Latest News

Thursday, March 9, 2017

၆၄ နှစ်တာခရီးနဲ့ သမိုင်းထဲက အကယ်ဒမီ

၆၄ နှစ်တာခရီးနဲ့ သမိုင်းထဲက အကယ်ဒမီ



အကယ်ဒမီဆိုတာ ရုပ်ရှင်လောကသားတွေအတွက် တန်ဖိုးထားရဆုံး ဆုတစ်ဆုလို့ ဆိုကြပါတယ်။ တစ်နှစ်တာလုံးရဲ့ အထူးချွန်ဆုံး ဆုတွေအဖြစ် ပေးအပ်ချီးမြှင့်တဲ့ ရုပ်ရှင်အကယ်ဒမီက မြန်မာ့ရုပ်ရှင် သမိုင်းကြောင်းမှာ ၆၄ နှစ် ခရီးတိုင်ခဲ့ပါပြီ။ အကယ်ဒမီရဲ့ ၆၄ နှစ်ခရီးကို ပြန်လှည့်ကြည့်မယ် ဆိုရင်တော့ဖြင့် မမေ့နိုင်စရာ သမိုင်းမှတ်တိုင်တွေ အများကြီး ပါဝင်လို့နေသလို ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်တွေရဲ့ သမိုင်းမှတ်တိုင်တွေလည်း ဖြစ်နေတာကို တွေ့ရမှာပါ။ အကယ်ဒမီ သမိုင်းခရီးစဉ် စာမျက်နှာကို လှန်လှောကြည့်မယ် ဆိုရင်တော့ဖြင့် . . .

အကယ်ဒမီရဲ့ကနဦးအစ

မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ၁၉၅၂ ခုနှစ်နဲ့ ၁၉၅၃ ခုနှစ်မှာ ရုပ်ရှင်ထူးချွန်ဆု သုံးမျိုးကိုသာ ချီးမြှင့်ခဲ့တာဖြစ်ပြီး ပထမအကောင်းဆုံး ဇာတ်ကားဆုကို ရွှေကိန္နရီရုပ်၊ ဒုတိယအကောင်းဆုံး ဇာတ်ကားဆုကို ငွေဒေါင်းရုပ်၊ တတိယအကောင်းဆုံး ဇာတ်ကားဆုကို ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံး အမျိုးသားပညာသည်ဆုကို ရွှေရင်ထိုး၊ အကောင်းဆုံး အမျိုးသမီး ပညာသည်ဆုကို ရွှေရင်ထိုးတွေ ပေးအပ်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ ဒါရိုက်တာဆုကို တိုးမြှင့်ပေးအပ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာတော့ ဇာတ်ကားဆုကို အကောင်းဆုံး ဆုတစ်ဆုတည်းပဲ ပြောင်းလဲပေးအပ်ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာ ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆုတစ်ဆုကိုပါ ထပ်မံတိုးမြှင့်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာတော့ ဆုပုံသဏ္ဌာန်ကို ရွှေရင်ထိုးတံဆိပ်ကနေ ရွှေကိန္ဒရီရုပ် ပုံစံပြောင်းလဲခဲ့ပါတယ်။

၁၉၆၂ ခုနှစ်က စတင်လို့ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုလို့ ခွဲခြားပြီး ထူးချွန်ဆု အရေအတွက် တိုးမြှင့်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်က စတင်ကာ ရုပ်ရှင်ဇာတ်ညွှန်း ထူးချွန်ဆု၊ ရုပ်ရှင်တေးဂီတ ထူးချွန်ဆု၊ ရုပ်ရှင်အသံ ထူးချွန်ဆုတွေကိုပါ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၃ မှစတင်ပြီး ရွှေကိန္ဒရီရုပ်မှာ တပ်ဆင်ထားတဲ့ ငွေကြယ်အစား ရွှေကြယ်အစစ်ကို ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ ၁၉၉၄ မှာတော့ ရုပ်ရှင်တည်းဖြတ်ဆု တစ်ဆုတိုးမြှင့်ပြီး စုစုပေါင်း ဆုအရေအတွက် ၁၁ ဆုပေးအပ်ခဲ့ပါတယ်။

နှစ် ၆၀ ကျော်ခရီးနဲ့ ဆုအရေအတွက်

နှစ် ၆၀ ခရီးတိုင်ခဲ့ပြီဖြစ်တဲ့ အကယ်ဒမီခရီးမှာ ဆုအရေအတွက် ၃၀၀ ကျော်ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပေးအပ်ခဲ့တဲ့ ဆုတွေကတော့ ရုပ်ရှင်ဇာတ်ကားဆု ၄၆ ဆု (ဒုတိယဆု သုံးဆု+တတိယဆု သုံးဆု)၊ ဒါရိုက်တာဆု ၄၆ ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု ၄၉ ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၅၈ ဆု၊ အမျိုးသား ဇာတ်ပို့ဆု ၄၀ ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု ၄၃ ဆု၊ ရုပ်ရှင်ဓာတ်ပုံဆု ၄၈ ဆု၊ ရုပ်ရှင်တေးဂီတဆု ၁၇ ဆု၊ ရုပ်ရှင်အသံဆု ၁၀ ဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု ၁၃ ဆု၊ ရုပ်ရှင်တည်းဖြတ်ဆု ၁၂ ဆုနဲ့ အထူးဆု ၅ ဆုတို့ပဲ ဖြစ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ အတွက် ချီးမြှင့်ပြီးသွားရင်တော့ ဆုအရေအတွက်တွေ ထပ်တိုးလာတော့မှာပါ။

အကယ်ဒမီ အများဆုံးရရှိခဲ့တဲ့ အနုပညာရှင်တွေ

အကယ်ဒမီ သမိုင်းကို ပြန်လည် ကြည့်ရှုမယ်ဆိုရင် အကယ်ဒမီ အများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်တွေကိုလည်း တွေ့မြင်ရမှာပါ။ သရုပ်ဆောင် အကယ်ဒမီ ညွန့်ဝင်းက ခုနစ်ကြိမ်တိုင် အကယ်ဒမီရရှိပြီး အကယ်ဒမီအများဆုံး ရရှိထားသူ ဖြစ်ပါတယ်။ အကယ်ဒမီ ခြောက်ကြိမ်ရရှိပြီး ဒုတိယအများဆုံး ရရှိထားသူတွေကတော့ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၊ ကင်မရာမန်း ဦးသန်းညွန့် (ပန်းသာ) ပဲဖြစ်ပါတယ်။ အကယ်ဒမီ ငါးဆုရရှိပြီး တတိယအများဆုံး ရရှိထားသူတွေက သရုပ်ဆောင် အကယ်ဒမီ မြင့်မြင့်ခင်၊ ဒါရိုက်တာ မောင်တင်ဦး၊ သရုပ်ဆောင် အကယ်ဒမီ ကျော်ဟိန်း၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ သရုပ်ဆောင် အကယ်ဒမီ မေသန်းနု၊ သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်၊ သရုပ်ဆောင် ဦးကိုကိုဌေး (ထိပ်တန်း) တို့ပဲဖြစ်ပါတယ်။

ရှားရှားပါးပါး အထူးဆု

အကယ်ဒမီသမိုင်းမှာ ရှားရှားပါးပါးလို့ ဆိုရမယ့် အထူးဆုကတော့ သရုပ်ဆောင် ပညာထူးချွန်တဲ့ ကလေးသရုပ်ဆောင်တွေကို ပေးအပ်တာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ငါးဆုသာ ချီးမြှင့်ခဲ့ဖူးပြီး ရရှိခဲ့တဲ့သူတွေကတော့ ဖိုးပြုံးချို ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် ၀င်းမာ၊ အဖေတစ်ခုသားတစ်ခု ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေး၊ မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် အင်္ဂလန်စိန်၊ ရင်ထဲကဆောင်းရာသီ ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် အိဖြူစိုး၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားနဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းတို့ပဲ ဖြစ်ပါတယ်။ အခုနှစ်အတွက်လည်း အထူးဆုပေးအပ်ဖို့ ရေပန်းစားနေတာကြောင့် ဆဋ္ဌမမြောက် အထူးဆုကို ဘယ်သူရယူနိုင်မယ် ဆိုတာက စောင့်ကြည့်ရမှာပါ။

အကယ်ဒမီပွဲ ကျင်းပခဲ့တဲ့ နေရာတွေ

၁၉၅၂ ခုနှစ်ကစလို့ အကယ်ဒမီ ထူးချွန်ဆု ပေးအပ်ပွဲပြုလုပ်ခဲ့ရာ ရန်ကုန်မြို့မှာရှိတဲ့ နေရာတော်တော်များများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်အတွက်ကစလို့ ၂၀၁၀ ပြည့်နှစ် အတွက်ထိ နေပြည်တော်မှာ ပြောင်းလဲကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက်က ပြန်လည်စတင်ကာ ရန်ကုန်မှာပဲ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မှာ နှစ်အသီးသီး ပြုလုပ်နိုင်ခဲ့တဲ့ နေရာအချို့ကတော့ မြန်မာ့အသံ မြက်ခင်းပြင်၊ ဂျူဗလီဟော၊ အမျိုးသားကဇာတ်ရုံ၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ စတာတွေပဲ ဖြစ်ပါတယ်။ အခုနှစ်အတွက်တော့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပထမဆုံးအကြိမ် ပြုလုပ်မှာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ပေးအပ်ခဲ့တဲ့ အကယ်ဒမီရုပ်တု

ပထမဆုံး စတင်ပေးအပ်တဲ့ အကယ်ဒမီရုပ်ကစလို့ ယနေ့အချိန်ထိ နှစ်အလိုက် ပေးအပ်ခဲ့တဲ့ အကယ်ဒမီ ရုပ်တုတွေကို ပီအောဦးထွန်းရင်နှင့်သားများ ပန်းထိမ်လုပ်ငန်းက ပုံဖော်ထု လုပ်ပေးခဲ့တာပါ။ ပြောင်းလဲခဲ့တဲ့ အကယ်ဒမီရုပ်တု ပုံသဏ္ဌာန်အလိုက်၊ ပြောင်းလဲခဲ့တဲ့ အကယ်ဒမီ ရုပ်တုအရေအတွက် အလိုက်ကို ပီအောဦးထွန်းရင်နှင့် သားများ ပန်းထိမ်လုပ်ငန်းကပဲ တာဝန်ယူ ပုံဖော်ခဲ့တယ်လို့ သိရပါတယ်။ အခုနှစ်အတွက်လည်း သူတို့ဖန်တီးထားတဲ့ အကယ်ဒမီ ရွှေစင်ရုပ်တုတွေကဖြင့် ပိုင်ရှင်လက်ထံ အရောက်လှမ်းဖို့ အသင့်စောင့်ဆိုင်းလို့ နေကြပါပြီ။

ဒါကတော့ နှစ် ၆၀ ခရီး ကျော်လွန်ခဲ့ပြီဖြစ်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီခရီးထဲက လက်လှမ်းမီသလောက် စုစည်းတင်ပြခဲ့တာပါ။ သမိုင်းမှတ်တိုင်တွေထဲက တစ်ခုအနေနဲ့ အခုနှစ်အကယ်ဒမီ သမိုင်းမှာ ဘယ်သူတွေက စာရင်းဝင်မယ် ဆိုတာကိုတော့ဖြင့်  . . .

လင်းလင်းခိုင်


Eleven Media Group

No comments:

Post a Comment