Latest News

Thursday, March 23, 2017

တောင်မင်း မြောက်မင်း မကယ်နိုင်

တောင်မင်း မြောက်မင်း မကယ်နိုင်

အကာလ ညသန်းကောင်ယံအချိန်။

ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ် တစ်ဝိုက်တွင် ကားသံ၊ လူသံများ တိတ်ဆိတ် နေသဖြင့် ပုဇင်းရင်ကွဲ အော်သံများ အတိုင်း သား ကြားနေရသည်။

သို့သော် သေသေချာချာ နားထောင် ကြည့်မည် ဆိုပါက ပုဇင်းအော်သံ များ အ ကြား စကားသံ လိုလို အသံများ ကြားရမည် ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်ကြေးရုပ် အနီး၌ မည်းမည်း မည်းမည်း အရိပ်များ လှုပ်ရှားနေ သည် ကိုလည်း မြင်တွေ့ နိုင်သည်။

တကယ်တော့ ယင်းနေရာတွင် ဗိုလ်ချုပ် ရုပ်တုစောင့် သည့် နတ်များ ၏ ပြည်လုံးကျွတ် အစည်း အဝေး ကျင်းပနေခြင်း ဖြစ် သည်။ တစ်နိုင်ငံ လုံးရှိ ရုပ်တု အဟောင်း အသစ် မျိုးစုံမှ အစောင့်နတ် များအားလုံး ကန်တော် ကြီး၊ ဗိုလ်ချုပ်ကြေး ရုပ်ရှေ့တွင် လာရောက် စုဝေးပြီး သူတို့၏ အခက် အခဲနှင့် ပြသနာများကို အစီရင်ခံ တင်ပြကြသည်။

အခမ်း အနားတွင် သဘာပတိ အဖြစ် အိမ်ရှင် ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ် စောင့်နတ်ကြီးက တာဝန် ယူရသည်။

“အားလုံးပဲ မင်္ဂလာပါ။ အခု အစည်း အဝေးဟာ ပထမဆုံး အကြိမ် ကျင်းပတာ ဖြစ်ပေမယ့် နတ်မင်းများ စုံစုံညီညီ တက်ရောက် လာတာကို အထူးပဲ ၀မ်းမြောက် မိပါတယ်။ ဗိုလ်ချုပ် နှစ် တစ်ရာပြည့် အမီ ရုပ်တု သစ်တွေ အများကြီး ထပ်တိုး တာကြောင့်လည်း မျက်နှာ သစ် နတ်မင်း တွေလည်း အများကြီး တွေ့နေ ရတာကို ၀မ်းသာ ပါတယ်။ အခု အချိန်က စလို့ နတ်မင်းတို့ရဲ့ ပြသနာတွေကို တစ်ဦးချင်းစီ အလှည့်ကျ လွတ်လပ်စွာ တင်ပြဆွေးနွေး ခွင့် ရပါပြီ”

ကန်တော်ကြီး ကြေးရုပ်စောင့် နတ်မင်းကြီး ၏ စကား အဆုံးတွင် နတ်မင်း တစ်ပါး မျက် ရည်လေး စမ်းစမ်း စမ်းစမ်းဖြင့် ထလာသည်။

“အမယ်မင်း ... ပြောရတော့မယ်။ အဟင့် .... ရွှတ် ... ”

“ဟဲ့ ဟဲ့။ ဘယ့်နှယ်။ အခု ထလာတာ ဘယ်က နတ်မင်းလဲကွဲ့”

“ကျွန်တော်က မြန်အောင် ဗိုလ်ချုပ် ရုပ်တုကို စောင့်ရတဲ့ နတ်မင်းပါ ခင်ဗျာ ... အဟင့် .... အဟင့် ... ”

“သြော်။ သက်တမ်း တစ်နှစ်တောင် မပြည့်သေးတဲ့ နတ်ပေါက် စလေးပဲ။ ဆိုစမ်း ပါဦး။ ဘာလို့ ဒီလောက်တောင် ငိုနေရ တာ လဲ”

“ငိုဆို ကျွန်တော့်မှာ စောင့်စရာ ရုပ်တု တောင် မရှိတဲ့ ဘ၀ ရောက်နေ တာကိုး ခင်ဗျ။ ကျွန်တော် စောင့်ရတဲ့ ရုပ်တုကို အရူးတစ် ယောက်က ဘယ်သူ မြှောက်ပေး လိုက်တယ် မသိဘူး။ တစစီ လာဖျက် သွားပါ လေရော လား ... အီး ..ဟီး... ဟီး ...”

“သြော်။ ငါတို့လည်း အဲဒီ သတင်းကို ဖေ့စ်ဘုတ်မှာ ...  အဲလေ ...  နတ် မျက်စိနဲ့ မြင်လိုက် ပါတယ်။ သိပ်လည်း ၀မ်းမနည်း ပါနဲ့။ အုတ်ခုံလေးတော့ ကျန်ခဲ့သား ပဲ။ အဲလေ ...  ပြန်ဆောက်ပေး ကြ မှာပါ”

အစည်းအဝေး တက်လာသည့် နတ်မင်း တစ်ပါးက တစ်စုံတစ်ခုကို သတိရပြီး ထပြောသည်။

“နေပါဦး။ ပြီးခဲ့တဲ့နှစ် ကလည်း ကြံခင်း မှာ ဗိုလ်ချုပ် ရုပ်တု တစ်ခု ခေါင်းဖြုတ် ခံရသေး တယ် မဟုတ်လား”

တစ်ချိန်လုံး ငြိမ်နားထောင်နေ သည့် ကြံခင်းမှ နတ်က ကမန်းကတမ်း ထရပ်ပြီး ထောက်ခံသည်။

“ဟုတ်ပါတယ်။ ကျွန်တော် စောင့်ရတဲ့ ဗိုလ်ချုပ်ကြေးရုပ် ကို ဆေးကြောင်နေ တဲ့ လူတစ်ယောက်က ခေါင်းဖြုတ် သွားတာပါ။ ခုတော့ ပြန်တပ် လိုက်ပါပြီ”

ကန်တော်ကြီးမှ နတ်မင်းကြီးက တစုံ တစ်ခုကို တွေးဆ ဟန်ဖြင့် မှတ်ချက်ပေး သည်။

“အနီးအနား မြို့နှစ်မြို့မှာ ပုံစံတူ အမှု နှစ်ခု ဖြစ် တာဟာ သွေးရိုး သားရိုးတော့ မဖြစ်နိုင် ဘူး။ ပြီးတော့ နှစ်ယောက် စလုံး ကလည်း စိတ်ပုံမှန် ရှိတဲ့ သူတွေ မဟုတ် ကြ ဘူး။ ဒီနှစ်မှုက တနည်းနည်းနဲ့ ဆက်နွယ်နေ နိုင်တယ် နတ်မင်းတို့။ ဒီကိစ္စ ကို စုံစမ်း စစ်ဆေး ရေး ကော်မရှင် ဖွဲ့ရင် မကောင်း ဘူးလား”

ပြည်မှ ဗိုလ်ချုပ်ကြေးရုပ်စောင့် နတ် မင်းက ချက်ချင်း ထပြီး ထောက်ခံသည်။

“လုပ်သင့် ပါတယ်။ မြန်အောင်နဲ့ ကြံခင်း ပြီးရင် ကျွန်တော်တို့ ဆီကိုလည်း အချိန် မရွေး ရောက်လာနိုင် တယ်လေ။ ကော်မရှင် မှာ လေဘာတီ ရုပ်တုစောင့် နတ်မင်းတို့ ဘာတို့ ထည့်ရင် ပိုကောင်း ပါတယ်”

“လောလောဆယ် ဒေါ်လာဈေးက အရမ်းမြင့်နေသလို နတ်ဘတ်ဂျတ် ကလည်း နည်းနေလို့ နိုင်ငံခြားက နတ်မင်းတွေ မငှားနိုင်သေး ဘူးကွဲ့။ မြောက်ဥက္ကလာက ဗိုလ်ချုပ်ကြေးရုပ် စောင့်တဲ့ နတ်မင်း ကတော့ အရင် ဘ၀က စုံထောက်ဖြစ် ခဲ့ဖူးတယ် ပြောတယ်။ သူ့ကို ထည့်ပေး မယ်လေ”

မြောက်ဥက္ကလာ ကြေးရုပ်စောင့်နတ်က ချက်ချင်းထငြင်းသည်။

“မဖြစ်ပါဘူး ခင်ဗျာ။ လောလောဆယ် ကျွန်တော်တောင် ကိုယ့် ကြေး ရုပ် ကို ဘယ်အချိန် ကုမ္ပဏီက သိမ်းသွား မလဲ ဆိုတာ မျက်ခြေမပြတ် ကြည့်နေ ရလို့ ပါ။ ကျွန်တော့် ရုပ်တုဘေးက မီးသတ်ရေကန် ကြီးတောင် ပါသွားပြီလေ။ ကိုယ့်အလှည့် လည်း ဘယ်နေ့ ရောက်မလဲ ဆိုတာ ရင်တ ထိတ်ထိတ် နဲ့ စောင့်ကြည့်နေ ရပါတယ်”

“ဗိုလ်ချုပ်ကြေးရုပ် ကြီးကိုတော့ ဒီ လုပ်ငန်းရှင်တွေ မသိမ်းလောက် ပါဘူးလေ။ သိပ်မစိုးရိမ် ပါနဲ့”

“ပြောမရဘူးဗျ။ ပန်းခြံနဲ့ မီးသတ်ရေ ကန်တောင် ဒီလိုပဲ ပါသွားပြီးပြီ”

“ကဲ ကဲ။ ဆန္ဒ မရှိရင်လည်း ရပါတယ်။ ဒါဆို မုဒုံက ဗိုလ်ချုပ်ကြေး ရုပ်စောင့်တဲ့ နတ်မင်း ဆိုရင်ရော။ သူလည်း အရင် ဘ၀က ထောက် လှမ်းရေး ဆိုလားပဲ”

မုဒုံမှ နတ်မင်း ကလည်း ချက်ချင်းထ ပြီး ကန့်ကွက်ပြန်သည်။

“အမလေး။ ကျွန်တော်လည်း သူ့လို ပါပဲ။ ဟိုတစ်နေ့ကတောင် ဘုန်းကြီးတွေ ကြေးရုပ်ရှေ့ လာပြီး လက်ခလယ်ထောင် ဆဲ သွားတာ ခံလိုက် ရပြီးပြီ။ ကြေးရုပ်ကို အလို မရှိ ဆိုပြီး ကန့်ကွက်တဲ့ သူက ကန့်ကွက် နဲ့။ ဘယ်အချိန် ဘုံပျောက်မလဲ မသိ ဖြစ်နေ တာ။ မလုပ် ပါရစေနဲ့”

“သြော်။ တို့ဘ၀ ကလည်း တောင်မင်း ကို မြောက်မင်း မကယ်နိုင် ဖြစ်နေ တာကိုး။ ကိုယ့်အချင်းချင်း ကူညီ လိုက်ကြပါ”

“ကျွန်တော်တို့ ပြည်နယ်တွေ က ရုပ်တု စောင့် နတ်မင်းတွေ ဘ၀ဟာ သဘာ ပတိ ကြီးတို့လို မြို့လယ်ခေါင်မှာ အခန့်သား နေရ တာ မဟုတ်ဘူး။ တိုက်ပွဲ ဖြစ်လည်း အဆဲခံ ရ၊ ဆွေးနွေးပွဲ အဆင် မပြေရင် လည်း အဆဲ ခံရနဲ့။ တစ်ချိန်လုံး ခေါင်းကျိန်း နေတာ။ သူ့သမီး အာဏာရ လို့ သက်သာ မလား မှတ်ပါတယ်။ ထိုင်ခုံပျောက် လို့  အညှိုး နဲ့ ခြေထိုး ချင်တဲ့ကောင်တွေ ပိုများ လာလို့ အရင်က ထက်တောင် ပိုဆိုး လာသလိုပဲ”

မုဒုံ နတ်မင်း၏ စကားကို ကချင်ပြည် နယ်မှ နတ်မင်းက ၀င်ထောက်ခံ သည်။

“ဟုတ်ပါတယ် သဘာပတိကြီး။ ကျွန် တော် ဆိုလည်း မြစ်ကြီးနားမှာ ဗိုလ် ချုပ်ကြေး ရုပ် ထားမယ် ဆိုလို့ ပို့စတင် ယူပြီး အဆင် သင့် စောင့် နေ တာ။ အခု ပင်လုံ ကတိက၀တ် မရသေးလို့  ရုပ်တု အစီအစဉ်ကို ဆိုင်းငံ့ ထားသတဲ့။ ကျွန်တော် က တော့ မျောက်သစ် ကိုင်းလွတ် ဖြစ်ပါပြီ”

သဘာပတိ ကြီးလည်း ခေါင်းကို တ ဗျင်းဗျင်း ကုတ်ရင်း စိတ်ညစ်နေ သည်။

“အေးလေ။ တို့ဘ၀ ကလည်း မြန်မာ ပြည်သူတွေ အတွက် ကိုယ်ကျိုး စွန့်ပြီး အနစ် နာခံခဲ့တဲ့ လွတ်လပ်ရေး ဖခင်ကြီးရဲ့ ရုပ်တု ဖြစ်နေ တာတောင် ဘယ်အချိန် ဘုံပျောက် မလဲ စိုးရိမ်နေရတဲ့ ဘ၀။ ဘာဘိုးဘိုးကြီး၊ ညာဘိုးဘိုးကြီး၊ ဘာစောင့်နတ်၊ ညာစောင့် နတ် ရုပ်တုတွေ ဆိုရင်တောင် အနေအစား မပျက်တဲ့ အပြင် နေ့တိုင်း ပူဇော် ပသတဲ့ လူတွေ ရှိသေးတယ်။ တို့က တစ်နှစ်နေလို့မှ ပန်းခွေ လေး တစ်ခါတောင် နပ်မမှန် ချင်ဘူး”

ထိုအခါ နတ်မင်း တစ်ပါးက သူ၏ အကြံကို ထပြောသည်။

“ဒီလို လုပ်ကြပါလား။ ကျွန်တော်တို့ ဘုံလည်း မပျောက်၊ ဘယ်သူမှ မထိရဲတဲ့ အပြင် အမြဲတမ်း ပူဇော် ပသ ခံရမယ့် နည်းလမ်း ရှိတယ်”

နတ်မင်းများ အားလုံး စိတ်ဝင်စား သွားကြသည်။

“ပြောစမ်းပါဦး။ ဘာနည်းလမ်းလဲ”

“ဒီလိုလေ။ ဗိုလ်ချုပ် ရုပ်တု တွေကို လွတ်လပ်ရေး ဘိုးဘိုးကြီး ဖြစ်ဖြစ်၊ နတ်မင်းကြီး ဖြစ်ဖြစ် နာမည် ပြောင်းလိုက်ပါလား။ ဒါဆို ဘယ်သူမှ မထိရဲ တော့ဘူး”

နတ်မင်းများ အားလုံး သံပြိုင် ရေရွတ် မိလိုက်ကြသည်။

“ဗရမ်းဗတာတွေ ပါဟယ်”

(မောင်စူပါ)

Writer : Zin Thaw Naing

No comments:

Post a Comment