Latest News

Friday, March 17, 2017

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပြည်သူ့အတွက် ပထမ တစ်နှစ်တာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပြည်သူ့အတွက် ပထမ တစ်နှစ်တာ


အစိုးရသစ်လက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်စီးပွား ရေးစနစ်ပီပြင်လာအောင် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်၏ တစ်နှစ်တာ အတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်ကာ အလေးပေးလုပ်ဆောင်လျက်ရှိသည်။ ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ နိုင်ငံတော် အစိုးရသစ်ရဲ့ တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေနဲ့၊ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေရဲ့ အခြေအနေကို သိလိုပါတယ်ရှင့်။

ဖြေ။ ။ အစိုးရသစ်ကာလမှာ ဈေးကွက် စီးပွားရေးစနစ်ပီပြင်ရေးနဲ့ စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်ကနေပြီးတော့ စီးပွားရေးမူဝါဒ (၁၂) ချက်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ချမှတ်ထားတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ (၁၂)ချက် ကို အခြေခံပြီး နိုင်ငံတော်စီးပွားရေးမူဝါဒနဲ့ ကုန်သွယ်ရေးကဏ္ဍရဲ့ လုပ်ငန်းစဉ်တွေကို ချိတ်ဆက်ပြီး လုပ်ငန်းစဉ် (၂၆) ရပ် ချမှတ် စီစဉ်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကုန်သွယ်မှုဟာ အရေးပါတဲ့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်းစဉ် (၂၆) ရပ်ကို ကဏ္ဍကြီး (၆) ရပ်ခွဲခြားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

အဲဒီ (၆) ရပ်ကတော့ ကုန်သွယ်မှုမြှင့်တင်ရေး(Trade Promotion)၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး (Trade Facilitation)၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး (Trade Negotiation)၊ ကုန်သွယ်မှုဆိုင်ရာဖြေလျှော့ပေးရေး (Trade Liberalization)၊ ကုန်သွယ်မှုပညာပေးရေး (Trade Education)နဲ့ စားသုံးသူ အကာအကွယ်ပေးရေး (Consumer Protection)တို့ ဖြစ်ပါတယ်။ ဒီလို ခွဲခြားဆောင် ရွက်ခဲ့တဲ့အတွက် တစ်နှစ်တာအတွင်း အောင်မြင် တိုးတက်မှုတွေရရှိခဲ့ပါတယ်။

ကုန်သွယ်မှုတိုးတက်ဖွံ့ဖြိုးရေးမှာ ပို့ကုန်ကဏ္ဍဟာ နိုင်ငံတော်ရဲ့ အခွန်အကောက် ရရှိရေး၊ ထုတ်လုပ်သူများဝင်ငွေနဲ့ အလုပ်အကိုင်ရရှိရေး၊ ကုန်သွယ်ကူးသန်းသူများ အကျိုးအမြတ်ရရှိရေးအတွက် အဓိကကျလှပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ပို့ကုန်တွေကို ခိုင်မာတဲ့ဈေးကွက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲတွေ ပြည်ပခရီး သွားရောက်ရင် အချို့ခရီးစဉ်တွေမှာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးကို အလေးထားဆွေးနွေးခြင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေရဲ့ ခရီးစဉ်တွေမှာလည်း ပြည်တွင်းလုပ်ငန်းရှင်တွေလိုက်ပါလျက် ကုန်သွယ်မှုနဲ့ ဈေးကွက်ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း၊ ကုန်သည်လုပ်ငန်းရှင် အဖွဲ့အစည်းများအနေနဲ့ရော ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ပါ ကျွန်တော်တို့ အဆက်အသွယ်နဲ့ ပို့ကုန်ဈေးကွက်ရရှိရေးကို ဆက်သွယ်ဆောင်ရွက်ရာမှာ နိုင်ငံတော်ပိုင်းက တတ်အားသမျှ ပံ့ပိုးကူညီပေးခြင်းဖြင့် ပို့ကုန်ဈေးကွက်တိုးချဲ့ရေး ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဆန်ဈေးကွက်ရရှိဖို့ အတွက် ဆန်ဝယ်တဲ့နိုင်ငံတွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်ရေးကိုလည်း ကျွန်တော်တို့ ဝန်ကြီးဌာနကဦးဆောင်ပြီး ဆန်စပါးလုပ်ငန်း ရှင်များလိုက်ပါပြီး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် ကမ္ဘာ့ဆန်စပါးညီလာခံကို တက်ရောက်ခဲ့ပါတယ်။ အဲဒီညီလာခံက တစ်ဆင့် အဆက်အသွယ်ပြတ်သွားတဲ့ အာဖရိကဆန်ဈေးကွက်အပါအဝင် ကမ္ဘာ့ ဆန်ဈေးကွက်ကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး အာဖရိကနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း (၅၃) နိုင်ငံအထိ ဈေးကွက်သစ်တွေရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေး(JBTCC)များ၊ မြန်မာ-ထိုင်း ကုန်သွယ်ရေးပူးတွဲကော်မရှင်အစည်းအဝေး (JTC)များ၊ မြန်မာ-အိန္ဒိယ ပူးတွဲကော်မတီ အစည်းအဝေး (JTC)များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး (JTC) တွေမှာလည်း ညှိနှိုင်းဆောင် ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနကို လာရောက်တွေ့ဆုံတဲ့ နိုင်ငံတကာသံအမတ်ကြီးများ၊ ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်းများနဲ့ လယ်ယာထွက်ကုန် သီးနှံများအပါအဝင် မိမိပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတကာနဲ့ ဈေးကွက်ချိတ် ဆက်နိုင်ဖို့အတွက် အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ထိုင်း နိုင်ငံတို့ရှိ မြန်မာနိုင်ငံသံရုံးတွေမှာ စီးပွားရေး သံမှူးတွေထားရှိပြီး ပြည်ပနိုင်ငံတွေရဲ့ ကုန်သွယ်မှုဆိုင်ရာ ဈေးကွက်သတင်းအချက် အလက်များ ရရှိနိုင်ဖို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်တွင်းရှိ ကုန်သည်လုပ်ငန်းရှင်များနဲ့ ထုတ်လုပ်သူများ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက် ပိုမိုရရှိနိုင်ဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ Commerce Website, Myanmar Tradenet Website, Trade Promotion Website, Comsummer Website, Commce Journal Website နှင့် National Trade Portal & Trade Repository Website တို့ကို လွှင့်တင်ထားပြီး အပတ်စဉ် Commerce Journal ကိုလည်း ထုတ်ဝေဖြန့်ချိလျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်များအတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ပေးတဲ့ နိုင်ငံများလည်းရှိပါတယ်။ သြစတြေးလျ၊ ဘီလာရု၊ ရုရှား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အိုက်စလန်၊ တူရကီ၊ ဂျပန်၊ အမေရိကန်နိုင်ငံနဲ့ EU (၂၈) နိုင်ငံအပါအဝင် စုစုပေါင်း (၃၉) နိုင်ငံမှ GSP အခွင့်အရေး ရရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှလည်း လယ်ယာထွက်ကုန်သီးနှံတွေအတွက် အကောက်ခွန်သက်သာခွင့် အခွင့်အရေးလည်း ရရှိပြီး ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကို ကုန်ပစ္စည်းတွေ တိုးတက်တင်ပို့နိုင်ဖို့အတွက်လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာမှာရော လိုင်စင်ခတွေ ပေးချေရာမှာပါ အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေအတွက် ကုန်သွယ်မှုဆိုင်ရာပညာရပ်နဲ့ စွမ်းရည်တိုးတက်ဖို့အတွက် ဝန်ကြီးဌာနမှာ ကုန်သွယ်မှုသင်တန်းကျောင်း ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ပြည်တွင်းထုတ်လုပ်မှုနဲ့ ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စားသုံးသူတွေ ဘေးကင်းလုံခြုံဖို့အတွက် အနယ်နယ်အရပ်ရပ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စားသုံးသူ အကာအကွယ်ပေးရေး အသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး စားသုံးသူ အကာအကွယ်ပေးရေးနဲ့သက်ဆိုင်တဲ့ အသိပညာပေးသင်တန်းတွေ ဟောပြောပညာပေး ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် (၃) နှစ်၊ (၅) နှစ် နှစ်လတ်စီမံကိန်း (Medium Term Programme)ကို အောင်မြင်စွာရေးဆွဲနိုင်ခဲ့ပါတယ်။

ကုန်ပစ္စည်းအမယ်သစ်များ ထုတ်လုပ်ရေးနဲ့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပြည်တွင်း/ ပြည်ပကုန်စည်ပြပွဲတွေမှာ ကုန်သည် လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး ပါဝင်ပြသလျက် ရှိပါတယ်။

မေး။ ။ ယခင်နှစ်နဲ့ ယခုနှစ် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအခြေအနေလေးကို ပြောပြပေးပါရှင့်။

ဖြေ။ ။ မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပြောင်း၊ ပဲအမျိုးမျိုး၊ နှမ်းမျိုးစုံ၊ သစ်သီးဝလံ၊ ဝါဂွမ်း၊ ကြက်သွန်၊ ငရုတ်၊ ရော်ဘာ၊ ဆိတ်နဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကိုအများဆုံး တင်ပို့လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်ကဏ္ဍမှ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း ထွက်ပစ္စည်းတွေနဲ့ စက်မှုထုတ်ကုန်များ၊ ပုဂ္ဂလိကကဏ္ဍမှ အထည်အလိပ်နဲ့ စက်မှုထုတ် ကုန်တွေ၊ Re-Export စနစ်နဲ့ သကြား၊ ဒီဇယ်၊ ဓာတ်ဆီ၊ နှမ်းနဲ့ အခြားဆေးဝါးကုန်ကြမ်း စတာတွေတင်သွင်းပြီး ပြန်လည်တင်ပို့ ရောင်းချမှု ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

သွင်းကုန်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ သယ်ယူပို့ဆောင် ရေးယာဉ်/ယန္တရားများ၊ စက်သုံးဆီများ စသည်တို့ကိုလည်း တင်သွင်းလျက်ရှိပါတယ်။

ပို့ကုန်ပိုင်းမှာ ဈေးကွက်သစ်တွေ ပိုမိုရရှိလာတဲ့အတွက်ကြောင့် အရင်နှစ်ကာလတူ ထက်ကုန်သွယ်မှု ၆၃၆ ဒေါ်လာသန်း ပိုမိုခဲ့ပြီး ပို့ကုန်ပိုင်းမှာ ဒီနေ့အထိ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် ပိုမိုဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ယခုနှစ်မှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၅ သန်း၊ ပြောင်းတန်ချိန် ၁ ဒသမ ၁ သန်း၊ ပဲအမျိုးမျိုးတန်ချိန် ၁ ဒသမ ၂ သန်းနဲ့ အခြားလယ်ယာထွက်ကုန်ပစ္စည်း တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ Re-Export စနစ်နဲ့ သကြားကို ပြည်ပနိုင်ငံတွေက တင်သွင်းပြီး အိမ်နီးချင်း ဈေးကွက်ကို တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့နိုင်ခဲ့ပါတယ်။

ယခုနှစ်မှာ ကမ္ဘာ့ဈေးနှုန်းကျဆင်းမှုကြောင့် သဘာဝဓာတ်ငွေ့တင်ပို့မှုဝင်ငွေမှာ အရင်နှစ်ကထက် ဒေါ်လာသန်း ၁၂ဝဝ ကျော် လျော့နည်းခဲ့ပြီး နိုင်ငံပိုင်ကဏ္ဍက စက်မှုပို့ကုန် အမေရိကန်ဒေါ်လာသန်း ၂ဝဝ ကျော် လျော့နည်းခဲ့ပေမယ့် ယခုနှစ် ပို့ကုန်မှာ ပုဂ္ဂလိက ကဏ္ဍက ချုပ်ပြီးအထည်များ၊ လယ်ယာထွက် ကုန်ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်မှုကြောင့် စုစုပေါင်းပို့ကုန်မှာ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခြင်းဖြစ်ပါတယ်။

နောက်ပြီး ရာသီဥတုအခြေအနေအရ လည်းကောင်း၊ ငွေကြေး တန်ဖိုး အတက်အကျ အရလည်းကောင်း ကုန်ပစ္စည်းထုတ်လုပ် ရောင်းဝယ်မှုနဲ့ ဈေးနှုန်းအပေါ် များစွာအကျိုး သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

မေး။ ။ ဝန်ကြီးဌာနအနေနဲ့ အစိုးရသစ်ရဲ့ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအပေါ်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေများပါလဲရှင့်။ အဲဒီ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့နဲ့ အစိုးရသစ် တစ်နှစ်တာအတွင်း ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို သိပါရစေရှင့်။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အထူးသဖြင့် ပို့ကုန်ပိုင်းမှာ တစ်ဖက်က ဈေးကွက်တိုးချဲ့နိုင် ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပေမယ့် တစ်ပြိုင်နက် တည်းမှာ စိန်ခေါ် မှုတွေ၊ အခက်အခဲတွေ ရှိနေပါတယ်။

ဥပမာအနေနဲ့ပြောပြရရင် ပို့ကုန်တိုးမြှင့် ဖို့အတွက် တင်ပို့နိုင်မယ့် ပို့ကုန်ပစ္စည်း (ကုန်ကြမ်း၊ တစ်ဝက်တစ်ပျက်ကုန်ချောနဲ့ ပစ္စည်း မျိုးစုံ) အပိုအလျှံရှိသလား၊ ပို့ကုန်ပစ္စည်း မျိုးစုံရှိသော်လည်း တင်ပို့နိုင်တဲ့ ဈေးကွက်ကျယ် ကျယ်ပြန့်ပြန့်ရှိ သလား၊ ကျယ်ပြန့်တဲ့ ဈေးကွက်ရှိနေပေမယ့် အဲဒီဈေးကွက်မှာ အခြားနိုင်ငံရဲ့ အလားတူ ကုန်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်နိုင်သလား စတဲ့ မေးခွန်းတွေရှိနေ ပါတယ်။

ပို့ကုန်ဈေးကွက်မှာ မိမိတို့ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းသက်သာမှုအရ ယှဉ်ပြိုင်နိုင် စွမ်း၊ ပို့ကုန်ပစ္စည်းအရည်အသွေးအရ ယှဉ်ပြိုင်နိုင်စွမ်း၊ လိုအပ်သလို တင်ပို့နိုင်တဲ့ အချိန်အတိုင်းအတာအရ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။

ဒီလို ယှဉ်ပြိုင်နိုင်စွမ်းရှိမှသာ ကျယ်ပြန့်တဲ့ ပို့ကုန်ဈေးကွက်နဲ့ ခိုင်မာတဲ့ ပို့ကုန် ဈေးကွက်တွေ တိုးတက်ရရှိမှာဖြစ်ပါတယ်။ လောလောဆယ်အခြေအနေမှာ တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့တို့၊ သတ္တုတို့၊ ကျောက် စိမ်းတို့ ပို့ကုန်ဈေးနှုန်းတွေ ဟာ ကမ္ဘာ့ဈေး ကွက်မှာ ကျဆင်းလျက်ရှိပါတယ်။ သစ်တောပြန်လည်ထူထောင်ရေး ဆောင်ရွက်နေတဲ့အတွက် ကျွန်း၊ သစ်မာ ထုတ်လုပ်ရောင်းချမှုမှာ လည်း လျော့နည်းလျက်ရှိပါတယ်။ သဘာဝ တွင်းထွက်သယံဇာတအပေါ် ထုတ်လုပ်တင်ပို့ နိုင်မှုနဲ့ နိုင်ငံပိုင်ကဏ္ဍက စက်မှုကုန်ချော ထုတ်လုပ်ရောင်းချမှု အလားအလာမှာ လျော့နည်းလျက်ရှိနေပါတယ်။

ကျွန်တော်တို့အနေနဲ့ ပို့ကုန်တိုးချဲ့တင်ပို့ နိုင်မှုအတွက် လယ်ယာကဏ္ဍ သီးနှံ၊ သားငါး၊ ရေထွက်ပစ္စည်းထုတ်လုပ်မှုနဲ့ ပုဂ္ဂလိက ကဏ္ဍရဲ့ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း တွေကိုပဲ အားကိုးနေရတာရှိပါတယ်။ ဒါပေမယ့် ဒီအားကိုးနေရတဲ့ လယ်ယာကဏ္ဍနဲ့ အသေးစားနဲ့ အလတ်စား စက်မှုကဏ္ဍမှ ထုတ်လုပ်မှုအခြေအနေကို ကြည့်မယ် ဆိုရင်ဒေသတွင်း နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ထုတ်လုပ် မှုစွမ်းအား (ဥပမာ-တစ်ဧက အထွက်နှုန်း) နိမ့်ကျနေတာတွေ့ရ ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း ဒေသတွင်း နိုင်ငံတွေထက် ပိုပြီးများနေပါတယ်။ ထုတ်ကုန်အရည် အသွေးကို ကြည့်မယ်ဆိုရင်လည်း ဒေသတွင်း နိုင်ငံများထက် အရည်အသွေးနိမ့်ကျနေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် ထုတ်လုပ်သူကနေ စားသုံးသူ တွေဆီရောက်အောင်၊ ထုတ်လုပ်သူတွေထံမှ ပြည်ပတင်ပို့ရတဲ့ ပို့ကုန်ဆိပ်ကမ်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဆီ ရောက်ရှိအောင် ဆောင်ရွက်ရတဲ့ ဝယ်ယူ၊ သိုလှောင်၊ သယ် ယူပို့ဆောင်၊ ဖြန့်ဖြူးရေးနဲ့ပတ်သက်တဲ့ စရိတ်တွေ (Logistic Cost) မှာလည်း ဒေသတွင်းနိုင်ငံတွေထက် အလွန်ကြီးမားလျက်ရှိနေပါတယ်။

ဒါ့ကြောင့် ပြည်ပပို့ကုန်များအတွက် ကုန်ပစ္စည်းဈေးနှုန်း အရသော် လည်းကောင်း၊ အရည်အသွေးအရ သော်လည်းကောင်း၊ အချိန်မီ တင်ပို့နိုင်ရေးအရသော်လည်း ကောင်း ယှဉ်ပြိုင်နိုင်မှုစွမ်းအား အလွန်လျော့ နည်းလျက်ရှိနေပါတယ်။ ပြည်တွင်း ထုတ်လုပ်မှုမှာ မျိုးကောင်းမျိုးသန့်ရရှိနိုင်မှု၊ ထုတ် လုပ်မှုစက်ကိရိယာ သုံးစွဲနိုင်မှု၊ ဓာတ်မြေ သြဇာ၊ ပိုးသတ်ဆေး စနစ်တကျသုံးစွဲနိုင်မှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှုစတဲ့ အခြေခံလိုအပ်ချက်တွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် လယ်ယာကဏ္ဍနဲ့ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေမှာ ငွေကြေး အရင်းအနှီး၊ နည်းပညာ၊ ထုတ်ကုန်ဈေးကွက် အထူးလိုအပ်နေပါတယ်။ သယ်ယူပို့ဆောင်၊ ဖြန့်ဖြူးရောင်းဝယ်မှုမှာ လက်ဆင့်ကမ်း ရောင်းဝယ်မှုအဆင့်များခြင်း၊ ရေ၊ မီး၊ လမ်း၊ တံတားနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ယန္တရား ကောင်းမွန်လုံလောက်မှု လိုအပ်နေပါတယ်။ သိုလှောင် ရုံတွေ အရည်အသွေးနိမ့်ကျမှု၊ ပို့ကုန်ဆိပ်ကမ်းကျပ်တည်းမှု၊ လိုအပ်တဲ့ ခေတ်မီသိုလှောင် ရုံတွေ၊ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ၊ ကုန်းတွင်းဆိပ်ကမ်းတွေ မပြည့်စုံမှု၊ သယ်ယူ ပို့ဆောင်ရာမှာ အချိန်ကြာညောင်းမှု စတာတွေကြောင့် ကုန်သွယ်မှုမှာ အပိုကုန်ကျ စရိတ်တွေ ကြီးမားလျက်ရှိပါတယ်။

ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးနိုင်မှု စံချိန်စံညွှန်းမပြည့်စုံမှု၊ စစ်ဆေးနိုင်တဲ့ ပစ္စည်း ကိရိယာနဲ့ ကျွမ်းကျင် ပညာရှင်များ နည်းပါးမှုတွေကြောင့် ကုန်ပစ္စည်းအရည်အသွေး အချိန်မီ စစ်ဆေးနိုင်မှုစွမ်းရည်လည်း လျော့နည်းလျက်ရှိပါတယ်။

ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာပေမယ့် လက်ရှိအခြေအနေမှာ အဓိကအားဖြင့် အိမ်နီး ချင်းနိုင်ငံတွေရဲ့ ဈေးကွက်ကိုသာ ကျဉ်းမြောင်းစွာ မှီခိုနေရပြီး အဲဒီဈေးကွက်ရဲ့ လိုအပ်ချက် အရသာ တင်ပို့နေရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ တရားမဝင် ကုန်သွယ်မှုများရှိနေခြင်းတွေကြောင့် ပို့ကုန်ဝင်ငွေ လျော့နည်းခြင်း၊ အခွန်ဘဏ္ဍာဆုံးရှုံးခြင်း၊ သဘာဝသယံဇာတပြုန်းတီးမှုဖြစ်စေခြင်း၊ စားသုံးကုန်ပစ္စည်းများ တရားမဝင်တင်သွင်းနေ တဲ့အတွက် အလားတူ ထုတ်လုပ်တဲ့ ပြည်တွင်း အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေကို ကြီးမားစွာ ထိခိုက်စေခြင်းနှင့် စားသုံးသူတွေ အတွက် ကျန်းမာရေးအန္တရာယ်ဖြစ်ပေါ်နေမှုတွေကိုလည်း တွေ့ရှိရပါတယ်။

ပြည်တွင်းထုတ်လုပ်မှုနဲ့ ပြည်ပကုန်သွယ်မှု မှာ အဓိကအားဖြင့် အိမ်နီးချင်း ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှု၊ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း တန်ဖိုး မတည်ငြိမ်မှု၊ ပို့ကုန်ဈေးနှုန်းနဲ့ ရာသီဥတုပြောင်းလဲမှု စတာတွေကြောင့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ ပို့ကုန်လုပ်ငန်းများအပေါ် များစွာအကျိုး သက်ရောက်မှုတွေ ရှိနေပါတယ်။

မေး။ ။ အစိုးရသစ်ရဲ့ပထမတစ်နှစ်တာ ကာလအလွန်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ် တွေရှိရင်လည်း သိပါရစေ။

ဖြေ။ ။ ကုန်သွယ်မှုလုပ်ငန်းနဲ့ အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ မျှော်မှန်းချက်နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး မူဝါဒ (၁၂) ချက်ကို အခြေခံပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်နေပါတယ်။ တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့အတွက် ပို့ကုန်ဦးဆောင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Export-Led Growth) ပုံစံနဲ့ ဦးတည်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒီဦးတည်ချက်တွေကို အကောင်အထည် ဖော်ရာမှာ ကျယ်ပြန့်တဲ့၊ ခိုင်မာတည်မြဲတဲ့ ပို့ကုန်ဈေးကွက် ရရှိရေး၊ ပို့ကုန်ဈေးကွက်တွင် မိမိတို့ရဲ့ ပို့ကုန်ပစ္စည်းတွေ အရည်အသွေး အရသော်လည်းကောင်း၊ ဈေးနှုန်းအရသော် လည်းကောင်း၊ လိုအပ်သလို အချိန်မီ တင်ပို့ နိုင်မှုအရသော်လည်းကောင်း၊ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလို တိုးတက်နိုင်ဖို့အတွက် ကုန်ထုတ်လုပ်မှုနှုန်း တိုးတက်ရေး၊ ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချရေး၊ ထုတ်ကုန်ပစ္စည်း အရည်အသွေး ကောင်းမွန်ရေး၊ သယ်ယူပို့ဆောင်၊ သိုလှောင်၊ ဖြန့်ဖြူးစရိတ်လျော့နည်းရေးတို့ ကို အလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုတွေအတွက် ရလဒ်ကောင်းတွေ ရရှိဖို့က ကဏ္ဍအသီးသီးမှာ ဖြည့်ဆည်းရမယ့် ပို့ကုန်ဦးဆောင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုပုံစံ ရရှိနိုင်ဖို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ ကမ္ဘာ့ဘဏ် (World Bank)စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မိတ်ဖက်နိုင်ငံတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေ၊ ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးဘက်စုံဆက်စပ်ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

လေ့လာဆန်းစစ်ချက်တွေကို အခြေခံပြီး နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒနဲ့အညီ (၃) နှစ်၊ (၅) နှစ် နှစ်လတ်ကုန်သွယ်မှုဖွံ့ဖြိုးရေးအစီအစဉ် (Medium Term Programme-MTP)ကို ရေးဆွဲထားပြီးဖြစ် ပါတယ်။ အဲဒီ MTP ကို လုပ်ငန်း Project တွေရေးဆွဲပြီး သက်ဆိုင်သူတွေ ပါဝင်ပူးပေါင်း အကောင် အထည်ဖော် ဖို့ ချမှတ်ထားပြီးဖြစ်ပါတယ်။

MTP ကို မဏ္ဍိုင်ကြီး (၅) ရပ် ခွဲခြားသတ်မှတ်ပြီး ဆောင်ရွက်သွား မှာဖြစ်ပါ တယ်။ မဏ္ဍိုင် (၁) ကုန်သွယ်မှုမူဝါဒနဲ့ ကုန်သွယ်မှုအဖွဲ့ အစည်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့၊ မဏ္ဍိုင် (၂) ကုန်သွယ်မှု လွယ်ကူချောမွေ့စေဖို့နဲ့ သယ်ယူ ပို့ဆောင် သိုလှောင်ထောက်ပံ့မှု ဖွံ့ဖြိုးဖို့၊ မဏ္ဍိုင် (၃) အရည်အသွေးမြှင့် အခြေခံအဆောက် အအုံနဲ့ စံချိန်စံညွန်းတွေ သတ်မှတ်စစ်ဆေးရေး၊ မဏ္ဍိုင် (၄) ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ မဏ္ဍိုင် (၅) ပို့ကုန်အမျိုး မျိုး ထုတ်လုပ်ရေး စတဲ့ အသေးစိတ်အစီအစဉ် တွေ ချမှတ်ထားပါတယ်။

အထက်ပါ ကုန်သွယ်မှုဖွံ့ဖြိုးရေးနဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာကို သတ်မှတ်ချက်အတိုင်း အောင်မြင်စွာ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နိုင်ငံရဲ့ ပို့ကုန်ဦးဆောင်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Export-Led Growth) ပုံစံရရှိအောင် ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မြန်မာ့စီးပွားရေးဦးမော့ လာစေရေး အတွက် အထူးစီမံကိန်းကြီးများဖြစ်သည့် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် စသည့် အထူးစီးပွားရေးဇုန်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကိုလည်း တိုးချဲ့တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အစိုးရသစ် တစ်နှစ်တာအတွင်းတွင် အာဆီယံ+၃ မိတ်ဖက်နိုင်ငံများနှင့် EU အဖွဲ့ဝင်နိုင်ငံများ အထိ ခြေဆန့်နိုင်ခဲ့သည့်အတွက် ဈေးကွက်များ ပိုမိုပေါ်ပေါက် လာ ခဲ့ပြီဖြစ်သည်။ ဈေးကွက်များ ချဲ့ထွင်လာသည် နှင့်အမျှ ယှဉ်ပြိုင်မှုများ ရှိလာ သဖြင့် ပို့ကုန်အမယ်သစ်များကို တိုးချဲ့တင်ပို့နိုင်ရေး ကြိုးစားပြီး ထွက်ကုန်များ အရည်အသွေးမြင့်၊ တန်ဖိုးမြင့် ထုတ်ကုန်များ ပို၍ထုတ်လုပ်နိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများ၊ ထုတ်လုပ် သူများပူးပေါင်းပြီး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မြန်မာ့စီးပွားရေးသည် လက်ခမောင်းခတ်လာ နိုင်တော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။ဇူလိုင်မိုး ပြန်/ဆက်

No comments:

Post a Comment