Latest News

Friday, March 3, 2017

ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၂)

ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၂)

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

အဆောင်နေကျောင်းသားများအခန်းကဏ္ဍ

၁) ကိုဟန်ရှင်ဝင်း
အရေးအခင်းတွင် ပါဝင်ပတ်သက်သူများအကြောင်း ပြောလျှင် အဆောင်နေကျောင်းသားများအခန်းကဏ္ဍကို ချန်လှပ်ထား၍ မရချေ။ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း အထွေထွေအတွင်းရေးမှူး ကိုဟန်ရှင်ဝင်းသည် လူချစ်လူခင်ပေါသည်။ ရေစကြိုမြို့၌ သိပ္ပံထူးချွန်ဆုရပြီး သင်္ချာအဓိက ဖြင့် ကျောင်းလာတက်နေသူ ဖြစ်သည်။ ဦးသန့်အရေးအခင်း ဖြစ် သည့်အချိန်တွင် ကိုဟန်ရှင်ဝင်းသည် သင်္ချာအဓိက နောက်ဆုံးနှစ် ကျောင်းသားဖြစ်သည်။ ပင်းယဆောင် အပေါ်ဆုံးထပ် အခန်း(၁၁၄) တွင် နေသည်။ ကိုဟန်ရှင်ဝင်းသည် အရပ်ပုပု ၅ပေ၃ လက်မခန့် ရှိ သည်။ မျက်လုံးမှေးမှေးနှင့် သွားအနည်းငယ်ခေါသည်။ ပွင့်လင်း ဖော်ရွေသော သူ့အပြုံးက လူအများကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူ့မျက်လုံးများက သူယုံကြည်ရာကို လုပ်မည့်သူတစ်ဦးဟု ဖော်ပြ နေကြသည်။ အရပ်ပုသလောက် သွက်လက်ဖျတ်လတ်သူ တစ်ဦး လည်း ဖြစ်သည်။

ကိုဟန်ရှင်ဝင်း၏ ပွင့်လင်းဖော်ရွှေမှု၊ ကျောင်းသားအဖွဲ့အစည်း များဖြစ်သည့် ဝိဇ္ဇာသိပ္ပံမဂ္ဂဇင်း၊ သင်္ချာအသင်း၊ 'အ'သုံးလုံးကော်မတီ စသည်တို့တွင် တက်ြ<ွကစွာ ပါဝင်ခဲ့သူဖြစ်သဖြင့် အပေါင်းအသင်း များသည်၊ လူဝင်ဆန့်သည်။ အောက်တိုဘာ သီတင်းကျွတ်ကထိန်ပွဲ အတွက် မုန့်ဟင်းခါးချက်လျှင် ကိုဟန်ရှင်ဝင်းကို အားကိုးရသည်။ သူဦးစီးလုပ်လျှင် အစစအရာရာ အဆင်ပြေသည်။

ဗုဒ္ဓဘာသာအသင်းတွင် ယခင်က အထွေထွေအတွင်းရေးမှူး ကိုကျော်ဝင်းကို ဆရာများ သဘောကျ ရွေးချယ်ပေးခဲ့သည်။ သို့ရာ တွင် ကိုကျော်ဝင်းက အပေါင်းအသင်းနည်းသည်၊ အသင်းကို ဦး မဆောင်နိုင်။ ဗုဒ္ဓဘာသာအသင်း ပြက္ခဒိန်ထုတ်ဝေသင့် မသင့်ကို ဆွေးနွေးကြသည့်အခါ ဒေါက်တာခင်မောင်ကြည် (စီးပွားရေးတက္က သိုလ်)က ထုတ်ဝေသင့်ကြောင်း၊ ထုတ်ဝေခြင်းဖြင့် အသင်းကို လူသိ ပိုများလာမည်ဖြစ်ကြောင်း ထောက်ခံချက် ပေးသည်၊ ထိုကိစ္စကို ကိုကျော်ဝင်း မလုပ်နိုင်၊ ကိုဟန်ရှင်ဝင်း ဦးစီးလျှင် ဖြစ်နိုင်သည်ဟု အများက မြင်ကြသည်။ ထို့ကြောင့် အရေးပေါ်အစည်းအဝေးလုပ် ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ကိုဟန်ရှင်ဝင်းကို ရွေးကောက် တင်မြှောက်ပြီး အကောင်အထည်ဖော်စေသည်။ ကိုဟန်ရှင်ဝင်းက ပြက္ခဒိန်အတွက် ကမ္ဘာအေးပိဋကတ်ပုံနှိပ်စက်သို့ သွားချည်ပြန်ချည် ကြိုးစားလုပ်ကိုင်ခဲ့သည်။

ကိုဟန်ရှင်ဝင်းသည် အပေါင်းအသင်းဆက်ဆံရေး ကောင်းရုံ မဟုတ်။ Óဏ်လည်း အလွန်ကောင်းသည်၊ တက္ကသိုလ်ပထမနှစ်မှ စ၍ သိပ္ပံထူးချွန်ဆုရပြီး သင်္ချာအဓိကဖြင့် ပထမနှစ်မှ နောက်ဆုံးနှစ် အထိ နံပါတ်(၁)စွဲသူ (Roll No. 1)အဖြစ် လူသိများသူ ဖြစ်သည်။ ဦးသန့် ကွယ်လွန်၍ သူ့အလောင်းကို ရန်ကုန်သယ်လာသည့်အခါ အဆောင်နေ ကျောင်းသားများကြားတွင် ဦးသန့်ဈာပန ပို့ဆောင် ရေးသည် လုပ်သင့်သည့် အလုပ်၊ ဂုဏ်ပြုသင့်သည့် အလုပ်ဟူ၍ ဆွေးနွေးလာကြသည်။ အရာရာတွင် စပ်စပ်၊ စပ်စပ် ပါဝင်တတ် သော ကိုဟန်ရှင်ဝင်းကလည်း လုပ်သင့်သည်ဟု ထင်သည်။

ထိုကြောင့် ထိုကိစ္စကို ဆွေးနွေးကြရန် စိတ်ပညာကျောင်းသား များရှိရာ ရန်ကုန်တက္ကသိုလ်ရှိ တောင်ငူဆောင် တိုးချဲ့အဆောက် အအုံတွင် ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။ ကိုစိန်မြင့်မောင်တို့ အဆောင် နေ ကျောင်းသားများနှင့် နေ့ကျောင်းသားများ တက်ရောက်ဆွေးနွေး ကြသည်။ နေ့ကျောင်းသားထဲမှ ကိုတင်မောင်ဦးက “ဦးသန့်ဈာပန ကို ကျောင်းသားများမှ ဂုဏ်ပြုသောအားဖြင့် သိုက်မြိုက်စွာ ပို့ဆောင် ပေးသင့်ကြောင်း၊ တစ်ဆက်တည်း ပျောက်ကွယ်နေသည့် ကျောင်း သားသမဂ္ဂကို ပြန်လည်ဖော်ထုတ်ရမယ်''ဟု တင်ပြခဲ့သည်။ ထိုအခါ ကိုဟန်ရှင်ဝင်းက ''ဒါဖြင့် အဲဒါဆို နိုင်ငံရေးတွေပါနေမှာပေါ့၊ ဒီလို ဆိုရင် ကျုပ်တို့နှိပ်ကွပ်ခံရလိမ့်မယ်''ဆိုပြီး ကန့်ကွက်ခဲ့သည်။ ကိုစိန် မြင့်မောင်က ''ကျွန်တော်တို့ ကျောင်းသားတွေ ပါရမယ်၊ အစိုးရကလဲ လက်ခံရမယ်၊ ကျောင်းသားတွေ မပါရင် စည်ကားမှာ မဟုတ်ဘူး၊ စည်စည်ကားကားပို့ဆောင်ဖို့ နိုင်ငံရေးမပါဘဲပို့ရင် ပိုကောင်းမယ်'' ဟု ဆွေးနွေးသည်။ ကိုဟန်ရှင်ဝင်းတို့အုပ်စုတွင် ဗုဒ္ဓဘာသာအသင်း မှ ဘာသာရပ်အလိုက်နှင့် တက္ကသိုလ်အလိုက် တာဝန်ခံများလည်း တက်ရောက်ကြသည်။

နိုင်ငံရေးနဲ့မပတ်သက်ဘဲ ဦးသန့်ဈာပနကို သိုက်သိုက်ဝန်းဝန်း လိုက်ပို့သင့်သည်ဟု တင်ပြသော ကိုစိန်မြင့်မောင်၏ တင်ပြချက်ကို ကိုဟန်ရှင်ဝင်းတို့အုပ်စုက ကြိုက်သည်၊ ထောက်ခံသည်။ သို့ရာတွင် ဆိုက်ကို(စိတ်ပညာ)ကျောင်းသားများနှင့် ကိုတင်မောင်ဦးတို့ကလည်း ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးကို မလျှော့တမ်း တင်ပြ လာနေသည့်အတွက် ကိုဟန်ရှင်ဝင်းတို့အုပ်စု(ပင်းယ၊ အင်းဝ၊ ပဲခူး၊ သထုံအုပ်စု) အစည်းအဝေးမှ လစ်ထွက်လာခဲ့ကြသည်။ နိုင်ငံရေး မလုပ်သင့်၊ လုပ်လျှင်လည်း မအောင်မြင်နိုင်ဟု ထင်၍ဖြစ်သည်။

နောက်တစ်နေ့တွင် ထိုဆွေးနွေးပွဲကိစ္စနှင့်ပတ်သက်ပြီး ကိုဟန် ရှင်ဝင်းကို ကျောင်းသားရေးရာဌာနအရာရှိ ဦးဋ္ဌေးမြင့်က ခေါ်ယူ မေးမြန်းလာခဲ့သည်။ ကျောင်းသားသမဂ္ဂကိစ္စ ပါသလား၊ ဟုတ်သလား ဟု ဖြစ်သည်။ ကိုဟန်ရှင်ဝင်းက ''ဟုတ်တယ်၊ ကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ နိုင်ငံရေးမပါချင်လို့ ပြန်လာခဲ့တယ်။ ဘယ်က လူတွေလဲ မသိဘူး''ဟု ဖြောင့်ကွယ်ပြီး မယုတ်မလွန် ဖြေသည်။ ဦးဋ္ဌေးမြင့်က ''သူတို့နဲ့မရောနဲ့ သတိထား၊ ထောက်လှမ်းရေးက လိုက် နေပြီ။ မင်းတို့ပါ ပြဿနာတက်လိမ့်မယ်''ဟု သတိပေးသည်။

ကိုဟန်ရှင်ဝင်းက ''ကျွန်တော်တို့ နိုင်ငံရေးကို စိတ်မဝင်စားပါ ဘူး။ ဦးသန့်ဈာပနကို စည်စည်ကားကားဖြစ်ချင်တာ တစ်ခုပါပဲ''ဟု ပြောရာ ဦးမင်းဆွေ(ပြည်ချစ် ဗိုလ်မှူးထွန်းရွှေ၏ ယောက်ခမနှင့် ငွေစာရင်းဌာနမှူး)က ဘာလိုချင်သလဲဟုမေး၍ ပေးလိုက်သော ပစ္စည်းမှာ လက်ကိုင်မိုက်ခွက်တစ်လုံး ဖြစ်သည်။ ကျောင်းသားရေးရာ ဌာနပိုင်ဖြစ်ပြီး 'အ'သုံးလုံး၊ သန်းခေါင်စာရင်းကောက် စသည်တို့ လုပ်စဉ်က အသုံးပြုသော လက်ကျန်ပစ္စည်းဖြစ်သည်။ မိုက်ကို ကိုင် သောသူကသာ လူအုပ်ကို ခေါင်းဆောင်နိုင်သည်။ ထို့ကြောင့် လက် မလွှတ်ရန် သတိပေးသေးသည်။ ကိုဟန်ရှင်ဝင်းတို့အနေနှင့် ဦးသန့် ကို အလွန်ကြည်ညိုသည်။ စည်စည်ကားကားလိုက်ပို့ရန် ဆန္ဒတစ်ခု တည်းသာ ရှိသည်။ ထိုအချိန်က၊ ဖိန့်ဖိန့်တုန်အောင် ကြောက်ရ သော ကျောင်းသားရေးရာကဲ့သို့ ဝန်ထမ်းများနှင့် ဝန်ထမ်းကြီးများ ကပါ မီးစိမ်းပြသလို အလိုတူအလိုပါ အားပေးလာသည့်အခါ ပိုမို ရဲတင်းလာကြသည်။ ကျောင်းစာသင်ခန်းများအတွင်း ရဲတင်းစွာ လိုက်လံစည်းရုံးကြသည်။ အတန်းယူသော ဆရာများကလည်း လို လားစွာ ခွင့်ပြုသည်။ ခါတိုင်းလည်း ဗုဒ္ဓဘာသာအသင်း၊ သင်္ချာ အသင်းကိစ္စများကို လုပ်နေကြ ကျောင်းသားကြီးများ ဖြစ်လေ၍လား မသိ။ လိုလားဟန်ပြသသည်ကို ¤င်းတို့မျက်နှာများတွင် အထင်းသား မြင်နေရသည်။ သင်္ချာအသင်း၊ EC များပါ ပါဝင်ပြီး အသင်းလိုက် လှုပ်ရှားမှုကြီး အသွင်အလိုလို ဖြစ်လာသည်။ ငွေစုသည်၊ စာရင်းစု သည်၊ ကားစီစဉ်သည်၊ ကျွေးမွေးရေးကို စီစဉ်သည်။ အစုလိုက် လူ မကွဲရန်၊ အမှတ်အသားများ ဝေငှခြင်း၊ အတန်းလိုက် အခန်းလိုက် လိုက်ပါရမည့်ကားများကို နံပါတ်သတ်မှတ်ခြင်း စသဖြင့် အုပ်စုလိုက် ရော၊ အသင်းလိုက်ရော စုစုဝေးဝေး ဈာပနကိစ္စကို လိုက်ပို့ကြဖို့ နှိုး ဆော်သည်။ ဦးသန့်လို ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်မျိုးကို ယခုကဲ့သို့ ကွင်းလယ်ကောင် ကျိုက္ကဆံမှာ အခမ်းအနားမဲ့စွာ ခွေးသေလိုထား ခြင်းကို ငါတို့ ဘာလုပ်သင့်သနည်းဆိုသော အမေးများမှာ ကျောင်း သားများကို မေးရိုးကြောများ ထောင်ထလာအောင် ဒေါသထွက် ခံပြင်းစေသော မေးခွန်းများ ဖြစ်သည်။

မီးသွေးခဲလဲ မဲသလို၊ ကျောင်းတော်သားလည်း ရဲတယ်မို့လား?
ကြောက်သလားဟေ့ မောင်တို့ရေ့! ပို့မှာလားဟေ့ မောင်တို့ရေ့!
ကမ္ဘာကသိတဲ့ တို့ဦးသန့်ကို ခွေးလို၊ ကြမ်းပိုးလို အဖြစ်ခံမှာ
လားဟေ့?

ကြောက်တဲ့သူ နေခဲ့ကြ၊ ပို့မယ့်သူ လိုက်ခဲ့ကြ”ဆိုသော သွေး ဆူစေသည့် မေးခွန်းများကို မေးသည့်အခါ အားလုံး ပို့မယ့်သူချည်း ဖြစ်ကုန်ကြတော့သည်။

ပွားနှုန်းက ကိုဟန်ရှင်ဝင်းတို့ တစ်မနက်ပဲ စည်းရုံးရသည်။ နေ့ လယ် ၁၂နာရီကျော်တော့ အဓိပတိလမ်း အပြည့်၊ အဆောင်ရှေ့ မှာ အပြည့်၊ ရင်ပြင်နီ(တက္ကသိုလ်စာတိုက်ရှေ့) အပြည့်၊ အဆောင် နေ ဟောကျူတာဆရာ ဦးမျိုးမြင့် (နောင်ကမာရွတ်မြို့နယ် NLD ဥက္ကဋ္ဌ ဖြစ်မည့်သူ)နှင့် ဆရာဦးသင်းလှိုင်တို့သည်လည်း အုပ်ထိန်း ရသောဆရာအဖြစ်မှ မေ့လျော့ပြီး ''၁၉၇ဝ ရွှေရတုပြီးရင် ဒါ အစည် ဆုံးပဲဟ''ဟု ကျောင်းသားများကြားမှာ လိုက်ပြောနေသည်ကို ဝမ်း မြောက်စွာ တွေ့ရသည်။ ဆိုရလျှင်၊ ဆရာများရော၊ ကျောင်းသား များပါ မတိုင်ပင်ဘဲ ညီညွတ်ကြသည်ဆိုက မမှားချေ။

နိုင်ငံတော်ဈာပနအဖြစ် အစိုးရက မသတ်မှတ်သော်လည်း ပြည်သူက ကိုယ့်အသိစိတ်ဖြင့်ကိုယ် ညီညွတ်စွာ သတ်မှတ်လာခဲ့ သည်။ လမ်းစဉ်လူငယ်ခေါင်းဆောင်တွေကလည်း သူ့အုပ်စုနှင့်သူ ပါလာသည်ကို ကိုဟန်ရှင်ဝင်း မြင်တွေ့ရသည်။ ထိုစဉ်က ကိုဇော် ငြိမ်းလတ်သည် (ယခု နိုင်ငံရေးအကျဉ်းသားဟောင်းများအသင်း ဥက္ကဋ္ဌ၊ မဲဆောက်)၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၏ လမ်းစဉ်လူငယ် အတွင်းရေးမှူး ဖြစ်သည်။ သူတို့ကလည်း ကားတစ်စီးနှင့် မိုက်ခရို ဖုန်းနှင့် ဖြစ်သည်။

၂) စီးပွားရေးတက္ကသိုလ် ကိုစိုးညွန့်(ပြောင်ကြီး)
ဦးသန့်အရေးအခင်းကိုရေးလျှင် စီးပွားရေးတက္ကသိုလ်မှ ဘောဂ ဗေဒအသင်း၏ အထွေထွေအတွင်းရေးမှူး ကိုစိုးညွန့် (ပြောင်ကြီး- ယခု နယူးယောက်မြို့)ကိုလည်း ချန်လှပ်ထား၍ မရပါ။

ကိုစိုးညွန့်အမေ၏ မိဘများသည် အညာမုံရွာမှဖြစ်ပြီး အဖေ ကတော့ ဖျာပုံဇာတိ။ အသားညိုညို ကိုယ်လုံးကိုယ်ထည် ကောင်း ကောင်း၊ မျက်နှာထားတည်တည်နှင့် ကိုစိုးညွန့်သည် လုပ်မည်ဆို လျှင် ဖြစ်အောင်လုပ်တတ်သူ ဖြစ်သည်။ စကားများများမပြော၊ ကြင် နာသော မျက်လုံး၊ နှုတ်ခမ်းထူထူနှင့် စကားပြောလျှင် ပြတ်ပြတ် ပြောတတ်သူဖြစ်သည်။ မျက်နှာထားကြည့်ရုံနှင့် ယုံကြည်ထိုက်သူ တစ်ဦးအဖြစ် ခံစားမိနိုင်သည်။ ထို့ကြောင့် ဘောဂဗေဒအသင်း၏ အထွေထွေ အတွင်းရေးမှူးအဖြစ် လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီး ကျောင်းသားများက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁ရက် ဦးသန့်အလောင်း ရန်ကုန်မြို့သို့ ရောက်လာ ပြီးနောက် သွားရောက်ကြိုဆိုခဲ့သူ ပညာရေးဒုဝန်ကြီး ဦးအောင်ထွန်း ကို ရာထူးမှ ထုတ်ပယ်လိုက်သည့်သတင်း ပျံ့နှံ့နေချိန် ဖြစ်သည်။

ကိုစိုးညွန့်သည် ဒေး(နေ့)ကျောင်းသားဖြစ်သည်။ စာမေးပွဲရက် နီးနေသဖြင့် အုန်းတောဆောင်တွင် သူငယ်ချင်းများနှင့် စာလာ ကျက်နေသည်။ ကိုစိုးညွန့်၏ အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ဦး ဖြစ်သူ ဝါဏိဇ္ဇဗေဒမှ ကိုဇော်မင်းက ကိုစိုးညွန့် စာကျက်ရာသို့ ပေါက် ချလာသည်။
''ဟေ့ စိုးညွန့် ဦးသန့်အလောင်း ရန်ကုန်ရောက်လာပြီကွ၊ အဲဒါ ငါတို့ စီးပွားရေးတက္ကသိုလ်အနေနဲ့ လွမ်းသူ့ပန်းခွေ ချချင်တယ်၊ မင်း ဘယ်လိုသဘောရသလဲ''ဟု မေးသည်။

ကိုစိုးညွန့်က''အေး ငါ မနက်ဖြန်အကြောင်းပြန်မယ်၊ အီကိုရှေ့ မှာ တွေ့မယ်''ဟု ပြောလွှတ်လိုက်သည်။ ကိုဇော်မင်းက မိုးညှင်းသား ဇွဲကပင်ဆောင်တွင် နေသည်။ ''အေး ကောင်းပြီ၊ မနက်ဖြန်မှာတွေ့ မယ်''ဟု ပြောပြီး ကိုဇော်မင်း ပြန်သွားသည်။

နောက်တစ်နေ့ ဒီဇင်ဘာ ၃ရက်တွင် ကိုစိုးညွန့် ကျောင်းသို့ ထွက်လာခဲ့သည်။ အတန်းက မွန်းတည့် ၁၂နာရီမှစမည်။ ကျောင်း ရောက်တော့ ၉နာရီခန့်ရှိပြီ။ ကိုဇော်မင်း အတန်းက မနက် ၇နာရီ ခန့် စသည်။ သို့ရာတွင် ကိုစိုးညွန့်နှင့် လွဲမည်စိုး၍ အတန်းမတက်ဘဲ အီကိုရှေ့မှ စောင့်နေသည်။ တွေ့သည်နှင့် ကိုဇော်မင်းက ဘယ်လို လဲဟု မေးငေါ့ပြီး မေးသည်။ ကိုစိုးညွန့်က ''အေး လုပ်ကြတာပေါ့ ကွာ''ဟု ပြောလိုက်သည်။

ကိုစိုးညွန့်က ''ငါလုပ်နိုင်တာက ပန်းခွေပို့ပေးမယ်၊ ငွေကောက် မယ်၊ ဒါပေမဲ့ ဒီ့ပြင်အသင်းတွေကိုတော့ ငါ မကောက်ရဲဘူးကွ၊ ငါ့ အသင်းမဟုတ်ဘူး၊ စာရင်းအင်းတို့ ဝါဏိဇ္ဇတို့က ငါနဲ့မဆိုင်ဘူး''။

ကိုဇော်မင်းက''အေးပါကွာ၊ မင်း တတ်နိုင်သလောက် လုပ် စမ်းပါ''ဟု ဆိုသည်။

ကိုစိုးညွန့်တို့အုပ်စု ပထမစစချင်း ဒုတိယနှစ်ကျောင်းသားများ အတန်းသို့ သွားရောက်ပြီး ပိုက်ဆံကောက်သည်။ ဒုတိယနှစ် ပြီး တော့ တတိယနှစ်၊ ပြီးတော့ မိမိတို့ နောက်ဆုံးနှစ် ဘောဂဗေဒ အတန်းသို့ သွားပြီးကောက်သည်။ အံသြစရာကောင်းလောက်အောင် ကျောင်းသားများက အားတက်သရော ငွေထည့်ဝင်ကြသည်။ လေး စားထိုက်သူကို လေးစားရမှန်း အသိတရားရှိကြသည်။ ပညာတတ် များ ဖြစ်ပေသကိုး၊ စစ်အာဏာရူးတွေနဲ့ ဘယ်တူနိုင်ပါ့မလဲ။ ပိုက်ဆံ ရေကြည့်တော့ ငွေ ထောင့်ငါးရာခန့် ရသည်။ ထိုခေတ်က ငွေတန်ဖိုး နှင့်ကြည့်လျှင် အတော်များသည်ဟု ပြောနိုင်သည်။ အီကိုကင်တင်း တွင် ဦးလှမောင်ထမင်းဆိုင်၌ ထမင်းအဝစား ၆၅ပြားပဲ ပေးရသည်။ မုန့်ဟင်းခါး အကြော်နှင့်တစ်ပွဲကို ၂၅ပြားဆိုတော့ ငွေထောင့်ငါးရာ သည် အတော်များသည်ဟု ဆိုရမည်ဖြစ်သည်။

ကိုစိုးညွန့် မြို့မခင်သို့သွားပြီး ယပ်တောင် ၁ဝဝဝ မှာသည်။ မြို့ထဲသို့သွားပြီး ၂၈လမ်းမှာ ပန်းခွေမှာသည်။ ဘတ်စ်ကား ၁၁စီး စရန်ပေးပြီးငှားသည်။ ထိုအတောအတွင်း ဒီဇင်ဘာ ၂ရက်နှင့် ၃ ရက်နေ့များတွင် ကျောင်းသားများ ကိုယ့်အစုနှင့်ကိုယ် နီးစပ်ရာ ဖိတ်ကြားပြီး ဦးသန့်ဈာပနကိစ္စကို ဆွေးနွေးကြသည်။

( နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည် )
#YangonTimesJournal #Article

No comments:

Post a Comment