Latest News

Sunday, March 12, 2017

သက်တော်(၈၀)မှသည်နောင်နှစ်များစွာတိုင်

သက်တော်(၈၀)မှသည်နောင်နှစ်များစွာတိုင်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
တပေါင်းလပြည့်နေ့ ယနေ့တွင် သက်တော်(၈၀)ပြည့်ပြီဖြစ်ပါတယ်။
ယခုအချိန်တွင် ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးသည်
နိုင်ငံတစ်ဝှမ်းတွင် ဆေးရုံပေါင်း(၃၀) ခန့် ၊ဗုဒ္ဓတက္ကသိုလ်ကြီး(၄)ခု
(စစ်ကိုင်း၊မန္တလေး၊တောင်ငူ၊ရန်ကုန်)
စစ်ကိုင်းတောင် သီတဂူရေအလှူတော်၊ပြည်ပသာသနာပြုလုပ်ငန်းကြီးများ၊
Texas ပြည်နယ်ရဲ့မြို့တော် Austin မှာ သီတဂူဗုဒ္ဓဝိဟာရ၊
Minnesota ပြည်နယ်ရဲ့မြို့တော် Saint Paul မှာ သီတဂူဓမ္မဝိဟာရ၊
Florida ပြည်နယ် West Palm Beach မြို့မှာ သီတဂူသံဃာ့ဝိဟာရ၊
ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုမှာ
သီတဂူနာမည်ဖြင့် မဟုတ်ပဲ
မြန်မာ့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း
Myanmar Theravada Buddhist Center၊စစ်ကိုင်းဝိပဿနာ အကယ်ဒမီ၊
စသည့် တို့ကို တည်ထောင်၍ လုပ်ကိုင် ဦးစီးလျှက်ရှိသည်။သီးခြား
ရေဘေး မီးဘေး ငလျှင်ဘေး နှင့် ကာလအားလျှော်စွာ ပြုသော
ပရဟိတများမပါ။

ဤမျှကြီးကျယ်သော လုပ်ငန်းများ စီမံကိန်းများ
ဆောင်ရွက်နေသော ဆရာတော်ကြီးအား
သက်တော်(၈၀)ပြည့်နှစ်မှာပဲ နိုငံတော်မှ
အဘိဓဇ မဟာရဋ္ဌ ဂုရု- ဘွဲ့ကိုဆပ်ကပ်လေသည်။
အဘိ-အလွန်၊ ဓဇ-အောင်လံ၊ မဟာ-ကြီးသော မြတ်သော၊
ရဋ္ဌ-တိုင်းပြည်၊ ဂုရု-အလေးထား၊
အလွန်ကြီးကျယ်မြင့်မြင့်သောငါတို့တိုင်းပြည်ရဲ့ဆရာ-

ဤကဲ့သို့ ကြီးကျယ်မြင့်မြတ်သော ဘဝတစ်ခု ပိုင်ဆိုင်ခဲ့သည်မှာ
အကြောင်းမဲ့မဟုတ်ခြေ။ဆရာတော်ကြီး မိန့်ကြားသည်တို့ကို
ပြန်လည် ဖော်ပြလိုက်ပါသည်။

★ ပြည့်စုံတဲ့ဘဝတစ်ခုသို့ ★

""" ဘုန်းကြီးအသက်(၈၀)ကျမှ တော်တော်များများ ပြည့်စုံတာဗျာ။
ဒီလိုပြည့်စုံအောင် ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ အကြာကြီး လုပ်ရတာ။
ဘုရားအလောင်းနည်းလမ်း(၅)မျိုးနဲ့ လုပ်တယ်။

★နံပါတ်(၁) စိရကာလ-ဘာဝနာ- လုပ်ငန်းတစ်ခုကို ကြီးကြီးကျယ်ကျယ်တွေးကြံ
အောင်မြင်ဖို့ဆိုတာဟာ အကြာကြီးလုပ်ရတာ။ခနတစ်ဖြုတ်လေး လုပ်
တောကြာ နောက်တစ်ခုပြောင်း ဒီလိုလုပ်နေရင် ဘယ်တော့မှ ကြီးကျယ်တဲ့
အရာတွေကို မလုပ်နိုင်ဘူး။ ဒါ့ကြောင့် အလုပ်တစ်ခု လုပ်ရင် အကြာကြီးလုပ်။

★နံပါတ်(၂)နောက်တစ်ခု နိရန္တရ ဘာဝနာ- မရပ်မနားကို လုပ်ရတာ။
ဘုရားအလောင်းသိဒ္ဒတ္ထ ဥရုဝေလမှာ ၆ နှစ်ကျင့်တုန်းက
အနားယူ အပန်းဖြေတယ်ဆိုတာ စာထဲတွေ့ဖူးလား။
ဥပုသ်နေ့လည်းနားဦးမယ် ရှိလား။
အခုတော့ ဥပုသ်နေ့ဆိုတာနဲ့ စာတွေနားပြီးနေကြတယ်။
ဘုရားအလောင်း ဥပုသ်နေ့နားတယ်ဆိုတာ မရှိပါဘူး။
ဒို့ မနားဘူး။အနားမရှိဘူး အခုထိလုပ်တယ်။

★နံပါတ်(၃)က နိရဝသေသ ဘာဝနာ။ကောင်းဆိုတဲ့အလုပ်
ကောင်းမှုဆိုတဲ့အလုပ် ဘာမှ ချန်မထားနဲ့။
ဘုရားပန်းကပ်မယ် ပန်းတော်ကပ်မယ် ရေမလဲဘဲ
လုပ်မသွားနဲ့။ပန်းတော့ ကပ်တယ် ဘုရားခန်း
တံမျက်စည်း မလှည်းဘဲ ထွက်မသွားနဲ့။ဆွမ်းတော့
ကပ်တယ်။ဆွမ်းနဲ့ ထန်းလျှက်ခဲလေးတင် မကပ်နဲ့။
ဟင်းလေးလည်းထည့်။ကောင်းမှု မှန်သမျှ ဘာမှ
မကျန်သေနဲ့။ဘုန်းကြီးတို့ ကြိုးစားပြီးတော့ လုပ်တာ။
အများကြီးပဲ။ဆေးရုံတွေရော ရေတွေရော
ငတ်ပြတ်နေတယ်ဆိုရင်လည်း သွားကျွေးတာပဲ။
ရေနှစ်ဆိုလည်း သွားကူတာပဲ။မီးလောင်လည်း
သွားပေးတာပဲ။ကောင်းမှု မှန်သမျှ အကုန်လုပ်။
အဲ့ဒါ ဘာခေါ်သလဲ- နိရဝသေသ ဘာဝနာ။ဒို့ကတော့
ဒါလေးပဲ ဆိုရင် အဲ့ဒီဘက်မှာပဲ အဲ့ဒီလူ ထူးချွန်သွားလိမ့်မယ်။
ဒီပြင်ဟာတွေ ကျန်နေခဲ့တတ်တယ်။

★နံပါတ်(၄) နောက်တစ်ခုက သက္ကစ္စ ဘာဝနာ။ရိုရိုသေသေ
လေးလေးစားစား လုပ်ကြ။ပေါ့ပေါ့ဆဆ မလုပ်နဲ့။
မင်္ဂလာသုတ်ဖတ်လိုက်ရင်
ဘဂဝါ သာဝတ္ထိယံ ဝိဟာရတိ ဇေတဝနေ အနာထပိဏ္ဍိကဿအာရာမေ။
ဘယ်သုတ္တံ ဖတ်ဖတ် အနာထပိဏ္ဍိကဿအာရာမေတွေ
များဘူးလား။ပုညလက္ခဏဒေဝီအာရာမေ-ဆိုတာ
တစ်သုတ်မှ မရှိဘူး။ပုညလက္ခဏဒေဝီက အနာထပိဏ်ရဲ့
ဇနီးလေ။ကောင်းမှု နှစ်ယောက်လုပ်တာ
တစ်ယောက်ထဲ နာမည်ထွက်တယ်။တစ်ယောက်က နာမည်ပျောက်နေတယ်။
ဘာဖြစ်လိုလဲ မရိုမသေ အသက္ကစ္စ ဒါန လုပ်တဲ့ ပုဂ္ဂိုလ်ဟာ မကျော်ကြားဘူး။
သက္ကစ္စဒါန- လုပ်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်လဲ ကျော်ကြားတယ်။ဒါ့ကြောင့်
သက္ကစ္စဘာဝနာ ရိုရိုသေသေ လေးလေးစားစား အလုပ်လုပ်ကြပါ။
ပေါ့ပေါ့ဆဆ မလုပ်နဲ့။

★နံပါတ်(၅)က အဘိရတိ ဘာဝနာ။
ပျော်ပျော်ပါးပါးလုပ်။ဆရာလေးတွေ သိတာပေါ့ သီတဂူဆိုတာ ရေပေးတာ။
ဆေးရုံဆောက်တာ ဘာလုပ်တာ တရားဟော ဘယ်လောက်ပျော်သလဲ မေးရင်
အခုထိ ပျော်တုန်းပဲ။ပြင်းသွားပြီ ငြီးငွေ့သွားပြီ မရှိပါဘူး။
ကောင်းမှုဆိုတာ ငြီးငွေ့စရာလား။မကောင်းမှုကတော့ ခပ်မြန်မြန် ငြီးငွေ့မှ
အဆင်ပြေမယ်။မငြီးမငွေ့ ပျော်ပျော်ပါးပါး အလုပ်လုပ်ကြ။
ဆရာလေးတွေ သာသနာတော်မှာ စာကျက်ရတာ ပျော်ရဲ့လား။
တယ်လီဖုန်းပွတ်ရတာ ပျော်ရဲ့လား မမေးဘူး။
ဒါဆို နည်းနည်းပါးပါး ရိပ်မိပြီထင်တယ် ဘယ်မှာ ပျော်နေသလဲ ။

အဲ့ဒီတော့ တစ်စုံတစ်ခုသော အလုပ်ကို လုပ်မယ်ဆိုရင်
ထိပ်တန်းတစ်နေရာ ရောက်ချင်ရင်
နည်းငါးပါးနဲ့ ဘုရားအလောင်း လုပ်သလို လုပ်ကြ။

မကြာသေးခင်က ဘဝနတ်ထံပြန်လွန်တော်မူသော ဝါဆိုဆရာတော်ဘုရားကြီး
(ရွှေကျင်သာသနာပိုင်) မိန့်ဖူးသည်။ "သီတဂူဆရာတော်အရှင်ဉာဏိဿရသည်
မူလပင်ကိုယ် သတ္တိကောင်းများလည်းရှိပြီး ပတ်ဝန်းကျင်ကောင်း
အမှီကောင်း ဘဝကောင်းတို့ကလည်း
အားကြီးသော အထောက်အပံ့များအဖြစ်
ကျေးဇူးပြုကြရာ အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ယောက်
ဖြစ်လာခဲ့သည်။" ထို့သို့ အားကြီးသောအထောက်အပံ့တွေထဲကမှ
အနည်ငယ်းသော motivated force အား ပြန်လည်ဖော်ပြလိုက်ပါသည်။

★ ကြီးကျယ်သောဘဝ အတွက်တွန်းအားပေးခဲ့တဲ့ ဆုတောင်းများ★

" ငါငယ်ငယ်တုန်းက အသက် ၂၃-နှစ် ပထမကြီးတန်းဝင်တယ်။
ပထမကြီးတန်းဝင်တော့ အဘိဓမ္မာကျမ်းစာအတွက်
အဘိဓမ္မာစာအုပ်တွေ အများကြီးဖတ်တာ။
အဲ့ဒီအထဲမှာ စာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။ဘာလဲဆိုတော့
ဒီပဲယင်းဆရာတော်ဘုရားကြီးရေးတဲ့ ပရမတ္ထစက္ခုကျမ်း၊
အဲ့ဒီကျမ်းစာရဲ့ နိဂုံးမှာ ဆရာတော်ကြီးက
ကျမ်းပြုရခြင်းရဲ့ ကောင်းမှု ဘာဘာ ဆိုပြီးတော့
ဆုတောင်းရေးတာ ဝိနယာလင်္ကာရဋီကာကို ရေးတဲ့
တောင်ဖီလာဆရာတော်ကတော့ ဆုတောင်းရေးတာ ၂၃ ဂါထာ။
သာသနံ နိဂ္ဂဏှံ တာဏံ၊ရာဇူနံ နိဂ္ဂဏှေယျံ- ထူးထူးဆန်းဆန်းလေး၊
သာသန ပဂ္ဂဏှံ တာဏံ၊ရာဇူနံ သာဟာယော အဿံ- ဒါတွေ ပါတယ်။
သာသနာတော်မှာ ပိဋကတ်သုံးပုံသင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ယုံမှား သံသယကို
ဖျောက်နိုင်ရပါလို၏။သာသနာတော်မှာ တရားကျင့်နေတဲ့ စစ်ကိုင်းတောင်က
ရဟန်းသာမဏေ သူတော်သီလရှင်တွေရဲ့ တရားကျင့်စဉ် ချီးမြှောက်ရပါလို၏။
ဒါတွေ တောင်ဖီလာဆရာတော်ကြီး ဆုတောင်းသွားတာ။

သာသနာတော်ကို အားပေးတဲ့မင်းတွေနဲ့ပေါင်းပြီးတော့
သာသနာကိုလည်း အားပေးရပါလို၏။
သာသနာကို နှိပ်တဲ့မင်းတွေနဲ့ တွေ့ရင်လည်း အဲ့ဒီမင်းကို
နှိမ်နင်းရပါလို၏။တောင်ဖီလာဆုတောင်းကွနော်။
ငါအကြိုက်ဆုံး ၊ငယ်ငယ်တုန်းက ကျက်ထားတာ။
တရားပွဲတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဟောပစ်တယ်။
အဲ့ဒီတော့ ဆိုချင်တာက ဆရာတော်ကြီးတွေ ကျမ်းစာတွေ ပြုစုပြုစုပြီးရင်
ကျမ်းစာနိဂုံးတွေမှာ ဆုတောင်းတွေ ရေးသွားကြတာ။
တောင်ဖီလာက ဝိနည်းကွ၊
ဟိုဘက်က အရိယဝံသက အဘိဓမ္မာကွ၊
ဒီနားက တိလောက ဂုရုချောင်က သုတ္တန် စုံတယ်နော်။
သုတ္တန်ဋီကာကိုရေးတာ တိလောကဂုရု၊အဘိဓမ္မာဋီကာ
ရေးတာ အရိယဝံသ၊ဝိနည်း ဋီကာရေးတာက တောင်ဖီလာ။

ငယ်ငယ်က ရဟန်းသုံးဝါက ဖတ်ခဲ့တဲ့စာ ပြန်ပြောမယ်။
ဒီပဲယင်းဆရာတော်ဘုရားရဲ့ အဘိဓမ္မာကျမ်းရဲ့
နိဂုံးမှာ
ပရေသံ ဟိတမိစ္ဆေယျံ၊ဟိတံ မေ ဣစ္ဆတံ ပရော။
ဆိုပြီး လေးဂါထာ ရှိတယ်။ တော်ပြီ
ဒီတစ်ကြောင်းပဲ။မင်းတို့အတွက်။
အားလုံး ပြန်ရွတ်ကြည့်စမ်း
ပရေသံ ဟိတမိစ္ဆေယျံ၊ဟိတံ မေ ဣစ္ဆတံ ပရော။
သိပ်ကောင်းတာ။၂၃နှစ် ငါ့အသက်မှာ
အဲ့ဒီစာဖတ်ပြီး ဒီပဲယင်းဆရာတော်ရေးတဲ့
ပရမတ္ထစက္ခုကျမ်း ငါ့စာကြည့်တိုက်မှာ
ရှိတယ်။ဝါသနာပါရင်ဖတ်ကြည့်။
ပရမတ္ထစက္ခု- ပရမတ္ထမျက်လုံး။

ပရေသံ ဟိတမိစ္ဆေယျံ- ဆိုတာ ၊အဟံ-ငါသည်၊
ဣမိနာ ပုည ကမ္မေန- ဤကောင်းမှုကြောင့်၊
ပရေသံ- သူတစ်ပါးတို့၏ ၊ဟိတံ- အကျိုးစီးပွားကို ၊
ဣစ္ဆေယျံ- ဆောင်ရွက်နိုင်ရပါလို၏။ငါသည်
ဤကောင်းမှုကြောင့် သူတစ်ပါးတို့၏ အကျိုးစီးပွားကို
ဆောင်ရွက်နိုင်ရပါလို၏။ငါငယ်ငယ်
၂၃-နှစ်ကတည်းက ဆုတောင်းလာခဲ့တာ ။
မင်းတိုတတွေ ဘာဆုတောင်းလဲ ၊

အဲ့ဒီဆုတောင်းလေးက ငါ့ဘဝရဲ့ Guide Line ပဲနော်။
အားလုံးနားလည်ဖို့ ငါပြန်ပြောမယ်
အဟံ-ငါသည်၊ပရေသံ-သူတစ်ပါးတို့၏ ၊
ဣဒံ-ဤအကျိုးစီးပွားကို၊
ဣစ္ဆေယျံ- ဆောင်ရွက်နိုင်ရပါလို၏။

ငါ့ဆေးရုံကပေးတဲ့လစာက ဟိုးး အပြင်မန္တလေး၊
Private လစာတွေနဲ့ယှဉ်ရင် နဲနေတယ်။
တော်တော် ကွာတယ် မဟုတ်လား။
ငါက တစ်သိန်းပေးရင် ဟိုက နှစ်သိန်းပေးတာတွေ
ရှိတယ်။တစ်ချို့ ထွက်တဲ့ကောင်တွေ
ထွက်သွားကြတယ်လေ။ ငါစိတ်မဆိုးပါဘူး။
သူတို့ရချင်တာကိုး။ဒါပေမယ့် ငါက နေရာလေးပေးထားတာ
ရေလည်းပေးထားတာ။မီးလည်းပေးထားတာ၊
ဆန်လည်းပေးတယ်၊ဆီလည်ပေးတယ်၊ ငါ့ရှိတာဒါပဲ ၊
ပိုက်စံကတော့ များများ မရှိဘူး။
ဒီစိတ်ဓာတ်နဲ့သာဆိုရင် မင်းတို့ ဒီအလုပ်မြဲနေလိမ့်မယ်။
ဒါကြောင့် Mindset ခိုင်မာဖို့၊
စိတ်ဓာတ်ခိုင်မာဖို့ရန်အတွက်
ငါငယ်ငယ်ကတောင်းတဲ့ ဆုတောင်းကို
ဖြန့်ချီတယ်။မင်းတို့ ဒီအတိုင်းတောင်းကြ။
ငါသည် သူတစ်ပါးတို့၏ အကျိုးကို
ဆောင်ရွက်နိုင်ရပါလို၏။

ကိုယ့်အကျိုးစီးပွားချည်းကိုယ်လုပ်လာတာ
တစ်သံသရာလုံးပဲ မဟုတ်လား။
ကိုယ့်အကျိုး စီးပွားချည်း ကိုယ်လုပ်နေတဲ့သူကို
Selfishness လို့ပြောလို့ရတယ်။
တစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်လို့ ပြောလို့ မရဘူးလား။

ဒီကနေ့ ကမ္ဘာမှာဖြစ်နေတဲ့ ရှိရှိသမျှ ပဋိပက္ခတွေအကုန်လုံးဟာ
ဘာကြောင့် ဖြစ်တုန်းဆိုတော့ တစ်ကိုယ်ကောင်းဆန်တဲ့
စိတ်ဓာတ်တွေကြောင့်ဖြစ်တာ။ အဲ့ဒါကြောင့် ဒို့ သားတွေ သမီးတွေ
တကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်တွေ စွန့်လွှတ်ကြ။
သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဝိုင်းလုပ်ပေး။
ဒို့ရဲ့ Community ပေါ့။သီတဂူ Community ရဲ့ခံယူချက်က ဒါဖြစ်ရမှာ။
ဒါမှ လုပ်ငန်းကြီး အသက်ရှည်မှာ။ငါအခု
အသက်(၈၀)ရောက်နေပြီ၊ ဒါတွေ မင်းတို့
ပုခုံးပေါ်မှာ ထားရမှာ။အဲ့ဒါကြောင့် ဒီပဲယင်းဆရာတော်ကြီး
ဆုတောင်းကို နာနာတောင်းကြ။

ငါသည် သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရပါလို၏။
ပြီးတော့ ဆရာတော်ကြီးရဲ့ ဆုတောင်းက အရမ်းကောင်းတာ။
နောက်က ပြောင်းပြန်လေးပါသေးတယ်။ဟိတံ မေ ဣစ္ဆတံ ပရော။
ပရော စ- သူတစ်ပါးကလည်း၊ မေ -ငါ့ရဲ့၊ ဟိတံ- အကျိုးစီးပွားကို ၊
ဣစ္ဆတံ -ဆောင်ရွက်နိုင်ရပါစေ။ငါသည် သူတစ်ပါးတို့၏ အကျိုးစီးပွားကို
ဆောင်ရွက်နိုင်ရပါလို၏။သူတစ်ပါးကလည်း ငါ၏အကျိုးစီးပွားကို
ဆောင်ရွက်နိုင်ပါစေ။
မင်းတို့တတွေ ငါခိုင်းတာ လုပ်ပြီးတော့ တောင်ရိုးရဲ့အကျိုးစီးပွားကို
ဆောင်ရွက်နိုင်ကြတယ်။အဲ့ဒီတော့ ငါလည်း မင်းတို့ အကျိုးစီးပွားကို
ပြန်လုပ်ပေးတယ်။စားစရာလေး ဝတ်စရာလေး နေစရာလေး၊ ငါနေ့တိုင်း
တရားဟော ရှာဖွေပြီး ပေးထားတယ်။ဒီလို အပြန်အလှန်ဟုတ်တယ်မို့လား။

★သစ်ပင်တွေ သစ်ပင်တွေသည်
သီးသမျှဒီအသီးကို ဒီသစ်ပင်တွေ မစားဘူး။
ဘယ်သူစားလဲ။ရုက္ခာ ဖလန္တိ ပရော ပကာရတ္ထာယ-
သစ်ပင်တို့သည် အသီးသီးကြတယ်။
ဘယ်သူ့အတွက်လည်း သူတစ်ပါးတို့အတွက်၊

★နဇ္ဇော သံသန္ဒိ ပရော ပကာရတ္ထာယ-ဧရာဝတီမြစ်ထဲမှာ
ရေတွေဆီးနေတယ်။အဲ့ဒီရေကို ဧရာဝတီမြစ်က
သူသောက်ဖို့ သယ်လာတာ မဟုတ်ဘူး။
မေခ မလိခ ကစပြီးသယ်လာတာ ဒီရောက်တယ်။
ဒီကနေအောက် လျှောက်သယ်သွားမယ်။သူသောက်ဖို့
မဟုတ်ဘူး။ကမ်းနားရှိသမျှ လူအားလုံးသောက်ဖို့။

★ဂါဝယော ဒုဟယန္တိ ပရော ပကာရတ္ထာယ- နွားမတွေဟာ
ထွက်သမျှနို့ရည် အဲ့ဒီနွားမ ဘယ်နှစ်ခါသောက်လဲ။
မသောက်ဘူး။ကောက်ရိုးစားတယ်။မင်းတို့တတွေ
ငါတို့တတွေ ဝိုင်းသောက်တယ်။နွားထီးတွေ
ပုခုံးပွန်းအောင် ရုန်းပြီး ထွက်လာတဲ့ ဆန် စပါးကို မင်းတို့
ငါတို့ စားတယ်။အဲ့ဒီနွားကြီး ဘာစားလဲ။
ကောက်ရိုးပဲ စားတယ်နော်။

အသိမရှိသော ၊သိတတ်သော စိတ်မရှိသော
မြစ်ချောင်း သစ်ပင် နွား သူတစ်ပါးအကျိုးကို
အဲ့ဒီလိုဆောင်ရွက်ရင် သိတတ်တဲ့စိတ်ရှိတဲ့ မင်းတို့
ငါတို့တတွေ ဒါ့ထက် ပို၍ တိုင်းကျိုး ပြည်ကျိုးကို
ဆောင်ရွက်ဖို့ မကောင်းဘူးလား။ဆောင်ရွက်ကြ။
သစ်ပင်ကဲ့သို့ မြစ်ချောင်းကဲ့သို့ နွားမကဲ့သို့
နွားထီးကဲ့သို့ ကျုယ့်ကျိုးစီးပွားကို အနစ်နာခံပြီးတော့
သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ကြရမယ်။
အဲ့ဒါဟာ ဘုန်းကံပဲ။ဘုန်းကံကြီးမားသော
ဘုရားသာသနာတော်ကို ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်တွေပဲ
မှီခိုခွင့်ရတယ်။ဘုန်းကံရှားပါးတဲ့ ပုဂ္ဂိုလ်တွေ တစ်ဘဝစာ
တစ်နပ်စာ မက်တဲ့ပုဂ္ဂိုလ်တွေ၊ အဲ့ဒီလောက်ပဲ
မက်မောတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုန်းကံကြီးမားတဲ့
ဘုရားသာသနာတော်မှာ မှီခိုခွင့်မရဘူး။

အဲ့ဒါကြောင့် ဆုတောင်းလေး မမေ့နဲ့နော်
"ငါသည် သူတစ်ပါးတို့ အကျိုးစီးပွားကို ဆောင်ရွက်ရပါလို၏။
သူတစ်ပါးတို့ကလည်း ငါ၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပါစေ" ။
အဲ့ဒီဆုတောင်းက ငါ့အတွက် တော်တော်ပြည့်တယ်ကွ။
တစ်ခါခါ ဆေးရုံမှာလား ရေမှာလား ဝိပဿနာလား
တက္ကသိုလ်လား ပိုက်ဆံက တော်တော်ပြက်တယ်။
စိတ်တွေ ပူနေလို့ ရှိရင် ဘယ်သူတွေက သွားသွားပြောမှန်း မသိဘူး။
အလုံးလိုက် အလုံးလိုက် ရောက်ရောက်လာတာ အဆင်ပြေတယ်။
ငါ့အကျိုး စီးပွားကို ဆောင်ရွက်နေတဲ့
ပုဂ္ဂိုလ်တွေ ရှိတယ်။Unknown Unseen ပေါ့နော်၊
မသိနိုင် မမြင်နိုင်တဲ့နေရာက အကျိုးဆောင်ရွက်သူတွေ ရှိတယ်။
ရောက်ရောက်လာကြတာ။အဲ့ဒါကြောင့်
မင်းတို့တတွေ တောင်ဖီလာဆရာတော်ကြီးတို့
ဒို့ကုသိုလ်ပြုတိုင်း အမျှဝေတာဟာ အဓိပ္ပာယ်ရှိတယ်။

မှန်သည် ဆရာတော်ကြီးအကျိုးစီးပွားကို မမြင်နိုင်သောပုဂ္ဂိုလ်တွေ
လိုလားကြတယ်။များစွာသော သာဓကတွေလည်း ရှိခဲ့ပါသည်။
မြန်မာပြည်နာဂစ်ဖြစ်ပွာခဲ့စဉ်တုန်းက ဆရာတော်ကြီးလှူဒါန်းခဲ့သည်မှာ
၈.၅ ဘီလီ (8,500,000,000) ကျပ်ခန့်ရှိသည်ဟု မှတ်သားခဲ့ဖူးသည်။
ဆရာတော်ကြီး စစ်ကိုင်းသို့ပြန်လည်ရောက်ရှိစဉ်
ထိအချိန်က တစ်ခုသော နိုင်ငံပိုင်ဆေးရုံ (အမည်အမှတ်မိတော့)
ပြန်လည်ပြင်ဆင်ရန် မြန်မာငွေ သိန်း(၅၀၀) ခန့် လိုကြောင်း ဆရာတော်ကြီးအား
လျှောက်ထားလာသည်။ ဆရာတော်ကြီး၏ သီတဂူအဖွဲ့မှာလည်း
ရှိသမျှ အကုန်လှူပြီးသည်ဖြစ်၍ လက်ထဲ ဘာမှ မကျန်တော့ ။ဆရာတော်ကြီးက
ညနေခင်း ခြေလက် ရေသုတ်သင်ပြီး ဘုရားခန်းဝင်းပြီး မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ
သတ္တဝါတွေ ပို့ပြီး ဆရာတော်ကြီး၏ကိုယ်ပိုင်စာကြည့်တိုက်ထဲ
စာဖတ်၍နေလေသည်။ နာရီဝက်ခန့်ကြာသောအခါ ဂျာမန်အမျိုး သမီးက လာပြီး
ဆရာတော်ကြီး တပည့်တော်မ ဒေါ်လာ(၅)သောင်းခန့်
လှူလိုကြောင်း လာလျှောက်လေသည်။
အလွန်အံဖွယ်တည်း နေ့ခင်းပိုင်းက အလှူလာခံတာ
လှူစရာမရှိ၍ စိတ်မကောင်းဖြစ်နေစဉ်
ဘုရားရှိခိုးပြီး နာရီဝက်အကြာတွင် အလှူရှင်ရောက်လာသည်။
ဆရာတော်ကြီးကလည်း ဆေးရုံအတွက်လှူမယ်ဆိုပြီး ရှင်းပြလိုက်တာ။
ဂျာမန်ဒကာမသည်လည်း ဝမ်းသာစွာ လက်ခံတော်မူလေသည်။

ဆရာတော်ကြီး ကြိုက်နှစ်သက်သည့် ဆုတောင်းတွေ၊နှစ်လုံးသွင်းတော်မူတဲ့
ဆုတောင်းတွေ ကြားပီးသကာလ-
ကျနော်တို့သည်ရော နေ့စဉ်နေ့အမျှ ဘာဆုတွေတောင်းပြီးပြီလဲ။
ငါ ငါဖို့ စသည် ငါမပါသော ဆုတောင်းတွေ ပါပြီလား။
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။
ဤကောင်းမှုသည် ဗောဓိဉာဏ်အတွက် အထောက်အပံ့ဖြစ်ပါစေ။
အခါခါတောင်းသော်လည်း ဘဝကို မငြီးငွေ့သော ၊
ဘဝထဲမှာ ပျော်နေသော ၊ဘဝသံသရာကိုအကြောင်း
ကောင်းကောင်းမသိသေးသော ကျတော်တို့ ဒီဆုကိုတောင်းရသည်မှာ
အလွမ်အလှမ်းဝေးလွန်းလှသည်။ရှေးရှေးက သူတော်ကောင်းတွေက
ဤဆုတောင်းဟာ အရသာ ရှိလွန်းတယ်လို့ ဆိုပေမယ့်
ကျနော်တို့မှာ ထိုအရသာကို သိခွင့်မရသော ယောင်းမ-ကဲ့သို့ လူသားနှင့်သာ
တူတော့သည်။။တကယ့် ဒီဆုနဲ့ထပ်တူကျအောင်
သံဝေဂဉာဏ်တွေ ရင့်ကျက်အောင် ထက်သန်အောင် ကျင့်ကြံရဦးမယ်။

ဗုဒ္ဓဘာသာတို့ရဲ့နောက်ဆုံးရည်မှန်းရာ
ဗောဓိဉာဏဿဖြစ်အောင်ကျင့်ဆောင်ရင်း
ရည်မှန်းချက်မရောက်ခင် လမ်းခုလတ်မှာ
ဒီပဲယင်းဆရာတော်ကြီး၏ဆုတောင်းထဲမှ

"ငါသည် သူတစ်ပါးတို့ အကျိုးစီးပွားကို ဆောင်ရွက်ရပါလို၏။
သူတစ်ပါးတို့ကလည်း ငါ၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပါစေ" ။
ဆိုတဲ့ ဆုတောင်း(၂)မျိုးလေးကိုတော့ မကြာမကြာတောင်းသင့်သည်ဟု
နှလုံးသားကို အတန်တန် တောင်းဆိုမိတော့ပါသည်။

Happy Birthday ပါဆရာတော်ကြီးဘုရား။

သာသနာဝန် ခန္ဓာဝန်ကိုယ် လွယ်ကူစွာ ထမ်းဆောင်နိုင်ပါစေ
ဆရာတော်ကြီးဘုရား။

တပည့် Pay Thoe

_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_
Credit to Pay Thoe

No comments:

Post a Comment