Latest News

Tuesday, March 28, 2017

သင်္ကြန်ပိတ်ရက် နဲ့ ပတ်သက်ရင်တော့ မူအားဖြင့် ကျွန်တော် က အစိုးရဘက်မှာ ရှိပါတယ် ။ အသေအချာပြောရရင်

သင်္ကြန်ပိတ်ရက် နဲ့ ပတ်သက်ရင်တော့ မူအားဖြင့် ကျွန်တော် က အစိုးရဘက်မှာ ရှိပါတယ် ။ အသေအချာပြောရရင်

၁ ။ အစိုးရ ယန္တယား ကို တဆက်တည်း ၁၀ ရက်  ( စနေ ၊ တနင်္ဂနွေ နဲ့ ချိတ်ဆက်မိတဲ့ လတွေ ဆို ၂ ပတ် နီးပါး ရပ်ဆိုင်းထားရတာဟာ တိုင်းပြည် အုပ်ချုပ်ရေး လုပ်ငန်းများမှာသာ မက ဆက်နွယ်ပတ်သက်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာ ဆိုးကျိုး သက်ရောက်မှုတွေရှိပါတယ် ။ ဒီနှစ် ၂၀၁၇ ဆိုရင် ဧပြီတစ်လလုံးမှာ ရုံးဖွင့်ရက် ၁၂ ရက်ပဲရှိပါတယ် ။ဝန်ထမ်းတစ်ဦးချင်းစီအနေနဲ့ ခုလို ရက်ရှည် တာဝန်ကနေအနားယူကြတာ ဘာမှမဖြစ်ပေမယ့် ရှိသမျှ ဝန်ထမ်းတွေ အားလုံး တချိန်တည်း တပြိုင်တည်းမှာ  အခုလို ရက်ရှည် အလုပ်ကနေ အနားယူလိုက်တာဟာ ပုံမှန်လည်ပတ်နေရတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ ကြီးမားတဲ့ တုန့်ဆိုင်းမှုကြီးဖြစ်စေပါတယ် ။ ( ဧပြီလဟာ ဘဏ္ဍာ နှစ်တနှစ်ရဲ့ အစပိုင်းဖြစ်တာကြောင့် အချို့လုပ်ငန်းပိုင်းတွေ အဆင်မပြေမှုတွေကြုံရတယ်လို့ လည်း ဝန်ထမ်း အကြီးအကဲပိုင်း အချို့ ကပြောပါတယ်)။ ပြီးတော့ ဒီကိစ္စကိုပြောရတာဟာလည်း ဝန်ထမ်းတွေ ရဲ့ အားလပ်ရက် ခံစားခွင့်ကို ဖြတ်တောက် နှုတ်သိမ်းချင်တဲ့ သဘောနဲ့ မဟုတ်ပါဘူး ။ ရက်အရှည်ကြီးကို တစ်ဆက် တစ်ဆက်တည်း ရှိရှိသမျှ ဝန်ထမ်းတွေ အားလုံး တပြိုင်တည်းရယူခြင်း ဆိုတဲ့ ကိစ္စမှာ ဖြစ်ပေါ်နေတဲ့ ဘေးထွက်ဆိုးကျိုးကိုသာ ပြောချင်တာဖြစ်ပါတယ်။

၂ ။ နောက်တချက်က ဒီ နှစ်သစ်ကူး သင်္ကြန် ရုံးပိတ်ရက် ၁၀ ရက် ခံစားခွင့် ဆိုတာဟာလည်း ရှေးပဝေသဏီကတည်းက ရရှိခံစားခဲ့ကြတဲ့ မူလ ခံစားခွင့်မဟုတ်ပဲ နဝတ အစိုးရလက်ထက်မှာ အုပ်ချုပ်ရေး မြို့တော် ကို ရန်ကုန် ကနေ နေပြည်တော် မြို့သစ်ကိုပြောင်းရွှေ့ ရာကနေဖြစ်ပေါ်လာတဲ့ အကျိုးဆက် ၊ တနည်းပြောရရင် နိုင်ငံရေး အရ လဘ်ထိုးထားတဲ့ အခွင်အရေးဖြစ်ပါတယ်။ အမှန်တကယ် ရှေး ပဝေသဏီကတည်း ကကျင့်သုံးခဲ့ကြတဲ့ သင်္ကြန် နှစ်သစ်ကူးပိတ်ရက်ဟာ လွန်ခဲ့တဲ့ ၁၀ က အထိ ၅ ရက်ပဲဖြစ်ပါတယ်။ နေပြည်တော် ကိုပြောင်းပြီးနောက်ပိုင်းမှာ မိမိ နေ့ရပ်ကို ခွဲခွါပြီး အဝေးကိုပြောင်းရွှေ့ လုပ်ကိုင်ကြရတဲ့ အစိုးရ ဝန်ထမ်းထုကြီးကို ကျေနပ်နှစ်သိမ့်စေတဲ့ အနေနဲ့ ဒီ ခွင် ၅ ရက်ကိုပေးခဲ့တာပဲဖြစ်ပါတယ် ။ ဒါကြောင့် အရင်လို ၅ ရက်ပြန်ပြီးသတ်မှတ်တာဟာ သင်္ကြန်နီးကပ်နေမှ ကြေညာလိုက်တဲ့ အတွက် ပြင်ဆင်ချိန်မရတော့လို့ လက်တလော အခက်အခဲ တွေဖြစ်ကြ ကြုံကြရပေမယ့် နှစ်စဉ် ခါးသီးစွာ ကြုံတွေ့ခံစားကြမယ့် နစ်နာမှုတော့လည်းမဟုတ်ပါ ။

(၃) သင်္ကြန် ကို အရင်လို ၅ ရက်ပြန်ပြီးသတ်မှတ်လိုက်ပေမယ့် တနှစ်လုံး စုစုပေါင်း ပိတ်ရက် ခံစားခွင့်အနေနဲ့ မနစ်နာရအောင် သီတင်းကျွတ် ၊ တန်ဆောင်တိုင် ပိတ်ရက်တွေ တိုးပေးခြင်းအပါအဝင် အင်္ဂလိပ်နှစ်သစ်ကူးကို အရင်ကပိတ်ရက် ထုံးစံမရှိခဲ့ပေမယ့် ပိတ်ရက် အသစ် အနေနဲ့ သတ်မှတ်ပေးပြီး အားလုံး ရုံးပိတ်ရက်အသစ် ၅ ရက်ကို ထပ်တိုးသတ်မှတ်ပေးပြီး သင်္ကြန်ပိတ်ရက်ကလျော့သွားတဲ့  ၅ ရက်ကို အစားပြန်ဖြည့်ပေးထားတယ် ။ အမှန်တော့ ဒီကိစ္စမှာ အမှန်တကယ် ထိခိုက်နစ်နာသူတွေ ပုဂ္ဂလိက ဝန်ထမ်းတွေ က ပုဂ္ဂလိက စက်ရုံ အလုပ်ရုံ လုပ်သားတွေပါ ။ ဒါပေမယ့် သူတို့ ထိခိုက်တယ်ဆိုတာက ပိတ်ရက် ၅ ရက်လျော့သွားလို့  မနားရလို့မဟုတ်ဖူး ။ အဲဒီရက်တွေ မှာ အလုပ်ဆင်းရင် overtime လုပ်ခကြေး မြတ်မြတ်လေးရကြပါတယ်။ တနှစ်မှာ တကြိမ် များများလေးရဖို့ အခွင့်အရေးဖြစ်လို့ပါပဲ ။ ဒါပေမယ့် အခုလည်း ပိတ်ရက် ၅ ရက်အသစ် ထပ်ရတဲ့အတွက် သင်္ကြန်ပိတ်ရက်လို တပေါင်းတစည်းထဲမရပေမယ့် တနှစ်လုံးခြုံကြည့်ရင် ဒီအခွင့်အရေးက လုံးဝ ဆုံးရှုံးသွားတာမဟုတ်ပါဘူး ။

(၄) အမှန်တော့ ဝန်ထမ်းတယောက်ဟာ ရက်ရှည် အားလပ်ရက်ခံစားခွင့် ရချင်တယ်ဆိုတာ ခွင့်ပြုထိုက်တဲ့ ခံစားခွင့်ပါ။ ဒါပေမယ့် ဝန်ထမ်း အားလုံး ရက်ရှည် ပိတ်ရက် တပြိုင်တည်း ရယူ လိုက်တယ်ဆိုတာသူတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်လိုက်တာပါ။ အချို့အလုပ်တွေဆိုရင် အခုလို ရက်အကြာကြီး ရပ်ဆိုင်းထားရတာက ဆိုးကျိုးရလဒ်တွေ ဖြစ်ပေါ်စေပါတယ်။ အမှန်တော့ အစိုးရ အနေနဲ့ ဝန်ထမ်းတွေကို စီမံပေးသင့်တာကတော့ Vacation ရက်ရှည် ခွင့်ခံစားခွင့်တွေ အဆင်ပြေသလို ရယူကြသုံးဆွဲကြဖို့ စီစဉ်တိုက်တွန်းပေးသင့်ပါတယ် ။ Vacation  အားလပ်ရက် ခွင့်ယူခံစား ကြတယ်ဆိုတာဟာ ဝန်ထမ်း တစ်ဦးချင်းဆီ ရဲ့ အကျိုးအကြောင်း ညီညွတ်မှုပေါ်မှာ တည်နေတဲ့အတွက် တစ်ဦးချင်း အဆင်ပြေသလို ခွင့် ရက်ရှည်ယူကြတာက ဝန်ထမ်း အားလုံးစုပြုံပြီး အလုပ်က အနားယူတာထက်စာရင် လုပ်ငန်းကို ထိခိုက်စေတာမျိုးမဖြစ်နိုင်တော့ပါဘူး။ နောက်တချက်က ဝန်ထမ်းတွေ ခွင့်ရယူ ခံစားခွင့် အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ဥပဒေ ပြဌန်း ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ဥပဒေ အရဆိုရင် ဝန်ထမ်း တစ်ဦးဟာ  လစာထဲက ဖြတ်တောက်ခြင်း မပြုပဲ တနှစ်မှာ ခွင့် တစ်လ ရယူခွင့် ရရှိမှာဖြစ်သလို ၊ အကယ်၍ အဲဒီ တစ်လ ခွင့်ခံစားခွင့် ကို မယူခဲ့ဘူးဆိုရင် အဲဒီ ဝန်ထမ်း ဟာ နှစ်ကုန်တဲ့အခါ တစ်လစာ လစာ နဲ့ ညီမျှတဲ့ ဆုကြေးငွေကို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီ ခံစားခွင့် ဥပဒေ ဟာ အသက်မဝင်သေးတာလည်းဆိုတာ မသိပါဘူး။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ဒီ ဥပဒေ အရ ဝန်ထမ်းတွေ အကျိုးခံစားခွင့် ရရှိအောင်မြန်မြန် နည်းလမ်းရှာပြီးဆောင်ရွက်ပေးဖို့ကြိုးစားသင့်ပါတယ်။

အမှန်တော့ ခြုံပြီး ပြောရရင် အစိုးရသစ် က မနပ်တာပါ ၊ အသစ် တိုးပေးလိုက်တဲ့ ပိတ်ရက် ခံစားခွင့်တွေ အတွက် ကျေးဇူးမတင်ကြပဲ အလျော့ခံရတဲ့ ပိတ်ရက်တွေ အတွက်ပဲ အပြစ်ပြောခံရတယ်ဆိုတာ တည့်တည့်ပြောရရင် အစိုးရ ညံ့လို့ ပါ။

( Thiha Thwe ) ရေးသားသည်။

No comments:

Post a Comment