Latest News

Friday, March 10, 2017

မောင်းသူမဲ့ ထရန်စဖော်မာ တက္ကစီ ပွဲထုတ်

မောင်းသူမဲ့ ထရန်စဖော်မာ တက္ကစီ ပွဲထုတ်

ဂျနီဗာ၊ မတ် ၉

အီတလီနိုင်ငံ အခြေစိုက် Airbus နှင့် Italdesign ကုမ္ပဏီ နှစ်ခု ပူးပေါင်းပြီး တီထွင်ထားသော Pop.Up ဆိုသည့် မိုးပျံမောင်းသူမဲ့ တက္ကစီယာဉ်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပနေသည့် နိုင်ငံတကာ Motor Show ကားပြပွဲတွင် ပြသထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ထရန်စဖော်မာ ရုပ်ရှင်ဇာတ်ကားထဲကကဲ့သို့ ကားအဖြစ်မှ ချက်ချင်းမိုးပျံနိုင်သည့် အသွင်သို့ ပြောင်းလဲနိုင်သော Pop.Up ကားလေးများကို ခရီးသည်နှစ်ဦး တင်ဆောင်သွားနိုင်ပြီး မိမိတို့ လိုရာခရီးကို မောင်းသူမဲ့ ထိန်းချုပ်စနစ်ဖြင့် အရောက်ပို့ပေးနိုင်ရန် တီထွင်ထားကြောင်း ယင်းသတင်းက ဆိုသည်။

ထိုကားလေးများသည် ခရီးသည်များကို လိုရာခရီးသို့ ကုန်းလမ်းတွင် ကားအဖြစ် လည်းကောင်း၊ လေထဲတွင် ရဟတ်ယာဉ် အသွင်ဖြင့် လည်းကောင်း ပို့ဆောင်ပေးပြီးပါက နီးစပ်ရာ အားသွင်းသည့် စခန်းများတွင် အားပြန်သွင်းပြီး နောက်ထပ် ခရီးစဉ်တစ်ခုကို ထပ်မံပို့ဆောင်နိုင်မည် ဖြစ်သည်။

ယနေ့ခေတ်သည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရန် ထိန်းသိမ်းနေရသည့်ခေတ် ဖြစ်သလို၊ လမ်းများ ပိတ်ဆို့ခြင်း လေထုညစ်ညမ်းခြင်းများကို အစဉ်အလာအတိုင်း အသုံးပြုနေကြသည့် ကားများဖြင့် ဖြေရှင်းခြင်း မပြုနိုင်တော့ကြောင်း၊ ထို့ကြောင့် ခေတ်မီနည်းစနစ်များဖြင့် လူသားတို့အတွက် အဆင်အပြေဆုံး ဖြစ်စေမည့် ဆော့ဖ်ဝဲများ၊ ဟာ့ဒ်ဝဲများ တီထွင်ပြီး မြို့ပြစီမံကိန်း အသစ်များကို စတင်ရန်လိုကြောင်း Italdesign ကုမ္ပဏီမှ CEO ဂျော့အက်စတာလိုရှက်က ပြောကြားသည်။

Pop.Upတက္ကစီကို စီးလိုသူများသည် မိမိတို့ အသုံးပြုနေသည့် ဖုန်းများကတစ်ဆင့် ဆက်သွယ်ရုံသာဖြစ်ပြီး ခရီးစဉ်နှင့် ကျသင့်မည့် ဈေးနှုန်းများကိုပါ စုံစမ်းနိုင်မည် ဖြစ်သည်။

တက္ကစီလေးများသည် နှစ်ယောက်စီးဖြစ်ပြီး ကာဘွန်ဖိုင်ဘာဖြင့် တည်ဆောက်ထားကာ 8.5 × 4.5 × 16 ပေ ရှိပြီး တစ်ကြိမ် အားသွင်းထားပါက ၆၂ မိုင်အထိ မောင်းနှင်နိုင်မည် ဖြစ်သည်။

ကားလေးများကို ရဟတ်ယာဉ်အဖြစ် ပြောင်းလဲမောင်းနှင်လိုလျှင် လေထဲကို ပျံတက်နိုင်သော ပန်ကာလေးလုံးပါ ဒရုန်းယာဉ်က လာရောက်ဆွဲယူသွားမည် ဖြစ်ပြီး၊ ကားအောက်ပိုင်းဖရိန်ကို ဖြုတ်ထားခဲ့မည် ဖြစ်သည်။

Pop.Upတက္ကစီတွင် အပိုင်းသုံးပိုင်းပါပြီး မိုးပျံနိုင်သည့် ဒရုန်းအပိုင်း၊ လူနှစ်ယောက်စီး ကိုယ်ထည်ပိုင်းနှင့် အောက်ခြေဘီးနှင့် ဖရိန်ပိုင်းများဖြစ်ပြီး ကုန်းလေနှစ်မျိုးသုံး တက္ကစီအဖြစ် ချက်ချင်းပြုပြင်ပြောင်းလဲနိုင်ကြောင်း လက်တွေ့သရုပ်ပြသခဲ့သည်ဟု Reuters သတင်းတွင် ရေးသားထားသည်။

The Voice

No comments:

Post a Comment