Latest News

Friday, March 10, 2017

ဦးဝီရသူအား ဧရာဝတီတိုင်းတွင်​ တရား​ဟောခွင့်​ပိတ်​ပင်

ဦးဝီရသူအား ဧရာဝတီတိုင်းတွင်​ တရား​ဟောခွင့်​ပိတ်​ပင်



ပုသိမ်​၊ မတ်​ ၁၀

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘာသာရေးကိုအခြေခံ၍ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဟောပြောခဲ့သောကြောင့် ဆရာတော်ဘန္ဒန္တ ဝိစိတ္တာ ဘိဝံသ (ဆရာ​တော်​ ဦးဝီရသူ) အား ဧရာဝတီတိုင်းဒေသကြီးအတွင်း တရား​ဟောခွင့်​ ပိတ်​လိုက်​​ကြောင်း တိုင်းအစိုးရအဖွဲ့၏ မတ်လ၃ရက်နေ့ အစည်းအဝေးက ဆုံးဖြတ်​လိုက်​သည်​။

ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူကျေးရွာအုပ်စု ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော တရားပွဲတွင် ဦးဝီရသူက ဟောပြောရာ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားလွှာ အမှတ်(၈၃)နဲ့ မညီညွတ်ခြင်း အချို့သော ဟောပြောမှုများတွင် ဘာသာရေးကိုအခြေခံ၍ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ဟောပြောခဲ့သည့် တရားပွဲအား ခွင့်ပြုပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်မြို့အုပ်ချုပ်ရေးမှူးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေါ်ယူသတိပေးရန်​ ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။

မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ တာတပေါရွာတွင် မတ်လ ၉ရက်နေ့ ညက ဆရာ​တော်​ ဘန္ဒန္တ ဝိစိတ္တာ ဘိဝံသက တရားပွဲအား ခွင့်ပြုချက်မရသေးဘဲ ဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး၊ ညွန်ကြားရေးမှူးဦးမျိုးမင်းထွန်းကပြောသည်။

"တရားပွဲတွေဆို တိုင်းအဆင့်က ဝန်ကြီးနှစ်ယောက်ခွင့်ပြုချက်လိုတယ်။ အခု တိုင်းအဆင့်ကိုလည်း တင်ပြထားတာမရှိဘူး၊ ခွင့်ပြုထားတာလည်းမရှိဘူး ဝန်ထမ်းတွေဘက်ကို စုံစမ်းစစ်ဆေးဖွဲ့ပြီးစစ်ဆေးမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး ညွန်ကြားရေးမှူးဦးမျိုးမင်းထွန်းကပြောသည်။

တရားပွဲကို မြို့နယ်အုပ်ချုပ်ရေး၊မြို့နယ်ရဲတပ်ဖွဲ့၊ခရိုင်အုပ်ချုပ်ရေး ခရိုင်ရဲတပ်ဖွဲ့ကတိုင်းကို တင်ပြရကြောင်း၊ယခု တိုင်းအဆင့်ကို တင်ပြထားမှုမရှိကြောင်း ၎င်းကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ပုသိမ်မြို့နယ်များတွင် ဆရာတော်ဘန္ဒန္တ ဝိစိတ္တာ ဘိဝံသ တရားပွဲများတွင် ဟောပြောခွင့်မရရှိခဲ့ပါ။

Mizzima

No comments:

Post a Comment