Latest News

Thursday, March 9, 2017

ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲနှင့် တွေ့ဆုံခြင်း

ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲနှင့် တွေ့ဆုံခြင်



လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စတုတ္ထတန်း ပြည်သူ့နီတိစာအုပ် တစ်အုပ်ပါ အချက်အလက်များနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများ ပြင်းထန်လာပြီးနောက် ပညာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထုတ်၍ ရှင်းလင်းခဲ့ရသည်။ အဆိုပါ စာအုပ်ကို အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Harmony–CDNH) မှ ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ယင်းစာအုပ်သည် အစိုးရ အဖွဲ့အစည်းများနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ငြင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲကို ဆက်သွယ်မေးမြန်းထားများကို ဖော်ပြလိုက်ရသည်။

Voice : အခုလူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ပြည်သူ့နီတိစာအုပ်နဲ့ ပတ်သက်ပြီး ဒါက ဘယ်ကထုတ်တာလဲ ဆိုတာ သိပါသလား။

Dr.KM : ဒါက ဘယ်လိုထုတ်လိုက်တာလဲ ဆိုတာ မသိပါဘူး။ အဖွဲ့အစည်းတစ်ခုခုက သူတို့ရေးပုံ ရပါတယ်။

Voice : ဒီစာအုပ်က တရားဝင် ထုတ်ဝေတဲ့ စာအုပ်လား။

Dr.KM : မသိဘူးဗျ။ ဒါက အဖွဲ့အစည်းတစ်ခုက ထုတ်တာ၊ ကျွန်တော်ပြောနိုင်တာက ဒါက ပညာရေး ဝန်ကြီးဌာနနဲ့ မပတ်သက်ဘူး ဆိုတာပါပဲ။

Voice : ဒီစာအုပ်ထုတ်ဝေမှုနဲ့ ပတ်သက်ပြီး ဆရာတို့ ဝန်ကြီးဌာနက ဘာတွေဆက်လုပ်ဖို့ ရှိပါမလဲ။

Dr.KM : ဒီစာအုပ်က သူတို့ဘာသာ သူတို့ လွတ်လပ်စွာ ထုတ်ဝေခွင့် ရှိပါတယ်။ သူတို့ထုတ်တာကို သုံးခြင်း မသုံးခြင်းကသာ ကျွန်တော်တို့နဲ့ ဆိုင်တာပါ။

Voice : CDNH ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဒီပြည်သူ့နီတိ စာအုပ်တွေကို သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာနနှင့် ပညာရှင်တွေ ကိုးကားနိုင်ဖို့ ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ ကိုးကားဖို့ဆိုတဲ့အတွက် ဆရာတို့နဲ့ ဘယ်လိုမျိုး ဆက်စပ်မှုရှိလဲ သိပါရစေ။

Dr.KM : ကိုးကားတယ်ဆိုတာက ဒီစာအုပ်မှ မဟုတ်ပါဘူး။ ပြည်သူ့နီတိနဲ့စာရိတ္တ ထုတ်ဝေသမျှ စာအုပ်တွေကို ကိုးကားရတယ်ဆိုတဲ့ အနေအထားပေါ့။ ဒီစာအုပ်ကို ကိုးကားမှရယ်လို့တော့ မဟုတ်ပါဘူး။ ဒီစာအုပ်နဲ့ ပတ်သက်ပြီးတော့ အရင်ခေတ်တွေကလည်း ပညာရှင်ကြီးတွေ ရေးခဲ့တာရှိတယ်။ နောက် ကမ္ဘာမှာလည်း Global Citizenship Education ပေါ့ ကမ္ဘာ့နိုင်ငံသား ပညာရေးပေါ့။ ဒါကလည်း တော်တော်လေးကို ပြည့်ပြည့်စုံစုံ ရှိတယ် ဆိုတော့ ကိုးကားရမယ့် ဟာတွေကတော့ အများကြီး ရှိတာပေါ့။ အဲဒီသဘောပါပဲ။

Voice : ဒီ CDNH ကလည်း ပြည်သူ့နီတီစာအုပ်တွေကို ကျောင်းသားကိုင်၊ ဆရာလက်စွဲနဲ့ ပြည်သူ့နီတိ ဘာသာရပ် သင်ကြားမှုကို လေ့လာသုံးသပ်ခြင်း စသည်ဖြင့် စာအုပ် ၁၇ အုပ်ကို ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာအုပ်တွေကိုကော သိပါသလား ဆရာ။

Dr.KM : ဒါက ကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှု မရှိပါဘူး။ မသိလည်း မသိပါဘူး။ အခုမှပဲ မီဒီယာတွေက တစ်ဆင့် သိတာပါ။ သူတို့နဲ့လည်း လုံးဝမပတ်သက်လို့ မသိပါဘူး။  အခုလည်း မပတ်သက်သလို နောင်လည်း ပတ်သက်မှာ မဟုတ်ပါဘူး။

Voice : ဒါဆို ဒီစာအုပ်ကို ဘယ်ဌာနက ထုတ်ဝေခွင့် ပြုတာလဲ ဆရာ။

Dr.KM : ဒါက ကျွန်တော်တို့ဌာနက မဟုတ်ပါဘူး။ စာအုပ်စာနယ်ဇင်း ဥပဒေထဲမှာပါတဲ့ စာအုပ်စာတမ်းကို တရားဝင်ခွင့်ပြုခွင့်ပေးတဲ့ဌာနက ခွင့်ပြုတာ။ ဘယ်ဌာနလဲ ကျွန်တော်လည်း မသိဘူး။ စာနယ်ဇင်း ဥပဒေကို ပြန်ကြည့်ရမယ်။

Voice : လက်ရှိ ပညာရေးမှာ အသုံးပြုနေတဲ့ ပြည်သူ့နီတိ စာအုပ်ကရော ဘယ်လိုရွေးချယ်တယ် ဆိုတာ သိပါရစေ။

Dr.KM : လက်ရှိ ပြည်သူ့နီတိစာအုပ်တွေက ကျွန်တော်တို့ သတင်းစာထဲမှာ ရှင်းပြထားသလို အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီက ပြင်ဆင်တည်းဖြတ် အတည်ပြုသော ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တွေကိုပဲ သုံးတာဖြစ်ပါတယ်။    

စုလေးငုံ

The Voice

No comments:

Post a Comment