Latest News

Tuesday, March 28, 2017

ကျောက်တုံးကြီးတစ်တုံးတွင်း၌ အလုံပိတ်ခံကာ တစ်ပတ်ကြာ နေပြခဲ့သော ပြင်သစ် လူစွန့်စားတစ်ဦး

ကျောက်တုံးကြီးတစ်တုံးတွင်း၌ အလုံပိတ်ခံကာ တစ်ပတ်ကြာ နေပြခဲ့သော ပြင်သစ် လူစွန့်စားတစ်ဦး

မတ် ၂၉ ။            ။ ပြင်သစ်နိုင်ငံက လူ့စွန့်စားတစ်ဦးဟာ ၁၂ တန် အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးတစ်တုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အလုံပိတ်ခံရင်း သီတင်းတစ်ပတ်ကြာ အောင်မြင်စွာ နေပြခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခုလို အလုံပိတ်ကျောင်းတုံးကြီးအတွင်း လူတစ်ကိုယ်စာ ထိုင်နေရုံလောက်သာ အခေါင်းထွင်းထုထားတဲ့ ပုံစံခွက်ထဲမှာ တစ်ပတ်ကြာ နေပြနိုင်ခဲ့တဲ့ အသက် ၄၄ အရွယ် အေဘရာဟမ် ပွိုင်ချီဗယ် ဆိုသူဟာ ပြန်ထွက်လာချိန်မှာတော့ လမ်းလျှောက်ဖို့တောင် ခက်ခဲတုန်ချိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

" ကျောက်တုံးထဲမှာ တစ်ပတ်နေခဲ့ရပြီးတော့ ဘယ်လိုခံစားရလဲဆိုတော့ ခုလောလောဆယ်တော့ မူးချင်မိုက်ချင်သလို ဖြစ်နေပါတယ်" လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

ယခု သရုပ်ပြမှုကို တင်ဆက်နိုင်ဖို့အတွက် ကျောက်တုံးကြီးတစ်တုံးထဲမှာ လူတစ်ယောက် ထိုင်နေတဲ့ ပုံစံ အခေါင်းတစ်ခု ထွင်းကာ ပုံဖော်ထားခဲ့ရပါတယ်။ အဲဒီပုံစံခွက်ထဲမှာတော့ ပွိုင်ချီဗယ် တစ်ယောက် ၀င်ထိုင်ပြီး တစ်ပတ်ကြာ အပိတ်ခံနေပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျောက်တုံးထဲမှာ သူ့အတွက် လိုအပ်တဲ့ ရေ၊ စွပ်ပြုတ်၊ အသားခြောက် စတာတွေအပြင် အညစ်အကြေးစွန့်ခွက်တွေကိုပါ ထည့်ပေးထားခဲ့တာ ဖြစ်ပါတယ်။

ယင်းကိုတော့ ပါရီမြို့က အနုပညာ ပြတိုက်တစ်ခုမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျောင်းတုံးကြီးအတွင်း ပွိုင်ချီဗယ် ရှိနေစဉ်တုန်းကတော့ လာရောက်ကြည့်ရှုသူတွေကတော့ ၎င်းကို အနီအောက်ရောင်ခြည် ကင်မရာကနေတဆင့် အတွင်းထဲကနေ ၎င်းရဲ့ အခြေအနေကို စောင့်ကြည့်ခဲ့ကြရတယ်လို့ သိရပါတယ်။

ကျောက်တုံးထဲမှာ ရှိနေစဉ်တုန်းက အပြင်က လူတွေကလည်း ကျောက်တုံးအလယ် အက်ကွဲရာကနေတဆင့် အထဲမှာ ရှိနေတဲ့ ပွိုင်ချီဗယ်ကို စကားပြောဖို့ ကြိုးစားတာ၊ ကဗျာရွတ်ပြတာ၊ ဂီတာတီးပြတာတွေလည်း လုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခုလို အသက်အန္တရာယ် နီးကပ်တဲ့ လုပ်ဆောင်ချက်မျိုးတွေနဲ့ ယခင်တုန်းကလည်း လုပ်ထားခဲ့ဖူးလို့ သိပ်မစိမ်းလှပေမယ့် သရုပ်ပြမှုအပြီး ကျောက်တုံးအပြင် ထွက်လာချိန်မှာတော့ ယခုစမ်းသပ်မှုဟာ သူ့ကို ထိတ်လန့်စေခဲ့တယ်လို့ ပွိုင်ချီဗယ်က ၀န်ခံပြောကြားသွားခဲ့ပါတယ်။

" အထဲမှာ ရှိတုန်းက ကျွန်တော် ကိုယ့်စိတ်ကို မနိုင်တော့တဲ့အဖြစ်မျိုး ခဏခဏ ကြုံခဲ့ရပါတယ်၊ ဒီ ကမ္ဘာကြီးထဲက အမှုံလေးတစ်မှုံ ဖြစ်သွားသလိုမျိုးလည်း ခံစားမိခဲ့ပါတယ်၊ နောက်ပြီး ကျောက်တုံးထဲမှာ ဘယ်မှမရွေ့ဘဲနဲ့ ခရီးသွားနေရသလိုမျိုး ခံစားခဲ့ရပါတယ်" လို့ ၎င်းက တွေ့ကြုံခံစားခဲ့ရမှုများကို ရှင်းပြသွားပါတယ်။

Mizzima

No comments:

Post a Comment