Latest News

Sunday, March 5, 2017

ပြည်သူ တွေကြားထဲ စိမ့်ဝင်နေတဲ့ လိမ်လည် မှုများ


တန်ကြေး သုံးသိန်းငါးသောင်းတန် ဖုန်း ကို ကွန်ပျူတာ မှ random မဲနှိုက်ပြီး ပေါက်သည့်အတွက် ကံထူးရှင်ကို တစ်သိန်းသုံးသောင်းငါးထောင်ကျပ်ဖြင့် အထူးလျှော့ဈေးနှင့် ပို့ပေးမည့်အပြင် လက်ဆောင် နာရီ (သို့မဟုတ်) အခြားပစ္စည်းများပါ ထည့်ပေးထားသည်ဟူသော လိမ်လည်မှုမျိုးဖြင့် လိမ်လည်နေကြသည်ဆိုသည့် သတင်း မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။

Summit Park Views Hotel မှ ဝန်ထမ်းတစ်ဦးက ယင်း၏ သူငယ်ချင်းဖြစ်သူ အလိမ်ခံရမှုနှင့်ပတ်သက်၍ ”လေးသိန်းတန် POCO တံဆိပ် ဖုန်း ကို တစ်သိန်းခွဲနဲ့ ကံစမ်းမဲပေါက်လို့ပေးမယ်။ နောက်ထပ် အပိုဆုအနေနဲ့ ငါးသောင်းတန်ရွှေရောင် နာရီ ပါ ထပ်ပြီး အပိုဆောင်းပေးမယ်။ ယူမယ်ဆိုရင် အိမ်အရောက် လာပို့ပေးတော့မှ ငွေရှင်းဆိုပြီး ပြောတယ်။ ဖုန်း ယူတော့ လာပြတုန်းက အသစ်၊ အကောင်း ပဲ၊ ငွေရှင်းပြီး နှစ်ရက်၊ သုံးရက်ကြာတော့ တက်စ်က ဆွဲလို့မရတော့ဘဲ အလိမ်ခံရမှန်းသိတယ်”ဟု ပြောပြသည်။

¤င်းအား ဖုန်း မဲပေါက်သည်ဟု ကမ်းလှမ်းလာသည့် ဖုန်း နံပါတ်မှာ ဝ၉ ၄၄၈၉၆၅၉၅၄ ဖြစ်ပြီး ထိုနည်းလမ်းအတိုင်း အသိမိတ်ဆွေတစ်ဦး ကို ဆက်သွယ်လာသည့်ဖုန်းမှာ ဝ၉ ၄၄၉၉၂၄၁၂၂ ဖြစ်ကြောင်းနှင့် လူမှုကွန်ရက်တွင် လေ့လာတွေ့ရှိချက်များအရ ထိုအုပ်စုမှ ဆက်သွယ် သည့် ဖုန်းနံပါတ်အများစုမှာ ၄၄ နံပါတ် အစများဖြစ်သည်။ ထိုသို့ ဆက် သွယ်ကမ်းလှမ်းရာတွင်လည်း GSM 42, 45 တို့နှင့် စသည့်နံပါတ်များ သို့ အဆက်များကြောင်း သိရသည်။

အထက်ပါကဲ့သို့ ဖုန်း ဆက်၍ လိမ်လည်သူများအား ဆက်သွယ် ရေး ဥပဒေပုဒ်မ ၆၆(ဂ)နှင့် တရားစွဲဆိုနိုင်ကြောင်း ဥပဒေပညာရှင်များ က ဆိုသည်။

”ဆက်တဲ့သူရဲ့အသံကို Record ထားတာမျိုး လုပ်ထားပါ။ အဲဒီ အသံဖိုင်ကိုလဲ သက်သေခံအနေနဲ့ ရုံးတော်ကို တင်လို့ရတယ်။ အရင် ကတော့ မရဘူး။ အခုက ပြင်ဆင်လိုက်တဲ့ သက်သေခံဥပဒေနဲ့မို့ ရတာ။ သက်သေခံဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(၄)(၅)အရ အခုက တင်လို့ရသွားပြီ”ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်က ရှင်းပြသည်။

လိမ်လည်မှုများတွင် လိမ်သည့် အကြောင်းအရာပေါ်မူတည်၍ တရားစွဲနိုင်သော်လည်း များသောအားဖြင့် ပုဒ်မ ၄၂ဝ၊ ၄ဝ၆၊ ၄ဝ၈ တို့ကဲ့သို့သော ပုဒ်မများကိုသာ သိရှိကြပြီး ဖုန်း မှတစ်ဆင့် လိမ်လည်ခြင်း ကို ဆက်သွယ်ရေးဥပဒေနှင့် တရားစွဲနိုင်ကြောင်းကိုမူ သိရှိသူ မရှိ သလောက် နည်းပါးနေသေးသည်။

လသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းမြင့်က ”အဓိက လိမ်လည်မှု ဆိုတာ လောဘကြောင့်ဖြစ်ကြတာပဲ။ ဟိုဘက်က ယုံကြည်အောင်ပြော တာကို အရမ်းမယုံဖို့ပေါ့။ လသာမှာလဲ အဲလို ဖြစ်စဉ်မျိုးရှိတယ်။ မဲ ပေါက်တယ်ဆိုပြီး လာတိုင်ထားတယ်။ အဲဒါလဲ ဖွင့်ပေးထားတယ်” ဟု ပြောသည်။

အထက်ပါ ဖုန်း ကံစမ်းမဲကဲ့သို့ပင် အွန်လိုင်းမှ နည်းအမျိုးမျိုးဖြင့် လိမ်လည်သူများမှာလည်း ဒုနှင့်ဒေး ရှိနေကြသည်။

”Online Shopping ကနေ ဈေးတန်တယ် ပုံစံကြိုက်တယ်ဆိုပြီး Power Bank ဝယ်တာ။ ထုံးစံအတိုင်း ဘဏ်ကနေ ငွေလွှဲပြေစာကို Chat Box ကနေ သွားပြ။ သူကလဲ လွှဲလိုက်တာကို ပြေစာပြန်ပြပေါ့။ ကျွန်တော်မှာထားတာရလာတော့ ပထမကတော့ သိပ်သတိမထားမိ ဘူး။ သိပ်လဲ မသုံးဖြစ်ဘူး။ နောက်ပိုင်းလည်းကျရော Power Bank က လှုပ်လိုက်ရင် အသံထွက်ထွက်နေလို့၊ ထိပ်ဘက်ကလဲ ပွင့်ချင်သလိုဖြစ် နေလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖွင့်လိုက်တာ။ အထဲမှာ သဲအိတ်ကလေးနဲ့ ဘတ္ထရီအသေးလေး။ သေသေချာချာကို လုပ်ထားတာ။ Facebook မှာ ပြန် သွားပြီးပြောမယ်လုပ်တော့ အဲ့အကောင့်က ကျွန်တော့်ကို Block သွား တာလား မသိဘူး ရှာမတွေ့တော့ဘူး”ဟု ကိုဟိန်းထက်က ၄င်း၏ အလိမ်ခံရပုံကို ပြောပြသည်။

လိမ်လည်သူအချို့မှာ လက်ကားပေးသည့် Group များဖွဲ့ကာ ပြင်ပတွင် မရနိုင်သည့်ဈေးနှုန်းများနှင့် ရောင်းချခြင်း ဖြစ်သည်။ ထိုသူ များသည် ဝယ်သူကို ငွေလွှဲခိုင်း၍ ပစ္စည်းမပို့ခြင်း၊ ငွေကို လိုသလောက် ထုတ်ချေးမည်ဟုဆိုကာ စပေါ်တောင်းပြီး ငွေမချေးတော့ဘဲ ထွက်ပြေး ခြင်းများ ပြုလုပ်သည်များလည်း ရှိသည်။

”တခြားနိုင်ငံတွေမှာတော့ Website တွေကနေ ဝယ်တာတွေက ကျင့်သုံးနေတာကြာပြီ။ ဒီမှာကတော့ လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်တဲ့ Facebook ကနေပဲ ရောင်းကြ၊ ဝယ်ကြတာပါ။ အဲဒီကနေ အလိမ်ခံရလို့ တိုင်ကြားတာလဲ နည်းတာတွေ့ရတယ်။ အဓိကကတော့ အယုံမလွယ်ဖို့ပေါ့။ တချို့Online Shopping Page တွေဆိုရင် ဘယ် လို အဆင်ပြေတယ်။ ပစ္စည်းရတယ်။ နောက်တစ်ခါလည်း အားပေးမယ် ဆိုပြီး ပြောထားတဲ့ Conversation တွေကို Screenshot ရိုက်ပြီး ပြန် တင်တာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေကလည်း အတုလုပ်လို့ရတယ်။ Online မှာ ဖြစ်တဲ့အရာတွေ တော်တော်များများက အယုံလွယ်လို့ဖြစ် ကြရတာ။ အယုံမလွယ်ရင်တော့ အဆင်ပြေမှာပါ”ဟု Web Deve-loper တစ်ဦးဖြစ်သူ ကိုအောင်မျိုးက ဆိုသည်။

အွန်လိုင်းမှ လိမ်လည်ခြင်းခံရပါက ဘဏ်မှ ငွေလွှဲလိုက်သည့် ငွေလွှဲပြေစာနှင့် အခြား သက်သေအထောက်အထားများဖြင့် သက် ဆိုင်ရာ မြို့နယ်ရဲစခန်းတွင် သွားရောက်တိုင်ကြားနိုင်ပြီး ရဲစခန်းသို့ လာရောက်တိုင်တန်းသည့်အခါ ယင်းရဲစခန်းမှ အမှုဖွင့်ပေးခြင်း မရှိ ပါက ရဲဝန်ထမ်းကို အရေးယူနိုင်ကြောင်းလည်း သိရသည်။

”ရဲစခန်းကိုလာတယ်။ တာဝန်မှူးနဲ့တွေ့တယ်။ တာဝန်မှူးက ဖွင့် မပေးရင် စခန်းမှူးရှိတယ်လေ။ စခန်းမှူးနဲ့မရရင် မြို့နယ်မှူးပေါ့။ အမှု မဖွင့်ပေးလို့မရဘူး။ တချို့ကတော့ လာတိုင်တယ်။ ဘယ်သူလိမ်တယ်။ ဘာလိမ်တယ်မှန်း မသိဘဲနဲ့ သာမန်အချက်တွေနဲ့ လာတိုင်ရင်တော့ တစ်မျိုးပေါ့။ တာဝန်ရှိတဲ့သူနဲ့ တွေ့ပါ။ ရဲမှာလဲ စည်းကမ်းထိန်းသိမ်း ရေးဥပဒေ ပြဋ္ဌာန်းပြီးသားလေ။ လသာမြို့နယ်မှာ အဲ့လိုဖြစ်နေရင် ပြောသာပြော ချက်ချင်းလုပ်ပေးမယ်”ဟု ရဲမှူးသိန်းမြင့်က ဆက်လက် ပြောဆိုသည်။
READ ကွန်ပျူတာ အသင်းများ၏ ပြည်နယ်နှင့် တိုင်းအလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲ စိတ်ဝင်စားသူနည်းပါး

ယခုနောက်ပိုင်းတွင် နယ်အများစု၌ လိမ်နည်းအသစ်ဖြင့် လိမ် နေသည့် နည်းတစ်ခုလည်း ရှိနေသေးသည်။ ထိုလိမ်လည်သူများမှာ အောင်ဘာလေ ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၈ဝဝ နှင့်အထက် ရောင်းချနေသူများပင် ဖြစ်သည်။

ပြည်မြို့နယ် ပေါင်းတလည်မှ တောင်သူ ဦးမြအောင်၏ ပြောကြား ချက်အရ ထီလက်မှတ်များကို မူရင်းဈေးထက် အဆမတန်ဈေးတင်ကာ ယင်းထီလက်မှတ်များကို ဝယ်ယူထားပါက အနည်းဆုံး ကျပ် သောင်း ဂဏန်း ကံထူးမည်မှာ မလွဲကြောင်း၊ ထိုသို့ အာမခံ ရောင်းနိုင်ခြင်းမှာ အစိုးရမှ ကွန်ပျူတာနှင့် လက်ရှိဝယ်ယူထားသော အက္ခရာ၊ ဂဏန်းများ နှင့်တိုက်၍ မဲဖောက်ပေးသွားမည် ဖြစ်၍သာဖြစ်ကြောင်း ရောင်းချသူ များက ရှင်းပြသည်ဟု သိရသည်။
ဦးမြအောင်အနေဖြင့်လည်း လောဘအလိုလိုက်ကာ ထီလက်မှတ် ၁ဝ စောင် ထိုးခဲ့ကြောင်း၊ သို့ရာတွင် ထီဖွင့်သည့်အခါ မိမိကံစမ်းထား သော ထီလက်မှတ်များအား တိုက်စစ်သောအခါ ယင်းတို့ပြောသလို ဖြစ်မလာကြောင်း ဆိုပြန်သည်။

”ထီလာရောင်းတဲ့ ကောင်လေး၊ ကောင်မလေးတွေက အသက် ၂ဝ ကျော်ကနေ ၃ဝ သာသာလေးတွေပဲ ရှိမယ်။ ကားနဲ့လာရောင်းတာ။ ကျွန်မကတော့ နင်တို့ မှတ်ပုံတင်ပေးထား၊ မှတ်ထားချင်လို့ဆိုတော့ သူတို့ မျက်နှာပျက်သွားကြတယ်။ အီယောင်ဝါးနဲ့ မပေးတော့ဘဲ ကျွန်မ ကို လက်ပေါက်ကတ်တယ်ဆိုပြီး ပြန်ထွက်သွားကြတယ်”ဟု ပေါင်း တလည် ဒေသခံ မကြည်ကြည်ဌေးက ပြောသည်။

လိမ်နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများအတွက် တရားစွဲခံရလျှင် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင် ကြောင်း သိရသည်။

ဖော်ပြပါကဲ့သို့ လိမ်လည်ခြင်းများအပြင် ပြည်သူအများစုကို ကုပ် သွေးစုပ်သည်ဟု ဆိုနိုင်သော နောက်ထပ် လိမ်လည်ခြင်းတစ်မျိုးမှာ ဆင့်ပွားဈေးကွက် MLM (Multi Level Marketing) ပင် ဖြစ်သည်။

ယင်းစနစ်သည် လူ့လောဘကို အခြေခံဆွဲဆောင်ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ၌ ဆယ်စုနှစ်နှစ်ခုကတည်းက ခြေကုပ်ယူထားသော MLM ဈေး ကွက်မှာ တဖြည်းဖြည်း ကြီးထွားလာကာ လက်ရှိကာလတွင် ပြည်တွင်း ပြည်ပကုမ္ပဏီ ၁ဝဝ ခန့် ရှိနေပြီဖြစ်သည်။

MLM စနစ်ကို အသုံးပြုနေသော ကုမ္ပဏီများသည် ထုတ်ကုန် ပစ္စည်းအပေါ်ကို အဓိကထား ဖြန့်ချိသည်ထက် အဖွဲ့ဝင်ဦးရေ များများ ရရှိရေး၊ အဖွဲ့ဝင်ဦးရေ မည်မျှရရှိရုံဖြင့် အရင်းကျေကာ အနာဂတ်တွင် ဆပွားအမြတ်များ ရရှိစေသည်ဟုဆိုကာ လူတို့၏လောဘကို ပစ်မှတ် ထားကာ စည်းရုံးကြခြင်းပင် ဖြစ်သည်။

လူပိရမစ်ပုံစံ လူတစ်ဦးမှ တစ်ဦးထံသို့ ဆင့်ကဲသွားနေသော MLM သည် လူတစ်ထောင်၊ တစ်သောင်းခန့်တွင် တစ်ဦးသာ ကြီးပွားချမ်းသာ သွားနိုင်ပြီး ကျန်သူများမှာ ထိုသူချမ်းသာလာရေးအတွက် ဓားစာခံ စနစ် ဖြစ်နေသောကြောင့် နိုင်ငံအတော်များများတွင် ပိတ်ပင်ထားပြီး ခွင့်ပြုသည့် နိုင်ငံအနည်းစုမှာလည်း အကန့်အသတ်၊ စည်းမျဉ်းများ နှင့်သာ ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

”ကျွန်တော် သိရသလောက်ကတော့ စင်ကာပူလို နိုင်ငံမျိုးမှာပေါ့။ MLM စနစ်အတွက် ဘယ်လိုပုံစံမျိုးကို ခွင့်ပြုလဲဆိုရင် အသိပညာ၊ ဗဟုသုတ ဖြစ်စေနိုင်မယ့်၊ လူသားအကျိုးပြုမယ့် စကားလုံးလိုမျိုးကို တစ်ယောက်ကနေ နှစ်ယောက် လက်ဆင့်ကမ်းသလိုမျိုးကိုပဲ ခွင့်ပြုပါ တယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းထွန်းက ထောက်ပြသည်။

ဆင့်ပွားဈေးကွက်တွင် ဝင်ရောက်ရေးအတွက် စုဆောင်းရာတွင် အဓိက ပစ်မှတ်ထားခံရသူများမှာ ကျောင်းသူ ကျောင်းသားများနှင့် လူငယ်ဝန်ထမ်းများ ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာမက နယ်မြို့များရှိ ကျေးရွာနေ တောင်သူများကိုပါ လိုက်လံစည်းရုံးနေကြသည်ကို တွေ့ရသည်။

အောင်လံမြို့မှ ဂျပန်စကားပြောသင်တန်း လာရောက်တက်ရောက် နေသူ မအိထက်အောင်က ”သင်တန်းကသူငယ်ချင်းက ဘာအရင်းအနှီး မှ မလိုဘဲ တစ်နေ့ နှစ်နာရီလောက် အွန်လိုင်းသုံးပေးရုံနဲ့ တစ်ပတ်ကို ဒေါ်လာနဲ့ အတွက်ကျရမယ်ဆိုလို့ လိုက်သွားတာ။ သူခေါ်သွားတဲ့ရုံး က လှည်းတန်း၊ အင်းစိန်လမ်း၊ာသသည ဘနမမပ ဘေး ဘယ်နှလွှာလဲတော့ မမှတ်မိတော့ဘူး။ တကယ်လဲ ရောက်သွားရော ရှယ်ယာဝင်ဖို့ခေါ် ပစ္စည်းဝယ်သုံး၊ လူထပ်စုခိုင်းတာပါပဲ။ ပစ္စည်းတွေထဲမှာ တန်ဖိုးအနည်း ဆုံးကို ဝယ်မယ်ဆိုရင် ရှစ်သိန်းရှိတယ်”ဟု ပြောပြသည်။

သူ့အနေဖြင့်ာနာဘနမ ဝင်ပါက တန်ဖိုးအနည်းဆုံး ကျပ်ရှစ်သိန်း တန် ပစ္စည်းတစ်ခုကို ဝယ်ယူရမည်ဖြစ်သည်။ ထို့နောက်ာနာဘနမ နှစ်ဦး ထပ်မံရှာက ယင်းတို့လည်း ပစ္စည်းဝယ်ယူရပြီး နောက်ထပ် လူ နှစ်ဦးစီ ရှာဖွေစုဆောင်းရခြင်း ဖြစ်သည်။ သူ၏ လက်အောက်တွင် အဖွဲ့ဝင်ခြောက်ဦး ရှိလာချိန်၌ ဒေါ်လာ ၂ဝဝ ကို စတင်ရရှိမည်ဟု ရှင်းပြထားကြောင်း ဆိုသည်။

”ကိုယ်အပါအဝင် လူခုနစ်ယောက်ဆို ၅၆ သိန်း၊ အဲချိန်မှာ ပြန်ရ မှာက နှစ်သိန်း၊ ဒါကို သူတို့က အကျိုးအမြတ်မယူဘဲ အလကားပေး နေသလိုပဲ ပြောနေတာ။ နောက် အောက်ခြေမှာ လူတွေထပ်တိုးမှ ကိုယ် က နောက်ထပ် ဝင်ငွေဆတိုးရမယ်။ လူဆက်မတိုးရင် ရောက်တဲ့နေရာ မှာ တန့်နေမယ်။ လခစားဝန်ထမ်းတွေအနေနဲ့ စဉ်းစားဆင်ခြင်သင့်ပါ တယ်။ လောဘနောက် မလိုက်မိစေချင်ဘူး”ဟု မအိထက်အောင်က ဆိုသည်။

MLM စနစ်၏ ဆိုးကျိုးနှင့် MLM ကုမ္ပဏီများ၊ MLMကိုယ်စား လှယ်များကြောင့် အများပြည်သူ နစ်နာမှုများအား လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ကျော်ဦးက ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးချက်ပေါ်မူတည်ပြီး ဆင့်ပွား အရောင်းလုပ်ငန်း များနှင့်ပတ်သက်၍ သီးသန့်ဥပဒေ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း စိစစ် ပေါ်ပေါက်ချက်အပေါ် မူတည်ပြီး တည်ဆဲဥပဒေများနှင့် အရေးယူ သွားမည်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုထား သည်။

ထို့ပြင် ဆွေးနွေးပွဲ၏ နောက်ဆက်တွဲအရ ၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီ ပထမပတ်မှစတင်၍ MLM ကုမ္ပဏီများအား တစ်ခုချင်း ခေါ်ယူ စစ်ဆေးနေပြီဖြစ်ကြောင်း MLM ခေါင်းဆောင်တချို့က ကိုယ်တိုင် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရ သည်။
READ အချို့လူတွေမှာ ဘာကြောင့် ခြင်ပိုကိုက်ခံရတာလဲ

MLM ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော Aim Star Network ၏ စာမျက်နှာတွင် ”မြန်မာပြည်အစိုးရက Aim Star ကို ပထမဆုံး စစ်ဆေးတယ်။ အားလုံး တရားဝင်တယ်၊ တိကျမှန်ကန်တယ်၊ ဆက်လုပ်ခွင့်ပြုတယ်။ First Check, All Pass, All Clear မကြာမီ တရားဝင် ကြေညာပေးတော့မည်”ဟု ရေးသားတင်ပြခဲ့သည်။

သို့ရာတွင် အဆိုပါဖော်ပြချက်ကို ရက်ပိုင်းအတွင်း ပြန်ဖျက်သွား သည်ကိုလည်း ထူးထူးခြားခြား တွေ့ရသည်။

MLM ကုမ္ပဏီများအား စစ်ဆေးရာတွင် အကောက်ခွန်ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် သေချာ စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

MLM စနစ်ကို ဆန့်ကျင်သူ ကိုဇင်ဇေက ”စစ်တာတွေနဲ့ပတ်သက် လို့ တရားဝင် သတင်းထုတ်ပြန်ဖို့အတွက်က ဘယ်လိုထွက်လာမလဲ မသိသေးဘူး။ အဓိက လုပ်ရမှာတော့ MLM လုပ်ငန်းကို တရားဝင် ပိတ်ဖို့က ခက်တယ်။ ပြည်သူတွေကိုပဲ မကောင်းဘူးဆိုတာကို များများ သိအောင် ပညာပေးဖို့လိုတယ်။ ပြီးတော့ အစိုးရဘက်ကလဲ တကယ်လို့ ပေးလုပ်တယ်ဆိုရင်တောင်မှ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက် ညီအောင် လုပ်ရမလဲဆိုတာ တိကျပြတ်သားတဲ့ စည်းမျဉ်းဥပဒေတွေ ချပေးမှ အဆင်ပြေမယ်ပေါ့။ မဟုတ်ရင်တော့ များသောအားဖြင့် သူ တို့က ဥပဒေလက်တစ်လုံးခြားပုံစံတွေနဲ့ လုပ်နေမှာပဲ”ဟု သုံးသပ်သည်။

ယင်းအပြင် ဆင့်ပွားရောင်းဝယ်ရေးလုပ်ငန်း(MLM)များကို ဥပဒေ ဖြင့် အရေးယူနိုင်ရန် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအသစ် အတွင်း ထည့်သွင်းရေးဆွဲထားကြောင်းလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

အဆိုပါ ဥပဒေသစ်အတွင်း ပြစ်မှု၊ ပြစ်ဒဏ်များကို ယခင်ဥပဒေ ဟောင်းထက် ပိုမိုတင်းကျပ်ထားပြီး MLM လုပ်ငန်းများနှင့် အခြားစီး ပွားရေးလုပ်ငန်းက စားသုံးသူနစ်နာစေရန် ပြုလုပ်မည်ဆိုပါက ငွေဒဏ် ကျပ် သိန်း ၂ဝဝဝ၊ ထောင်ဒဏ် နှစ်နှစ်နှင့် ငွေဒဏ်၊ ဒဏ်နှစ်မျိုးစလုံး လည်း ကျခံရမည်ဖြစ်သည်ဟု ထည့်သွင်းရေးထားသည်။

”MLM ကုမ္ပဏီအချို့က အများပြည်သူကို ထိခိုက်နစ်နာအောင် လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် စားသုံးသူဘက်က ပြန်ကာကွယ် ပြီး တရားစွဲနိုင်အောင်လို့ ဥပဒေအဖြစ် ထည့်ရေးလိုက်တာပါ”ဟု စား သုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ပြောဆို သည်။

လတ်တလော စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး ပြန်လည်ရရှိလာပါက လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

”လူမှုရေးကို အခွင့်ကောင်းယူပြီး ကုန်ပစ္စည်းတွေကို ပြင်ပဈေး ထက် ပိုရောင်းတဲ့ လုပ်ငန်းတွေကို အရေးယူဖို့ ဥပဒေထွက်လာမှာ ကောင်းပါတယ်”ဟု MLM ကြောင့် ကိုယ်တွေ့နစ်နာခဲ့သူ စမ်းချောင်း မြို့နယ်အတွင်း နေထိုင်သူ မမျိုးမျိုးထက်က ပြောဆိုသည်။

၂ဝဝ၉ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် MLM စနစ်ဖြင့် လေဆေး နှင့် ဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချခဲ့သည့် ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီတစ်ခုတို့ကို အရေးပေါ် စီမံချက်အက်ဥပဒေဖြင့် ထောင် ဒဏ်ချမှတ် အပြစ်ပေးခဲ့သကဲ့သို့ နာမည်ပျက်စာရင်းသွင်းကာ ကုမ္ပဏီ ပိုင်ငွေနှင့် ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း စား သုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

လိမ်ပုံလိမ်နည်းများတွင် အခြားတစ်ဖက်ကို ရှုမျှော်ကြည့်လိုက် ပြန်လျှင် အတိုးနှုန်းများစွာပေးမည်ဟုဆိုကာ ငွေစုသော SCL (Sax- on Capital Group- SCL Club Myanmar) ကုမ္ပဏီလုပ်ငန်းများကို လည်း တွေ့မြင်နိုင်မည် ဖြစ်သည်။

SCL ကုမ္ပဏီသည် နယ်မြို့များရှိ ဝေးလံခေါင်ဖျားသည့် ကျေးရွာ များတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီခွင့်ပြုချက်လိုင်စင်ဖြင့် အဖွဲ့ဝင်များကို လိုက်လံစည်းရုံးနေသည် ဟု ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံအချို့ က ပြောသည်။

ယင်းလုပ်ငန်းသည် လုပ်ငန်းလုပ်ကိုင်စရာမလိုအပ်ဘဲ ငွေကြေး အပ်နှံရုံဖြင့် အတိုးများများရသည်ဟုဆိုကာ လူစုဆောင်းနေခြင်းဖြစ်ပြီး ကုမ္ပဏီ၏စနစ်မှာ တစ်ယူနစ်လျှင် ကျပ် ၁၈၇,၅ဝဝ ပေးသွင်းရမည်ဖြစ် ကာ တစ်ရက်လျှင် ကျပ် ၂,၈ဝဝကျော် ပြန်လည်ရရှိမည်ဖြစ်သည်ဟု ဆိုသည်။

အပတ်စဉ် အတိုးအရင်းပေါင်း ထုတ်ယူနိုင်သလို တစ်လချင်း လည်း ထုတ်ယူနိုင်သည်။ သက်တမ်းအားဖြင့် လေးလ (၁၂ဝ ရက်)ရှိ ကာ လေးလအတွင်း ၃၃၇,ဝဝဝ ကျော် ပြန်လည်ရရှိသည်ဟု ယင်း ကုမ္ပဏီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းသည် ငွေကြေးရင်းနှီးမြှုပ်နှံခြင်း စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး ငွေကစားသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည် ဟုလည်း ဖော်ပြထားသည်။ ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက မူ ယင်းလုပ်ငန်းသည် ခွင့်ပြုထားသည့် လုပ်ငန်းမဟုတ်ဘဲ လိမ်လည် နေကြခြင်းသာဖြစ်ကြောင်း ပြောသည်။

ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီလာမူ ကလည်း ”အန်တီတို့ဌာနက ကုမ္ပဏီမှတ်ပုံတင်ပဲ လုပ်ငန်းလုပ်လို့ရ အောင် လိုင်စင်ချပေးတာ။ သူတို့ပုံစံက အသေးစား ငွေရေးကြေးရေး လုပ်ငန်းလိုင်စင်လျှောက်ရမယ်။ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်ရှိမှ လုပ်လို့ရ မယ်။ ဒီအတိုင်း လုပ်လို့မရဘူး”ဟု ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းမှလွဲ၍ အတိုးနှုန်းပေးပြီး ဝန်ဆောင်မှုပေးသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ခွင့် မပေးထားသောကြောင့် ယခုကိစ္စရပ်များကို ယင်းဌာနမှ စုံစမ်း၍ အရေး ယူပေးရန် လိုအပ်သည်။

မသိနားမလည်သောပြည်သူများကို မက်လုံးအမျိုးမျိုးပေးပြီး ဆွဲ ဆောင်စည်းရုံး လိမ်လည်နေသူများအား အများပြည်သူ နစ်နာဆုံးရှုံး ခြင်း မရှိစေရန် နိုင်ငံတော်မှ စိစစ်စစ်ဆေးအရေးယူပေးမှသာ ဥပဒေ ကို လက်တစ်လုံးခြား လုပ်နေသူများ၏ အန္တရာယ်မှ ကင်းလွတ်နိုင်မည် ဖြစ်ပေတော့သည်။

Credit : Yangon Media group

No comments:

Post a Comment