Latest News

Thursday, March 9, 2017

ပေါင်သန်း ၉၀ တန် ပြဿနာကို မန်ယူ ၀ယ်လိုက်ခြင်းဟု လမ်းပတ် ဝေဖန်

ပေါင်သန်း ၉၀ တန် ပြဿနာကို မန်ယူ ၀ယ်လိုက်ခြင်းဟု လမ်းပတ် ဝေဖန်

လန်ဒန်၊ မတ် ၇

ကစားသမားဘဝက အနားယူလိုက်ပြီဖြစ်သော အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်သည် မန်ယူမှာ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ အသုံးပြု၍ ဝယ်ယူလိုက်သည်မှာ ပေါင်သန်း ၉၀ တန် ပြဿနာကို ဝယ်ယူလိုက်သည်နှင့် အလားသဏ္ဍာန် တူနေပြီဟု ဝေဖန်ထောက်ပြသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။

လမ်းပတ်သည် Sky Sports ရုပ်သံဌာန၏တနင်္လာည ဘောလုံးရေးရာ အစီအစဉ်တွင် လီဗာပူး နောက်ခံလူဟောင်း ကာရေဂါနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပေါ့ဂ်ဘာ၏ စွမ်းဆောင်ရည်ကို ဝေဖန်ထောက်ပြ သွားခဲ့ခြင်းဖြစ်ပြီး ပေါင်သန်း ၉၀ တန် ကစားသမား ဟူသည်မှာ အသင်း လိုအပ်လာချိန်တွင် ပွဲအဖြေကို အလှည့်အပြောင်း လုပ်ပေးနိုင်သူသာ ဖြစ်ရမည်ဟု လမ်းပတ်က ထောက်ပြသွားခဲ့သည်။

လမ်းပတ်သည် ပေါလ်စခိုးနှင့် မာတာတို့မှာ ပေါ့ဂ်ဘာကဲ့သို့ ပေါင်သန်း ၉၀ တန်ကြေးရှိ ကစားသမားများ မဖြစ်ခဲ့ကြသော်လည်း စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွင် ပေါ့ဂ်ဘာထက် များစွာ သာလွန်သည်ဟု ထောက်ပြသွားခဲ့ပြီး မာတာမှာ လက်ရှိ ဘောလုံးရာသီတွင် မန်ယူအတွက် အရေးပါသော သွင်းဂိုးများစွာကို ရယူပေးခဲ့ပြီး ဖြစ်ကြောင်းလည်း လမ်းပတ်က ချီးကျူးပြောဆို သွားခဲ့သည်။

လမ်းပတ်သည် ၎င်းအနေနှင့် ပေါင်သန်း ၉၀ တန်ကြေးနှင့် ထိုက်တန်သူများအဖြစ် စီရော်နယ်ဒို၊ မက်ဆီနှင့် ဆွာရက်ဇ်တို့ကိုသာ မြင်မိကြောင်း အသိပေးသွားခဲ့ပြီး ဘုန်းမောက်နှင့် ပွဲစဉ်တွင် အပိုင်ဂိုးသွင်းခွင့် များစွာကို လွဲချော်နေခဲ့သည့် ပေါ့ဂ်ဘာ၏ စွမ်းဆောင်ရည်မှာ ပြောင်းရွှေ့ကြေး ပမာဏ ပေါင်သန်း ၉၀ နှင့် ထိုက်တန်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ဖွယ် ကောင်းလွန်းခဲ့ကြောင်းလည်း လမ်းပတ်က ပြောကြားသွားခဲ့သေးသည်။

လမ်းပတ်သည် ပေါ့ဂ်ဘာမှာ မန်ယူနည်းပြ မော်ရင်ညို ဖြေရှင်းရမည့် ပြဿနာတစ်ခု ဖြစ်လာနေပြီဟု မှတ်ချက်ပေးထားပြီး လာမည့် ဘောလုံးရာသီတွင် ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေခဲ့ရသည်နှင့် ထိုက်တန်သော ကစားသမားတစ်ဦးအဖြစ် မော်ရင်ညို ပုံမသွင်းနိုင်ခဲ့ပါက ပရိသတ်များ၏ ပြစ်တင်ဝေဖန်မှုနှင့် ရင်ဆိုင်ရဖွယ် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း လမ်းပတ်က ထောက်ပြထားသည်။

တနင်္လာည ဘောလုံးရေးရာ အစီအစဉ်တွင် လမ်းပတ်က “ဘယ်သူကမှ ပေါင်သန်း ၉၀ သုံးပြီး ပြဿနာကို မ၀ယ်ချင်လောက်ပါဘူး။ ဒါပေမဲ့ မန်ယူကတော့ ဝယ်မိလိုက်တဲ့ပုံစံမျိုး ဖြစ်သွားပါပြီ။ ကိုယ်ဟာ ပေါင်သန်း ၉၀ တန်ကြေးရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပြီဆိုရင် တာဝန်ကလည်း ပိုကြီးသွားတယ် ဆိုတာကို သဘောပေါက်ရပါလိမ့်မယ်။ မန်ယူဟာ ပေါ့ဂ်ဘာဆီက ပေါင်သန်း ၉၀ တန် စွမ်းဆောင်ရည်မျိုးကို ရရှိခြင်း မရှိသေးပါဘူး။ ပေါလ်စခိုးနဲ့ မာတာတို့ဟာ ပေါင်သန်း ၉၀ တန် ကွင်းလယ်လူတွေ မဟုတ်ကြပေမယ့် သူတို့က မန်ယူအတွက် အများကြီး လုပ်ပေးထားကြပါတယ်။ တကယ်တော့ ပေါင်သန်း ၉၀ တန် ကစားသမားဆိုတာ ပွဲအလှည့်အပြောင်းကို ဖန်တီးပေးနိုင်စွမ်း ရှိရမှာပါ။ ပေါ့ဂ်ဘာဟာ မန်ယူကို အဲ့ဒီလိုမျိုး တစ်ခါမှ လုပ်မပေးနိုင်သေးပါဘူး”ဟု ပြောကြားသွားခဲ့သည်။

ပေါ့ဂ်ဘာသည် လက်ရှိ ဘောလုံးရာသီတွင် မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ် ၃၈ ပွဲ၊ မိနစ်ပေါင်း ၃၂၈၂ မိနစ် ပါဝင် ကစားခွင့် ရရှိခဲ့ပြီးဖြစ်ကာ အဆိုပါပွဲစဉ် ၃၈ ပွဲတွင် ၎င်းက အသင်းအတွက် သွင်းဂိုး ခုနစ်ဂိုးနှင့် ဂိုးဖန်တီးမှု ငါးကြိမ်သာ ရယူပံ့ပိုးပေးနိုင်ခဲ့သည်။

The Voice

No comments:

Post a Comment