Latest News

Thursday, March 16, 2017

အမေရိကန်တွင် ကင်းထောက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျပြီး ၃ ဦးသေဆုံး

အမေရိကန်တွင် ကင်းထောက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျပြီး ၃ ဦးသေဆုံး

အမေရိကန်တွင် လေ့ကျင့်ပျံသန်းမှု အစီအစဉ်အတွင်း ကင်းထောက် လေယာဉ်တစ်စီး ပျက်ကျရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အင်ဂျင်တစ်လုံးတပ် U-28A အမျိုးအစား စစ်သုံးထောက်လှမ်းရေး လေယာဉ်ငယ်သည် နယူးမက္ကဆီကိုရှိ Cannon လေတပ်စခန်းမှ ပျံတက်လာပြီးနောက် လေ့ကျင့်ပျံသန်းမှု အစီအစဉ်အတွင်း Clovis အရပ်ဘက် လေဆိပ်အနီး လယ်ကွင်းထဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

“မတ် ၁၄ ရက်က ဖြစ်ရပ်အတွက် ကျွန်တော်တို့ လေတပ်စခန်း တစ်ခုလုံး အထူးဝမ်းနည်း ကြေကွဲရပါတယ်။ ကျဆုံးခဲ့တဲ့ လေတပ်သားတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အခုလို အခြေအနေဆိုးမှာ ကျန်ရစ်သူတွေအတွက် အဆင်အပြေဆုံး ဖြစ်နိုင်သမျှ ကူညီပေးသွားပါမယ်”ဟု လေတပ်စခန်းရှိ ဗိုလ်မှူးကြီး ဘန်မိုင်ထရီက ပြောကြားခဲ့သည်။

လေယာဉ်သည် မြေပြင်အနီးထိ အနိမ့်ပျံပြီး အရှိန်မြှင့် မောင်းထွက်မှုကို လေ့ကျင့်နေစဉ် ပျက်ကျသွားခြင်းဟု သိရသည်။ လေယာဉ် ပျက်ကျပြီးနောက် မီးလောင်မှုတစ်ခု ဖြစ်ပွားသော်လည်း ဒေသခံ မီးသတ်တပ်ဖွဲ့က အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း Clovis လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သက်ဆိုင်ရာ မိသားစုများထံ အတည်ပြု အသိပေးမှု မတိုင်မီတွင် ကျဆုံးခဲ့သည့် လေတပ်သားများ၏ အမည်ကို ထုတ်ပြန်ရန် ဆိုင်းငံ့ထားမည်ဟုလည်း လေတပ်က အတည်ပြု ကြေညာထားသည်။

Ref: Reuters


7Day News Journal

No comments:

Post a Comment