိုဟန်ရှင်ဝင်း၊ ကိုမောင်မောင်တိတ်၊ ကိုရာဇာ(ဂိုရှယ်)နှင့် ရောဘတ်စန်းအောင်တို့အား အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ နယူးယောက်မြို့တွင် ရောက်နေသော ကိုစိုးညွန့်(ပြောင်ကြီး)က မေး သမျှကို ထပ်မံ၍ စိတ်ရှည်လက်ရှည်ရှင်းပြသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရှိပါသည်။ ကိုစိုးညွန့် နှင့် ကိုတိတ်တို့၏ ကူညီပံ့ပိုးမှုကြောင့်သာ ပျောက်ဆုံးနေသောကွင်းဆက်များကို ဆက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့၏ သမိုင်းဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိသည် နောင်သမိုင်းလေ့လာသူများအတွက် မှတ်တမ်းတစ်ခုအဖြစ်၊ နောင် မျိုးသစ်များအတွက် အားဆေးတစ်ခွက်နှင့် အတုယူစရာလုပ်ရပ်အဖြစ် မှတ်ယူနိုင်ရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့၏အားသာချက် အားနည်းချက်များကို လေ့လာဆင်ခြင်ပြီး မြန်မာပြည်လွတ်လပ်ရေးအတွက် အသုံးချနိုင်ရန် အထောက်အ ကူပြု အကျိုးသက်ရောက်ခဲ့ပါက ကျွန်တော်ကြိုးစားရေးရကျိုး နပ်သည်ဟု ယူဆပါသည်။ ဦးသန့်အရေးအခင်းတွင် ပါ ဝင်ခဲ့သူများ ဤစာကိုဖတ်ပြီး ¤င်းတို့အမြင်ကို ဖြည့်စွက်ရေးသား ပေးပို့နိုင်ကြလျှင် ဤစာအုပ်သည် ပိုမိုပြီးရုပ်လုံးပေါ်လာ လိမ့်မည်ဟု မျှော်လင့်မိပါသည်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပြီး မိမိတိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့် လုပ်ဆောင်နိုင်ကြ ပါစေ။ မြန်မာပြည်၏ မပြီးဆုံးသေးသော ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲကို ဤစာဖတ်ပြီး ဆထက်ထမ်းပိုးကြိုးစားလိုစိတ် များ ပေါ်ပေါက်လာနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
လေးစားလျက်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
ဘယ်လိုလုပ်ကြမလဲ၊
တစ်ယောက် နယူးယောက်ဆေးရုံမှာ ကင်ဆာရော ဂါနဲ့ ဆုံးသွားပြီ။ သူ့ဆန္ဒအရ သူ့အခေါင်းကို ကုလ သမဂ္ဂအလံ လွှမ်းခြုံပြီး မြန်မာပြည်ကို အထူးလေယာဉ်နဲ့ နိုဝင် ဘာလကုန်လောက်မှာ သယ်လာတယ်။ ဒါပေမဲ့ သူ့ကိုမဆလ အစိုးရတာဝန်ခံ ဘယ်သူကမှ လာရောက်ကြိုဆိုတာမရှိဘူး။ ပညာ ရေး ဒုဝန်ကြီးဆိုလား တစ်ယောက်ကတော့ သွားကြိုတဲ့အတွက် ဗိုလ်နေဝင်းက အလုပ်က ထုတ်လိုက်တယ်''စသည်ဖြင့် သတင်း စကားတွေ ရန်ကုန်တစ်မြို့လုံးမှာ ပျံ့နှံ့လို့လာခဲ့ပါသည်။
ဦးသန့်သည် ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးအဖြစ် နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခံရတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အပြင် ကျူးဘား အရေးအခင်း၌ ရုရှားနဲ့အမေရိကန်နိုင်ငံတို့ စစ်ဖြစ်မယ့် အနေအ ထားမှ ကာကွယ်ပေးခဲ့သည့် ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါသည်။ ထို့ ကြောင့် တက္ကသိုလ်ကျောင်းသားများနှင့် ရဟန်းသံဃာများက'ဗမာကို ကမ္ဘာကသိအောင် စွမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီး ငါတို့ နိုင်ငံ ကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ကြီး'အဖြစ် လေး စားဂုဏ်ယူကြသည့်အပြင် ကျေးဇူးလည်း အထူးတင်ရှိခဲ့ပါသည်။ 'ဦးသန့်လို ပုဂ္ဂိုလ်မျိုးကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင် တဲ့ စစ်အစိုးရရဲ့ ရိုင်းစိုင်းတဲ့အပြုအမူကို ဘယ်လိုမှလက်ခံလို့မရ အောင်' အိမ်မှာနေရင်း ကျွန်တော် ဒေါသူပုန်ထနေမိပါသည်။
''ရိုင်းလိုက်တာကွာ...ကမ္ဘာ့ခေါင်းဆောင်အဖြစ် အသိအ မှတ်ပြုခံထားရတဲ့ ငါတို့မြန်မာလူမျိုးတွေရဲ့ ဂုဏ်သတင်းကို ဆောင် ကျဉ်းပေးတဲ့ ပုဂ္ဂိုလ်မျိုးကို တိုင်းပြည်အာဏာကို ဓားပြတိုက်ယူထား တဲ့သူခိုးဓားပြက နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုရမှာကို မလုပ် တာ ငါတို့ဗမာလူထုကြီး တစ်ရပ်လုံးကို စော်ကားလိုက်တာပဲ''ဟု စိတ်ထဲမှ ရေရွတ်နေမိတော့သည်။
ဒီလိုနှင့် ဒီဇင်ဘာ၂ရက်ညသို့ ရောက်လာသည်။ ကျွန်တော် ဆင်ဝင်ခန်းတွင်ထိုင်ရင် စဉ်းစားခန်းဝင်နေမိသည်။ ရေဒီယိုက သတင်းမကြားတစ်ချက် ကြားတစ်ချက်နှင့် လေအသုတ်တွင် တိုက် ပေါက်ဝရှေ့ရှိ ညောင်ပင်ကြီးမှ တရှဲရှဲမြည်သံက တချီချီတွင် ပေါ် ထွက်လာတတ်သည်။ ထိုအချိန်တွင် 'တီတီ..တီတီ' အိမ်ရှေ့ဝင်း တံခါးမှ ကားဟွန်းသံက ထွက်လာသည်။ ထိုင်ရာမှထပြီး ဆင်ဝင် ခန်းပြတင်းတံခါးကို ချက်ဖြုတ်၍ ဖွင့်ကြည့်လိုက်သည်။
အချိန်က ည၉နာရီခန့် ဇော်ကြီး၏ လေးဘီးကားပြာလေးက ဝင်းတံခါးထိပ်မှာ ရပ်ထားတာကို တွေ့လိုက်ရသည်။ ''ထွန်းအောင် ကျော်..ထွန်းအောင်ကျော်''ဟု ဇော်ကြီးက လှမ်းခေါ်သည်။
''ဟေ့ကောင် ကြားတယ်ကွ၊ ငါ ဆင်းလာခဲ့မယ်။ ငါ နားပင်း မနေဘူး ကြုံးအော်မနေနဲ့''ဟု လှမ်းပြောရင်း အိမ်ရှေ့လှေကားမှ အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။
ခြံတံခါးဖွင့်နေတုန်း ဇော်ကြီးက ''ကားထဲမှာ ပြောကြရအောင် ကွာ''ဟု ဆိုသည်။ ကျွန်တော် ဘာမှမပြောဘဲ ဝင်းတံခါးကိုဖွင့်ပြီး ထွက်လိုက်သည်။ တံခါးကို ပြန်ပိတ်ပြီးနောက် ကားထဲဝင်ထိုင်လိုက် တော့ ကုလားမ(ရဲမြင့်သိန်း)နှင့် ခွေးနက်(Kenneth)တို့ကိုပါ တွေ့ လိုက်ရသည်။ ကားပေါ်ရောက်ရောက်ချင်း ကျွန်တော်က ''ဟေ့ ကောင်တွေ မင်းတို့လာတာနဲ့ အတော်ပဲ၊ ဦးသန့်ဈာပနကိစ္စဟာ အတော်အရုပ်ဆိုးတယ်။ ငါတို့ တစ်ခုခုလုပ်မှဖြစ်မယ်''ဟု ပြောလိုက် သည့်အခါ ဇော်ကြီးက ''သိပ်မှန်တာပေါ့ကွာ၊ ဒါကြောင့် မင်းဆီကို ငါတို့လာခဲ့တာပဲ''ဟု ဝမ်းသာအားရပြောသည်။
ကျွန်တော်တို့တတွေသည် အလယ်တန်းကျောင်းသားများ ဘဝမှ စတင်ရင်းနှီးလာကြသည့် ငယ်သူငယ်ချင်းများ ဖြစ်သည်။ တစ်ဦးကိုတစ်ဦး အူချေးကအစ သိကြသည်။ အသက်ပေးယုံကြည် ကြသည့် သူငယ်ချင်းများဖြစ်သည်။ ထို့ကြောင့် ထောက်လှမ်းရေး သတင်းပေးများ ပြေါ<ွကယ်နေသော ရန်ကုန်မြို့တွင် ယခုလို ပြောဆို ရဲကြခြင်း ဖြစ်သည်။
ထိုညတွင်ပင် နောက်တစ်နေ့ သူငယ်ချင်းတစ်သိုက် ဦးသန့် ရုပ်အလောင်းရှိရာ ကျိုက္ကဆံကွင်းသို့ လွမ်းသူ့ပန်းခွေချရန် ကုလား မ(ရဲမြင့်သိန်း)အိမ်တွင် ညနေပိုင်းတွင် ဆုံကြရန်ပြောပြီး လမ်းခွဲခဲ့ ကြသည်။
ဒီဇင်ဘာ ၃ရက် ၁၉၇၄ ခုနှစ်
နံနက်စာစားပြီးကတည်းက ရဲမြင့်အိမ်သို့ ကျွန်တော်ထွက်ခဲ့ သည်။ ရဲမြင့်အိမ်အောက်တွင် အဆောင်ငှားထားသဖြင့် တက္ကသိုလ် ကျောင်းသူများကလည်း ကျွန်တော်တို့နှင့် ခင်မင်နေကြသည်။ ကျွန် တော်တို့က ဘွဲ့ရပြီးကျောင်းသားများ ဖြစ်ကြသဖြင့် အစ်ကိုကြီး များသဖွယ် ကျောင်းသူလေးများက လိုအပ်သော အကူအညီများကို တောင်းတတ်ကြသည်။
ရွှေတိဂုံဘုရားသွားချင်၍ အကူအညီတောင်းသည့်အခါ သူ တို့တစ်အုပ်လုံးကို ကျွန်တော်က ကားဖြင့်လိုက်ပို့ရသလို ပညာရေး နှင့်ပတ်သက်၍လည်း လိုအပ်သည်ကို မေးလာလျှင် ကူညီပြသပေး ရသည်။ ဦးသန့်အရေးကိစ္စကို ထိုညီမငယ်လေးများကလည်း မ ကျေနပ်ကြချေ။ သူတို့ကလည်း ကျွန်တော်တို့က လွမ်းသူ့ပန်းခွေချ မည်ဆိုသဖြင့် အပေါ်ထပ်သို့ စုပြုံတက်လာကြသည်။ သူတို့ အနေ နှင့် အစ်ကိုကြီးတို့လုပ်ရပ်ကို ထောက်ခံကြောင်း အသုဘချသည့် နေ့တွင်လည်း သူတို့ကိုယ်တိုင် လိုက်ပို့မည်ဖြစ်ကြောင်း အားတက် သရော ပြောကြသည်။ ရဲမြင့်၏ခြံသည် စီးပွားရေးတက္ကသိုလ်ရှေ့ တည့်တည့်လမ်းမကြီးမှ ဝင်သွားရသည့် ခြံဖြစ်ပြီး ရိုးမရိပ်သာဟု ခေါ်သည်။
ညနေပိုင်းတွင် ခေါ်တောညွန့်အေးက သူ့လေးဘီးကား နှင့် ပေါက်ချလာသည်။ ထို့နောက် ဇော်ကြီး၊ ခွေးနက်၊ ဇော်ဝင်း၊ အောင်ဒင်၊ မြင့်သိန်း စသည့်ဖြင့် စုစုပေါင်းသူငယ်ချင်း ခုနစ်ယောက် စုမိကြသည်။
ကျွန်တော်တို့အားလုံး အနက်ရောင် တိုက်ပုံအင်္ကျီ အနက်ရောင် ယောလုံချည်တို့ကို ဝတ်ဆင်ကြပြီး ပန်းခြင်းကို ညွန့်အေးက သွား ဝယ်သည်။ ¤င်းပန်းခြင်းတွင် စာတန်းကို ကျွန်တော်က ရေးသည်။ 'ဝမ်းနည်းထိုက်သည်ထက်ပို၍ ဝမ်းနည်းစွာဖြင့်' ကျောင်းသားတစ် စုဟု အမည်ထိုးသည်။ ထို့နောက် ကားနှစ်စီးဖြင့် ကျိုက္ကဆံကွင်းသို့ ချီတက်သွားကြသည်။ ညွန့်အေးနှင့်ကျွန်တော်က ပန်းခြင်းကိုကိုင် ပြီး ရှေ့မှထွက်သည်။ ကြက်ခြေနီလူငယ်များက အနက်ရောင်ဝတ် စုံဖြင့် ကျောင်းသားတစ်စု ပန်းခြင်းကိုင်၍ ချီတက်လာသည်ကို မြင်သဖြင့် 'ပန်းခြင်းလာတယ် ဘေးကိုဖယ်၊ ဘေးကိုဖယ်'ဟု အော် ဟစ်၍ လမ်းရှင်းပေးသည်။ ကျွန်တော်တို့တစ်စု မျက်နှာထားတင်း တင်းနှင့် ရှင်းထားသောလမ်းအတိုင်း လျှောက်သွားကြသည်။ အား လုံးမျက်နှာထားများ တင်းနေပြီး မျက်လုံးများက အရောင်တဖိတ်ဖိတ် တောက်နေကြသည်။ ကျွန်တော်ရေးသော စာတန်း၏ အဓိပ္ပာယ် မှာ ဦးသန့်ကဲ့သို့ပုဂ္ဂိုလ်မျိုး ဆုံးပါးသွားရ၍ အလွန်ဝမ်းနည်းမိသည်။ သို့သော် ထိုပုဂ္ဂိုလ်မျိုးကို အစိုးရမှ ဂုဏ်မပြုဘဲ လျစ်လျူရှုခြင်းသည် ကျွန်တော်တို့အားလုံးကို ပိုမို၍ဝမ်းနည်းကြေကွဲမှုကို ဖြစ်စေသည် ဆိုသည့် မကျေနပ်ချက်ကို ဖော်ပြထားခြင်းဖြစ်သည်။
ထို့နောက် ဦးသန့်အခေါင်းရှေ့တွင် ပန်းခြင်းကိုချပြီး ဦးညွှတ် အလေးပြုပြီးနောက် ခပ်သွက်သွက် ပြန်လည်ထွက်လာခဲ့ကြသည်။ ပန်းခြင်းချနေစဉ် ဖမ်းမလား၊ ပြန်အထွက်တွင် ဖမ်းမလားဟု စိုး ရိမ်နေကြသော်လည်း ချောချောမောမော အိမ်သို့ပြန်ရောက်လာ ခဲ့ကြသည်။ ထိုကဲ့သို့ အဖိနှိပ်ခံနေရသော တက္ကသိုလ်ကျောင်းသား များအတွက် ဤကိစ္စမျိုးသည် ရင်ခုန်စရာ စွန့်စားခန်းတစ်ခုနှင့် ကိုယ်ယုံကြည်သည်ကို လုပ်လိုက်ရ၍ ဂုဏ်ယူပီတိဖြစ်မှုတို့ကို တစ် ပြိုင်တည်း ခံစားနိုင်ခဲ့ကြသည်။ အားလုံး ရဲမြင့်အိမ်ပြန် ရောက် တော့ ည ၁၁နာရီခန့် ရှိပြီ။
ကျွန်တော်သည် ဘူမိဗေဒအဓိကဖြင့် ၁၉၇၄ခုနှစ်တွင် ဘွဲ့ ရပြီးနောက် ဘွဲ့လွန်တက်နေပြီး တစ်ဖက်မှလည်း နိုင်ငံခြားဘာ သာစာသင်သိပ္ပံတွင် ဂျပန်ဘာသာကို သင်ယူနေဆဲဖြစ်ပါသည်။ ဂျပန်ဆရာမ အီကုရာနီရှိဒေး(Ikura Neshide) သည် အလွန်ချစ် ဖွယ်ကောင်းပြီး သီချင်းဆိုလည်း အလွန်ကောင်းပါသည်။ ထို့ ကြောင့် ဂျပန်ဘာသာ ကျောင်းသူကျောင်းသားများအားလုံး သူ့ကို ချစ်ကြသည်။
ဒီဇင်ဘာ ၅ရက် နံနက်၉နာရီခန့် ကျွန်တော်၊ ရဲမြင့်သိန်းတို့ တစ်အုပ်၊ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်သို့ ရောက်ပါသည်။ တက္က သိုလ်ဝင်းထဲတွင် ကျောင်းသားများ ဟိုတစ်စုဒီတစ်စုနှင့် ရှိနေကြ ပါသည်။ ကျောင်းနေဖက်သူငယ်ချင်း ရန်ကုန်တိုင်း တာတိုချန်ပီယံ ဖိုးပိန်(ကျော်စွာ)က မိတ်ဆက်ပေးသဖြင့် ရန်ကင်းကျောင်းသား တစ်ဦးဖြစ်သူ ကိုပေါက်နှင့် သိခွင့်ရခဲ့သည်။ ထိုမှတဖန် မှတ်မှတ် ရရ ကိုပေါက်က ကျွန်တော့်အား အဓိပတိလမ်းပေါ်တွင် တင်မောင် ဦးနှင့် မိတ်ဆက်ပေးခဲ့ဖူးသည်။ ဒါက''ရာဘကြီး ကိုတင်မောင်ဦး''ဟု မိတ်ဆက်ပေးပြီး ကျွန်တော့်ကို ကိုထွန်း ကိုထွန်းအောင်ကျော်က နာမည်အပြည့်အစုံပေါ့ဟု ဆိုခဲ့သည်။
ယခုလည်း အဓိပတိလမ်းမပေါ်တွင် တင်မောင်ဦးနှင့် မချိန်း ထားဘဲ ဆုံတွေ့ကြပြန်သည်။ တင်မောင်ဦးက ကိုထွန်းနဲ့ ကိုရဲတို့ ပါလား။ ဒီအတိုင်းလွှတ်ထားလို့မရဘူးနော်''ဟု ဆိုသည်။ ကျွန် တော်ကျွဗှ့မှ ကျောင်းသားများ တစ်စုတစ်စည်းတည်းချီတက် ဖို့လိုကြောင်း၊ လူများလေ ကောင်းလေဖြစ်မည်ဟု ပြောသည်ကို ကိုတင်မောင်ဦးက သဘောတူပြီး ကျိုက္ကဆံကွင်း ဦးသန့်ရုပ်အလောင်း ထားရာအရှေ့ဘက်တွင် ပြန်လည်ဆုံစည်းကြမည်ဟု ပြောပါသည်။ ကိုတင်မောင်ဦးမှာ ကျွန်တော်နှင့်အရပ်မတိမ်းမယိမ်းရှိပြီး ကိုယ် လုံးကိုယ်ထည် တုတ်ခိုင်တောင့်တင်းသူတစ်ဦး ဖြစ်သည်။ သူ၏အေးစက်သောမျက်လုံးများက မိမိယုံကြည်ရာကို နောက်မဆုတ် တမ်းလုပ်မည့်သူတစ်ဦးဟု ဖော်ပြနေခဲ့ပါသည်။
သူ၏တုတ်ခိုင် သော လည်ပင်းနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများက ပြတ်သားသူတစ်ဦးဖြစ်ကြောင်း ထပ်ဆင့်ပြောကြားနေသကဲ့သို့ ရှိပါသည်။ ရဲမြင့်နှင့်ကျွန်တော်တို့ ကျောင်းဝင်းအတွင်း အခြေအနေ စောင့်ကြည့်၍ ကျောင်းသားများ အဓိပတိလမ်းမပေါ်တွင် တစ်စ တစ်စများပြားလာမှုကို တွေ့ရသည့်အခါ အားတက်လာကြပြီး တင်မောင်ဦးအား အခြေအနေကောင်းကြောင်း ပြောကြားသည့် အခါ သူက ''ကျွန်တော်လဲ အဆောင်နေကျောင်းသားတွေကို မနေ့ ထဲက လာဆွေးနွေးထားတယ်။ အားလုံးနီးပါးလိုက် လာကြလိမ့် မယ်''ဟု ဆိုပါသည်။ ရဲမြင့်အဆောင်မှ ကောင်မလေးများကလည်း ''အစ်ကို ညီမတို့သူငယ်ချင်းတွေကို ပြောပြီးပြီ သူတို့အဆောင်တွေ ကလဲ လိုက်ကြမယ်''ဟု လာရောက်သတင်းပေးသဖြင့် ကျွန်တော် တို့တတွေ စိတ်လှုပ်ရှားတက်ြ<ွကလာခဲ့ကြပါသည်။
(ဆက်လက်ဖော်ပြပါမည်)
#YangonMediaGroup #YangonTimesJournal #Story #UThant
Subscribe to:
Post Comments (Atom)
No comments:
Post a Comment