မြန်မာက ဘင်္ဂါလီအားလုံးကို နှင်ထုတ်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြောကြား
မြန်မာက ဘင်္ဂါလီ (ရိုဟင်ဂျာဟုသုံးနှုန်းထား) အားလုံးကို ၎င်း၏ပိုင်နက်ထဲမှ နှင်ထုတ်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ရန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မတ် ၁၃ ရက်၌ ပြောကြားခဲ့ပြီး လူနည်းစု မွတ်စလင်များအား မတရားဖိနှိပ်မှုများကို ထိပ်တန်းအဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း ၎င်းက ဖိအားပေးခဲ့သည်။
အားလုံးကို နှင်ထုတ်မှုသည် ဘင်္ဂါလီများအား ဆန့်ကျင်သည့် အဖွဲ့အစည်းဆိုင်ရာ နှိပ်ကွပ်မှုနှင့် ထိတ်လန့်ဖွယ် အင်အားသုံးမှု၏ အဆုံးစွန် ရည်မှန်းချက်ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေအတွက် ကုလသမဂ္ဂသို့ အစီရင်ခံစာများ ပြု စု၊ တင်သွင်းရသူ ရန်ဟီးလီက ပြောကြားခဲ့သည်။ အထောက်အထားများအရ မြန်မာအစိုးရသည် နိုင်ငံထဲမှ ဘင်္ဂါလီအားလုံးကို နှင်ထုတ်ပစ်ရန် ကြိုးစားနိုင်ဖွယ်ရှိသည်ဟု ဖော်ပြနေကြောင်း လီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြောကြားခဲ့သည်။
နယ်စပ်စခန်းအများအပြားအား စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့အပြီး မြန်မာစစ်တပ်က ပြီးခဲ့သော အောက်တိုဘာတွင် ရခိုင်မြောက်ပိုင်း၌ ဘင်္ဂါလီဖြိုခွင်းမှု စတင်ခဲ့သည်။ စစ်တပ်၏စစ်ဆင်ရေးများအတွင်း စစ်သားများက အမျိုးသမီးများအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းနှင့် ဘင်္ဂါလီကလေးများ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။
ယင်းအင်အားသုံး ဖြိုခွင်းမှုအပြင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်များကိုပါ စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ၏ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်သည့် Commission of Inquiry ကို လူ့အခွင့်အရေးကောင်စီက ထူထောင်ရန် လီက လိုလားနေသည်။ ယင်းကောင်စီသည် ယခုလနှောင်းပိုင်းတွင် အစည်းအဝေး မပြီးဆုံးမီ ယင်းကော်မရှင် ဖွဲ့စည်းနိုင်ကြောင်း သိရသည်။ သို့သော် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများသည် မြန်မာနိုင်ငံ၏ ယိုင်နဲ့နေသော ဒီမိုကရေစီဖော်ဆောင်မှု စနစ်ကို ခြိမ်းခြောက်နိုင်သည့်အတွက် ဥရောပသမဂ္ဂ အပါအ၀င် အဓိကကျသည့်နိုင်ငံများက လီ၏တောင်းဆိုမှုကို လက်မခံသေးပေ။ မတ် ၁၃ ရက်က ဆွေးနွေးမှုအတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေး မေးခွန်းကို ဥရောပသမဂ္ဂ၊ နယ်သာလန်နှင့် ဗြိတိန်တို့မှ ကိုယ်စားလှယ်များက ရှောင်လွှဲခဲ့ကြသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံရှိ သိမ်မွေ့သော အရပ်ဘက်၊ စစ်ဘက် ဟန်ချက်ကို မထိခိုက်စေဘဲ ညှိနှိုင်းဆွေးနွေး ရန်လိုအပ်ကြောင်း ယင်းကောင်စီဆိုင်ရာ ဗြိတိန်သံတမန် Julian Braithwaite က ပြောကြားသည်။
Eleven Media Group
Monday, March 13, 2017
မြန်မာက ဘင်္ဂါလီအားလုံးကို နှင်ထုတ်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြောကြား
မြန်မာက ဘင်္ဂါလီအားလုံးကို နှင်ထုတ်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ပြောကြား
Reviewed by Ar Ti
on
5:40 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment