Latest News

Sunday, March 12, 2017

နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ လက်နက်များ ထပ်မံ လုယူခံရပြန်

နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ လက်နက်များ ထပ်မံ လုယူခံရပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဇံရွာ ရဲကင်းမှ မသင်္ကာသူ ၅ဦးကို ခေါ်ယူစစ်ဆေးရာ ရဲတပ် ဖွဲ့ဝင်များကို လုံးထွေးတိုက်ခိုက်၍ လက်နက် ၃လက်နှင့် ခဲယမ်းအချို့ကို လုယူထွက်ပြေးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၄နာရီခန့်က ဆိုင်ကယ် ၅စီးဖြင့် တရားမဝင်ပစ္စည်းများ တင်ဆောင်လာ ကြောင်း သတင်းပေးချက်အရ အောင်ဇံ ရဲကင်းမှူးနှင့် အဖွဲ့ဝင်များက စစ်ဆေးရာ ၎င်းလူ ၅ဦးက လုံးထွေးသတ်ပုတ်ပြီး ရဲကင်းမှ ဘီအေ ၉၄ ရိုင်ဖယ် ၂လက်နှင့် ဘီအေ ၆၃ တလက်ကို လုယူ၍ နယ်စပ်မိုင်တိုင် ၄၃ဘက်သို့ ထွက်ပြေးသွားကြောင်း၊ လက်နက်လုယူသွားသူများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှင်းနေပြီး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကိုလည်း အကြောင်းကြား ထားကြောင်း သိရပါတယ်။

အဆိုပါ လက်နက်လုသူ ၅ဦးမှာ ဒိုင်းနက်လူမျိုးများဟု ယူဆရပြီး၊ ၎င်းတို့ပါလာသည့် ဆာလာအိတ်နှင့် ကျောပိုးအိတ်များထဲမှ ဘီယာဗူးများ၊ ဆားကစ်ပြားများနှင့် ရီမုများကိုတွေ့ရကြောင်းလည်း သတင်း တွင် ပါရှိပါတယ်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများကို အကြမ်း ဖက်သမားများက တိုက်ခိုက်ပြီးနောက် နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော် မှ လုပ်ဆောင်နေခဲ့ရာ ဖေဖော်ဝါရီလ အတွင်းက နယ်မြေအေးချမ်းလာပြီဖြစ်သည့်အတွက် တပ်မတော်၏ ပါဝင်မှုကို လျော့ချကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကသာ လုံခြုံရေးတာဝန်ကို ယူထားကြောင်းသိရပါတယ်။

Topics: မောင်တော

YOUR THOUGHTS …

ဧရာဝတီ

No comments:

Post a Comment