Latest News

Sunday, March 12, 2017

၂၀၁၇မှာ သွေးလွန်တုပ်ကွေးကပ်ရောဂါအသွင် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ် . . .

၂၀၁၇မှာ သွေးလွန်တုပ်ကွေးကပ်ရောဂါအသွင် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ် . . .
                   
                ♦ ပါမောက္ခဦးစောဝင်း
              ကလေးအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း♦

Q.၂၀၁၇ မှာ သွေးလွန်တုပ်ကွေးရောဂါက ဖြစ်နှုန်း များနိုင်ပါသလား ဆရာ။
- -  - - -  - - -  - - - - - - - - - - - - - -  - - - - - - - - - - - - - - - - -
A. သွေးလွန်တုပ်ကွေးရောဂါက သဘာဝအရ သုံး-လေးနှစ်မှာ တစ်ခါ
 ပြင်းပြင်းထန်ထန်ဖြစ်တတ်ပါတယ်။ ၂၀၁၃ မှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ် များခဲ့ပါတယ်။ နောက်တစ်နှစ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဘယ်လောက်
ဖြစ်မလဲဆိုတာက ဒီနှစ်ကုန်လောက်မှာ ဖြစ်တဲ့ ပမာဏကို ကြည့်ပြီး မှန်းလို့ရပါတယ်။ ၂၀၁၆ မိုးတွင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်တော့ဖြစ်တယ်၊ သိပ်မပြင်းထန်ဘူး။ ဒါပေမဲ့ အခု အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ကျတော့ ဖြစ်နှုန်းက ခါတိုင်း နှစ်တွေထက်စာရင် ပိုများလာတယ်။ ပြင်းထန် မှုလည်း ပိုများလာတယ်။ ဒါကြောင့် လာမယ့် နှစ်က သွေးလွန်တုပ်ကွေး ကပ်ရောဂါအသွင် epidemic year ဖြစ်မယ်၊ ပိုပြီးများမယ်၊ ပိုပြီး ဖြစ်မယ်လို့
ခန့်မှန်းရပါတယ်။

Q. ၂၀၁၇ မှာ သွေးလွန်တုပ်ကွေးကပ်ရောဂါ အသွင် ဖြစ်လာနိုင်တယ်ဆိုတော့ ကာကွယ်မှုအပိုင်းအနေနဲ့ ဘယ်လိုတွေ လုပ်ဆောင်သင့်ပါသလဲ ဆရာ။
- - -  - - -  - - -  - - - - - - - - - - - - - -  - - - - - - - - - - - - - - - - -
A. ကာကွယ်မှုကတော့ အရင်နည်းစနစ်တွေအတိုင်းပါပဲ။
 သွေးလွန်တုပ်ကွေးရောဂါက ခြင်ကိုက်တာကြောင့် ဖြစ်တယ်၊ ခြင်ကျားခေါ်
 ခြင်ပုန်းကိုက်လို့ ဖြစ်တယ်၊ ခြင်ဆေး မှုတ်တာက ရှိပြီးသား ခြင်ကို သေစေတာပါ။ ဒါပေမဲ့ အဲဒီခြင်တွေက တစ်ပတ်-နှစ်ပတ်ထက်ပိုပြီး အသက်မရှင်နိုင်ပါဘူး။ ပိုအရေးကြီးတာက ပိုးလောက်လန်းနှိမ်နင်းရေးပဲ ဖြစ်ပါတယ်။ အဲဒီအတွက်  ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ် . .ဒါတွေ လုပ်ရပါမယ်။ ဒါတွေကို ဘယ်နေရာတွေမှာ ပိုလုပ်ရမလဲဆိုရင် ကလေးတွေအများကြီး
 နေ့လယ်အချိန်မှာ စုဝေးတဲ့ နေ့ကလေးထိန်း ကျောင်း၊ ကျူရှင်၊ ကျောင်း ဒီလိုနေရာတွေမှာ ပိုလုပ်ရပါမယ်။

ခြင်ကျားက ပျံသန်းနိုင်တဲ့ အကွာအဝေးက သိပ်ရှိတာ မဟုတ်ပါဘူး။ ကိုက် ၁၀၀ ၀န်းကျင်လောက်ပဲ ရှိတာပါ။ ရပ်ကွက်ပေါင်းစုံက လာစုတဲ့ နေ့ကလေး ထိန်းကျောင်း၊ စာသင်ကျောင်း ဒီလိုနေရာတွေမှာ ပိုပြီးတော့ ကူးနိုင်ပါတယ်။
 အခုနောက်ပိုင်းမှာ ဒါတွေအပြင် “ထည့်၊ စိမ်”ဆိုပြီး ကာကွယ်ရေး လုပ်လာတယ်။ ထည့်တယ်ဆိုတာ ရေထဲမှာ အဘိတ်ဆေး (Temephos)ကို ထည့်ထားရင် ပိုးလောက်လန်း မပေါက်ဘူး၊ တော်တော်လေးလည်း ထိရောက်တယ်။ အန္တရာယ်လည်း မပေးဘူး။ အဲဒါကို အခုနောက်ပိုင်း ကုမ္ပဏီတွေကလည်း သွင်းလာတဲ့အတွက် လွယ်လွယ်ကူကူ ၀ယ်လို့ ရပါတယ်။ ရေ ၁၀ လီတာဆိုရင် လက်ဖက်ရည်ဇွန်း တစ် ဇွန်း၊လောက် ထည့်လို့ရတယ်။ ဒါဆိုရင် ရေသေမှာ ရက်ပေါင်း ၉၀ ခန့်၊ သုံးစွဲရေကန်မှာ ရက်ပေါင်း ၆၀ ခန့် ခံပါတယ်။ ပိုးလောက်လန်း မပေါက်ပါဘူး။ ဒါကို နိုင်ငံတော်ကလည်း ၀ယ်ပြီး ဖြန့်ဖြူးပေးပေမယ့် မလုံ လောက်ပါဘူး။ ပြည်သူပြည်သားတွေကလည်း တစ်နိုင်တစ်ပိုင် ၀ယ်ယူအသုံးပြုကြဖို့ လိုပါတယ်။

“စိမ်”ဆိုတဲ့ သဘောက ဆေးစိမ်ခြင်ထောင်၊ ဆေးစိမ်လိုက်ကာ၊ ဆေးစိမ်ခန်းဆီးတို့ သုံးခြင်းအား ဖြင့် အဲဒီမှာ လာနားတဲ့ ခြင်တွေ သေကုန်ပါတယ်။ ဒါလည်း ထိရောက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

Q. သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ကလေး မိဘတွေကို ဘယ်လို အကြံပြုချက် ပေးလိုပါသလဲ ဆရာ။
- -  - - -  - - -  - - - - - - - - - - - - - -  - - - - - - - - - - - - - - - - -
A. သွေးလွန်တုပ်ကွေးရောဂါက မိုးရာသီမှာ အဓိက ဖြစ်တယ်၊ များသောအားဖြင့် ချောင်းဆိုး နှာစေး မရှိဘူး။ ဒါပေမဲ့ ဘယ်ရာသီမှာ ဖြစ်ဖြစ်
 သွေးလွန်တုပ် ကွေးဖြစ်နိုင်တယ်ဆိုတာကို သတိထားရပါမယ်။ အ ခုဆိုရင်  အငယ်ဆုံးအနေနဲ့ အသက် သုံးလအရွယ် ကလေးလေး
 သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တာကို တွေ့ရပါတယ်။ အဖြစ်များတာက သုံးနှစ်ကနေ ၁၅ နှစ်ကြား ကလေးတွေပါ။ ဒါပေမဲ့ ဒီအသက်ရဲ့ ပြင်ပမှာ လည်း ဖြစ်တာ ရှိပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်ဆိုတာ မိဘတွေကော ဆရာဝန်တွေပါ အမြဲတမ်း ခေါင်းထဲမှာ ရှိဖို့ လိုပါတယ်။

Q. ကလေးတွေမှာ ဘယ်လို လက္ခဏာတွေ ပြရင် သွေးလွန်တုပ်ကွေးလားဆိုပြီး သတိထားသင့်ပါသလဲ ဆရာ။
- -  - - -  - - -  - - - - - - - - - - - - - -  - - - - - - - - - - - - - - - - -
A. ကလေးတစ်ယောက် အဖျားကြီးတယ်၊ မှိန်းတယ်၊ မစားဘူး၊ မသောက်ဘူး၊ မကြာခဏ အန်တယ်၊ ဗိုက်နာတယ်၊ အထူးသဖြင့် အဖျားကြီးပြီး မစားချင် မသောက်ချင်ဖြစ်ရင် ဒါက သွေးလွန်တုပ်ကွေးလက္ခဏာ ဖြစ်နိုင်တယ်လို့ သတိထားရပါမယ်။ ဖျားခြင်းနဲ့ အောက်ပါ အချက်ထဲက နှစ်ချက်ရှိရင်-
(၁) အော့အန်ခြင်း၊
(၂) အရေပြားပေါ်မှာ အပိမ့်ထွက်ခြင်း၊
(၃) ကိုယ်လက်ကိုက်ခဲခြင်း၊
(၄) သွေးပေါင်ချိန်တိုင်းကိရိယာ(Hess Test)နဲ့ စမ်းသပ်ရာမှာ Positive (+)  ဖြစ်ခြင်း၊
(၅) သွေးဖြူဥနည်းခြင်း  (leukopenia)
(၆) အန္တရာယ် လက္ခဏာ တစ်ခုခု ရှိခြင်း၊

အလွယ်ဆိုရင်တော့ အဖျားကြီးပြီး မလန်းဆန်းရင်၊ မှိန်းရင်၊ အစားအသောက် ပျက်ရင် ဖြစ်နိုင်တယ် လို့ မှတ်ရပါမယ်။ နောက်တစ်ခု အရေးကြီးတာက
 သွေးလန့်တာပါ။ သွေးလန့်တယ်ဆိုတာ များသောအားဖြင့် ဖျားပြီး သုံးရက်ကနေ ငါးရက်အတွင်း ဖြစ်တတ်ပါတယ်။ အဲဒီလို အရေးကြီးတဲ့ သွေးလန့်ခြင်း မဖြစ်ခင် ထူးခြားတာက အဖျားကျသွားတတ်တယ်။ နေကောင်းသွားပြီလို့ လူတွေက မှားယွင်းစွာ ယူဆတတ်ပါတယ်။ တချို့ဆို ကျောင်းတွေ၊ ကျူရှင်တွေ ပို့တာတောင်
ရှိတယ်။ အဖျားကျပြီး မလန်းဆန်းရင်၊ မှိန်းရင်၊ ကယောင်ကတမ်းဖြစ်ရင်၊ မူးဝေ၊အော့အန်ရင် ဆေးရုံကို အမြန်သွားရပါမယ်။ ဒါက သွေးလန့်ခြင်း စနေလို့ပါ။ ဒီအချိန် မှာ သွေးကြောထဲ သွေးရည်ကြည်တွေက သွေးကြော ပြင်ပကို ထွက်ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှုကောင်းအောင် အမြန်ဆုံး လုပ်ပေးရပါတယ်။ အဲဒီအချိန်မှာ အကြောဆေး၊ ဆားရည်၊ ကော်ရည်၊
 သွေးရည်ကြည်စသဖြင့် လိုအပ်သလို စနစ်တကျတွက် ချက်ပြီး သွင်းပေးရပါတယ်။ အချိန်အခါမလပ် နီးနီးကပ်ကပ် စောင့်ကြည့်ပြီး
 ပြုပြင်ပေးရပါမယ်။
ဒီလို လုပ်ပေးမှ သွေးလန့်ချိန် တိုနိုင်သမျှ တိုအောင်၊ သွေးမလန့်အောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သွေးလန့်တာကို မသိဘဲ အိမ်မှာ ထားလိုက်ရင် သွေးလန့်ချိန် ကြာလေလေ၊ အသက်အန္တရာယ်က ပိုများလေလေ ဆိုတာ သတိပြု စေချင်ပါတယ်။
ကလေးက အဖျားကျပြီး စားသောက်ဆော့ကစားနေရင်တော့ မစိုးရိမ်ရပါဘူး။

Q. သွေးလွန်တုပ်ကွေး အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သိပါရစေ ဆရာ။
- -  - - -  - - -  - - - - - - - - - - - - - -  - - - - - - - - - - - - - - - - -
A. သွေးလွန်တုပ်ကွေးအန္တရာယ် လက္ခဏာတွေကတော့-
(၁) ၀မ်းဗိုက်နာခြင်း၊ ဖိရင် နာခြင်း၊
(၂) ဆက်တိုက် အန်ခြင်း၊
(၃) အဆုတ်၊ နှလုံး ၀မ်းဗိုက်တို့တွင် အရည်စုခြင်း၊
(၄) မှိန်းခြင်း ဒါမှမဟုတ် ကယောင်ကတမ်းဖြစ်ခြင်း၊
(၅) အသည်း ၂ စင်တီမီတာထက် ကြီးခြင်း၊
(၆) သွေးဖြူဥ ကျလာခြင်း၊ သွေးပြစ်နှုန်း (pcv) တက်လာခြင်းတို့ ဖြစ်ပါတယ်။
ဆေးရုံတက်သင့်တဲ့ လူနာတွေကတော့-
(၁) အန္တရာယ်လက္ခဏာ တစ်ခုခု ရှိခြင်း၊
(၂) တစ်နှစ်အောက် ကလေး၊
(၃) အ၀လွန်သော သူ၊
(၄) တခြား ရောဂါ ရှိသောသူ ဥပမာ thalassaemia
(၅) ဆေးရုံနဲ့ ဝေးတဲ့ သူတွေပဲ ဖြစ်ပါတယ်။

Q. သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
- -  - - -  - - -  - - - - - - - - - - - - - -  - - - - - - - - - - - - - - - - -
A. ဆရာကတော့ သွေးလွန်တုပ်ကွေး အန္တရာယ်ကင်း ဂါထာဆိုပြီး စပ်ထားပါတယ်။

“ရာသီတိုင်းတွင်၊ ဖျားနာလျှင်၊
သွေးလွန်တုပ်ကွေး မှတ်၊

အဖျားကျစဉ်၊ မလန်းလျှင်၊
အစဉ် သတိချပ်။”

ဘယ်လိုလက္ခဏာပဲရှိရှိ၊ ဘယ်လိုရာသီပဲ ဖြစ်ဖြစ် ကလေးက အဖျားကြီးတယ်၊ မှိန်းတယ်၊ မစားဘူး၊ မသောက်ဘူး၊ ကိုယ်လက်ကိုက်ခဲတယ်ဆိုရင်
 သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တယ်ဆိုတာ မိဘရော ဆရာဝန်ပါ သတိထားရပါမယ်။

သွေးလန့်ခါနီးမှာ အဖျားကျသွားပေမယ့် ကလေးက မလန်းဆန်းရင် ဒါက ပိုဆိုးလာတဲ့ အခြေအနေကို ဦးတည်နေတဲ့အတွက် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။ အဲဒီနှစ်ချက်ကို သိလို့ မှန်မှန်ကန်ကန် ကုသနိုင်တယ်ဆိုရင်
 သွေးလွန်တုပ်ကွေးရောဂါကြောင့် အသေအပျောက်မရှိသလောက် နည်းအောင် လုပ်လို့ရနိုင်ပါတယ်။                                  

Credit - HealthyLifeJournal

No comments:

Post a Comment