Latest News

Friday, March 31, 2017

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်၏ တစ်နှစ်တာဆောင်ရွက်ချက်များ

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်၏ တစ်နှစ်တာဆောင်ရွက်ချက်များ


ရန်ကုန်မြို့နေ ပြည်သူလူထု၏ နေ့စဉ် အဓိကလိုအပ်ချက်များထဲမှ လမ်း၊ မီး၊ ရေ ပြည့်ပြည့်ဝဝ ကောင်းမွန်စွာ အဓိကအဆင်ပြေစေနိုင်ရေး မျှော်မှန်းထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည်  ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂ဝ၁၇ ခုနှစ်ထိ တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းပေါင်း ၇ဝဝ ကျော် လောက်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

စွမ်းဆောင်ကြိုးပမ်း
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ကို  စည်းကမ်းကျနပြီး နေချင်စဖွယ်  သာယာလှပဖွံ့ဖြိုးသည့် မြို့တစ်မြို့အဖြစ် ပေါ်ထွန်းလာစေရန်အတွက် စွမ်းဆောင်ကြိုးပမ်းအကောင်အထည်ဖော်လာသောကြောင့်  ယခုအချိန်တွင် အောင်မြင်လှပသောမြင်ကွင်းများအဖြစ်   သရုပ်ပေါ်လာပြီဖြစ်သည်။
ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ် တည်းမှုကို ဖြေလျှော့နိုင်ရန်အတွက် ခရီးသွား ပြည်သူများကို ပိုမိုကောင်းမွန်သော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ် YBS ကို   ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏   အပြောင်းအလဲ ကောင်းများစွာထဲမှ တစ်ခုအဖြစ် အရေးပါ လွန်းလှသည်။

ရန်ကုန်မြို့တော်အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်    နံနက်ပိုင်းမှစတင်၍ ယာဉ်လိုင်းပေါင်း ၆ဝ ဖြင့် ပြောင်းလဲဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု
ယခင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မထသ) မှ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (Yangon Bus Service  - YBS) သို့ ပြောင်းလဲခဲ့ခြင်းသည် ပြည်သူလူထုကို ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက်  ရည်ရွယ်၍ ပြောင်းလဲခြင်းဖြစ်ပြီး ယင်းအပြောင်းအလဲသည် စနစ်အပြောင်းအလဲသာ ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ''ရန်ကုန်မှာ ဘတ်စ်ကားယာဉ်လိုင်းတွေကို မထသအဖြစ် ပြေးဆွဲလာခဲ့တဲ့ နှစ် ၅ဝ ကျော် ဆောင်ရွက်ခဲ့မှုတစ်ရပ်ကို ကျွန်တော်တို့ ရပ်ဆိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲဟာ စနစ်အပြောင်းအလဲ ဖြစ်ပါတယ်။ စနစ်ကို စတင်နိုင်ဖို့အတွက် YBS ယာဉ်လိုင်းကို စတင်ခဲ့ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာမှုကြောင့် စနစ်တစ်ရပ်လုံးဟာ သုံးရက်တာ ကာလလောက်အတွင်းမှာပဲ စနစ်တကျ ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကားသစ်ပေါင်း ၃ဝဝဝ
''အသားကျမှုတစ်ရပ်ကိုတော့ ကျွန်တော်တို့ အခုစတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကားတွေကို အဆင့်မြှင့်နိုင်ဖို့၊ ကားတွေကို GPS စနစ်နဲ့ Operator Team ကနေ ထိန်းချုပ်နိုင်ဖို့၊ တစ်ဖက်ကလည်း ဘတ်စ်ကား ပိုက်ဆံပေးတဲ့စနစ်ကို ငွေပေးကတ်နဲ့ ပေးနိုင် ဖို့ဆိုတဲ့ အခြေအနေကို ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ ကားသစ်ပေါင်း ၃ဝဝဝ လောက်ကို ဝယ်ယူဖို့ ပြင်ဆင်နေပြီဖြစ် ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေထဲကလည်း ငွေကျပ်ဘီလီယံ ၇ဝ လောက် သုံးစွဲဖို့ ပြင်ဆင် နေပြီဖြစ်ပါတယ်။ ကားတွေက မှတ်တိုင်မှာ ဘယ်လောက်ကြာကြာရပ်တယ်၊ လမ်းမှာ ဘယ်လောက်ကြာတယ်၊ ဂိတ်စဂိတ်ဆုံးပြေးဆွဲ မှု ရှိ၊ မရှိ ဆိုတာကို Traffic Control Center  ကနေ  ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

ကားတွေရဲ့ ယာဉ်ကြောကျပ်တည်းမှုကိုလည်း ဖြေရှင်းသွားနိုင်ဖို့အတွက် တကယ့်မီးပွိုင့်စနစ်တစ်ရပ်ကိုလည်း ပြုပြင်ပြောင်းလဲပြီး ဖြစ်ပါတယ်''ဟု ပြောသည်။

YBS ယာဉ်လိုင်း စတင်ပြောင်းလဲချိန်တွင် အခက်အခဲ   အနည်းငယ်ရှိခဲ့သော်လည်း ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုများဖြင့် ယခုအချိန်တွင် ရလဒ်ကောင်းများ ခံစားရရှိ နေကြပြီဖြစ်သည်။

လက်ရှိအချိန်တွင် YBS ယာဉ်လိုင်း ပေါင်း ၈ဝ နီးပါး၊ ယာဉ်စီးရေ ၄ဝဝဝ ခန့်တို့ ဖြင့် ခရီးသွားပြည်သူ ၂ ဒသမ ၅ သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

ခေတ်မီ မီးပွိုင့်များ
ရန်ကုန်မြို့တွင် နိုင်ငံတကာ အဆင့် အတန်းမီ ဘတ်စ်ကားစနစ်တစ်ရပ် ပေါ်ထွန်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်မှန်းဆောင်ရွက်ရာတွင် ခေတ်မီမီးပွိုင့် စနစ်တပ်ဆင်ရန် ၁၅၄ ပွိုင့်ကို သတ်မှတ်ထား ပြီး ၄င်းကင်မရာမှ မြို့တွင်းဝင်လာသောကား၊ ထွက်သွားသောကားများနှင့် ရန်ကုန်မြို့ လမ်းကြောအသီးသီးတွင် သွားလာနေမှု မှတ်တမ်းများ စသည်တို့ကို မှတ်တမ်းပြုစုပေးထားနိုင်မည်ဖြစ်သည်။ စည်းကမ်းမဲ့ယာဉ်များ၊ ယာဉ်ကြောကျပ်တည်းမှုများကိုလည်း ဖြေရှင်း ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရမှ ညွှန်ကြားထားသော ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

မြို့တော်အတွင်း ရေကြီးရေလျှံမှုများ  ဖြစ်ပေါ်ခြင်းသည် မြို့နေလူထု၏ ကျန်းမာရေးအတွက် လွန်စွာအန္တရာယ်များလှသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကိုလည်း လျှော့ချ ဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။

အမှိုက်ထုပ်ကောက်သိမ်းစနစ်
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် နောက်ဖေးလမ်းကြားများ၊ ရပ်ကွက်များရှိ ရေမြောင်းများ ရေစီးရေလာမကောင်းခြင်း၊ ရေမြောင်းပိတ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက်လည်း အမှိုက်ထုပ်ကောက်သိမ်း စနစ်အား  ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခရိုင်လေးခရိုင်ရှိ ရပ်ကွက်ပေါင်း ၁ဝဝ ကျော်တွင် သိမ်းဆည်းပေးနိုင်ခဲ့သည်။

နောက်ဖေးလမ်းကြား အမှိုက်သိမ်းခြင်းကို အရှေ့ပိုင်းခရိုင်တွင် ယုဇနဥယျာဉ်အိမ်ရာ၊ အနောက်ပိုင်းခရိုင်တွင် မြို့နယ် ၇ မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၄ဝ ကျော်နှင့် လမ်းကြား ၁ဝဝ ကျော်၊ တောင်ပိုင်းခရိုင်တွင် မြို့နယ် ၄ မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂ဝ ကျော်နှင့် လမ်းကြား ၁၅ဝ ကျော်၊ မြောက်ပိုင်းခရိုင်တွင် လမ်းကြား ၁၈ဝ ကျော်တို့၌ ရေစီးရေလာ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးတို့ကို ပြုလုပ်ပေးခဲ့သည်။
''ကျွန်တော်တို့ ရန်ကုန်မြို့မှာ ယာဉ်ကြော ကျပ်တည်းမှု အခြေအနေတွေ ရှိပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် လမ်းမပေါ်မှာ ဈေးရောင်းနေတဲ့သူတွေကို စနစ်တကျ နေရာချထားရေးအစီအစဉ်တွေ ဆောင်ရွက်ခဲ့ပါတယ်။ ဈေးသည်တွေကို စမတ်ကတ်တွေ ထုတ်ပေးပြီး နေရာချထား ပေးခဲ့ပါတယ်။ ရေ၊ မီး၊ သန့်ရှင်းမှုအတွက် အိမ်သာကစပြီး စနစ်တကျ တည်ဆောက် ပေးခဲ့ပါတယ်''ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

ဘဝအမောများပြေစေ
ပြည်သူလူထု တစ်နေ့တာ ဘဝအမောများ ပြေစေပြီး မိသားစုများနှင့် ညဈေးတန်းတွင် နားနေနိုင်စေရန် ရန်ကုန်မြို့၌ အောင်မြင်သည့် ညဈေးတန်းကြီး ပေါ်ပေါက်လာစေရန်လည်း စွမ်းဆောင်ကြိုးပမ်းနိုင်ခဲ့ကြသည်။

ကမ်းနားလမ်း၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ဘဏ်လမ်းများ၌ ညဈေးတန်းများ ဖွင့်လှစ်ကာ တစ်မူထူးခြားသည့် မြို့ပြ၏အလှအဖြစ် ဆန်းသစ်စေခဲ့သည်ဆိုလျှင် မမှားပေ။

မိသားစုများ စိတ်လက်ချမ်းသာစွာ အနားယူနိုင်ခြင်း၊ မြို့ထဲအလုပ်ဆင်းသူများ အလွယ်တကူ ဝင်ရောက်စားသောက်နိုင်ခြင်း၊ ညဈေးတန်းရှိနေသော်လည်း လမ်းလည်း မပိတ်၊ စည်းကမ်းကျနပြီး ရောင်းချသူ၊ စားသုံးသူ၊   နှစ်ဦးနှစ်ဖက်   အေးချမ်းစွာ ရောင်းဝယ်စားသောက်နိုင်ကြသည်။
ညဈေးတန်းအဖြစ် ဖော်ဆောင်စဉ် အစ ၃ လခန့်ကို အခမဲ့ ရောင်းချခွင့်ပြုပေးခဲ့ပြီး ဈေးရောင်းချသူများအား နေရာချထားပေးရာ တွင်လည်း စမတ်ကတ်များနှင့် စနစ်တကျ ရောင်းချခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ညဈေးတန်း
ဈေးနှုန်းသက်သာသော၊ သန့်ရှင်းသပ်ရပ် မှုရှိသော စနစ်တကျရှိလှသည့် ညဈေးတန်း အဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီး ညဈေးတန်း ပေါ်ပေါက်လာခြင်းကြောင့် ယာဉ်ကြောကျပ်တည်း ခြင်းဆိုသော အခြေအနေကိုလည်း  ကျော်လွှားအောင်မြင်ခဲ့ပြီဖြစ်သည်။

ကမ်းနားလမ်း (သခင်မြပန်းခြံလမ်းနှင့် အောင်ရတနာလမ်းကြား)၊ပုဇွန်တောင်မြို့နယ် (၅၂)လမ်းစသည့် နေရာများကိုလည်း ညဈေး တန်းများအဖြစ် ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင် ရန်လည်း စီစဉ်ဆောင်ရွက်ခဲ့သည်။

''ရန်ကုန်မြို့သူ မြို့သားတွေအတွက် ညနေပိုင်း အပန်းဖြေရာနေရာ တစ်ခုအဖြစ်နဲ့ ဖြစ်လာခဲ့ပါတယ်။ ကုန်သေတ္တာတင်ယာဉ်တွေကို ညဘက်မှာ ထွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။ ဒီအခြေအနေဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို  အထောက် အကူပြုမယ့် နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ ဆိပ်ကမ်းတွေ တည်ရှိရာ နေရာကနေ ရေကြောင်းလမ်းကသာ သယ်ယူမယ်ဆိုရင် စရိတ်စကလည်း ပိုပြီးသက်သာနိုင်ပါတယ်။ ခရီးမိုင်အားဖြင့်လည်း ပိုပြီးတိုသွားနိုင်ပါတယ်။ အစပိုင်းအပြောင်းအလဲ တစ်ရပ်မှာတော့ အခက်အခဲ ရှိကောင်းရှိနိုင်ပေမယ့် အခုအချိန်မှာတော့ အောင်မြင်မှုရလဒ်တွေ ကျွန်တော်တို့ ရနေပြီ ဖြစ်ပါတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

အာရှနိုင်ငံများအချင်းချင်း ပိုမိုချစ်ကြည် ရင်းနှီးမှုတို့ကို ဖော်ဆောင်ပေါ်လွင်စေသည့် ရန်ကုန်မြို့နှင့်  ဂျပန်နိုင်ငံ  ဖူကူအိုကာမြို့၊ ရန်ကုန်မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်မြို့များနှင့် ညီအစ်မမြို့တော် (Sister City) စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး လှပသောမော်ကွန်းသစ်အဖြစ် ကမ္ပည်းတင်နိုင်ခဲ့ကြသည်။

သည်လိုဆောင်ရွက်နိုင်ခြင်းက နှစ်ဖက်မြို့တော်များမှ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ လည်ပတ်နိုင်ခြင်း၊ သတင်းအချက်အလက်၊ ယဉ်ကျေးမှုအနုပညာများ အပြန်အလှန် ဖလှယ်မြှင့်တင်နိုင်ခြင်း၊ လူငယ်ရေးရာ၊ အားကစားရေးရာ၊ သိပ္ပံနှင့် နည်းပညာစသည့်  နယ်ပယ်များတွင် အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ခြင်း စသည့်  အကျိုးရလဒ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ဂုဏ်ယူစရာ
ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှု (၅၅)နှစ်မြောက်အထိမ်းအမှတ် ''မင်္ဂလာပါ'' ပွဲတော်ကြီး ကျင်းပနိုင်ခဲ့ခြင်းကလည်း ဂုဏ်ယူ စရာပင်ဖြစ်သည်။

''မင်္ဂလာပါ'' ယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်းစီစဉ် ခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မြဲမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများ ပြယုဂ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

ပွဲတော်ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ  ၄ ရက်အထိ   သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပွဲတော်ကာလအတွင်း  စီတန်းလှည့်လည်ပြသပွဲများ၊ ဆက်ကပ်ပြပွဲများ၊ Street Art ရေးဆွဲ ဖန်တီးမှုများ စသည်တို့နှင့်အတူ ဝါး၊  ကြိမ် တို့ဖြင့် ပြုလုပ်ထားသော အရုပ်နှစ်ရုပ်တို့ဖြင့် ရန်ကုန်မြို့တွင် လှည့်လည်လမ်းလျှောက်ပြသမှုများ ပါဝင်လျက် ပြည်သူလူထုများစွာ ပျော်ရွှင်စေခဲ့သည့် ပြင်သစ်-မြန်မာ နှစ်နိုင်ငံကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှု (၅၅)နှစ် မြောက် အထိမ်းအမှတ်အဖြစ် အစိုးရသစ်ကာလ လုပ်ဆောင်ချက်အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ပန်းခြံများ အဆင့်မြှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အစဉ်အမြဲ စိမ်းလန်း စိုပြည် လှပနေစေရေးနှင့် မြို့တော်နေပြည်သူများ အပန်းဖြေစိတ်လက်ရွှင်သာစွာ ကျန်းမာရေးလိုက်စား အားကစားဆောင်ရွက် နိုင်ရန်အတွက် ပန်းခြံများ အဆင့်မြှင့်တင်ခြင်း၊ အားကစားကွင်းများ အသစ်တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

အားကစားကွင်း ကိုးကွင်း အသစ်တည် ဆောက်ခြင်း၊ ပန်းခြံ နှစ်ခြံအား အဆင့်မြှင့် တင်ခြင်းများကို မြို့နေပြည်သူများအတွက် ဆောင်ရွက်လျက်ရှိပြီး ယခုလို ဆောင်ရွက် နိုင်ခြင်းသည်  အများပြည်သူအတွက် ပညာပေးအခမ်းအနားများ၊ အပန်းဖြေပွဲများ၊ စာပေပွဲတော်များ စသည်ဖြင့် ကျင်းပနိုင်မည့် အကျိုးများကို ရရှိစေမည်ဖြစ်သည်။

ယခုလို ဆောင်ရွက်ရာတွင်  မြို့နယ်ရပ်ကွက်အလိုက် တစ်ရပ်ကွက်လျှင်အားကစားကွင်းတစ်ကွင်း တည်ဆောက်ပေးနိုင်ရေး စီမံချက်ဖြင့် မြေလွတ်မြေလပ်ရှိသော နေရာများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုမိန့်၊ ကြီးကြပ်မှုများဖြင့် အားကစားကွင်းအသစ် ရှာဖွေတည်ဆောက် ပေးနေသည်။

မှတ်တမ်းပြုစရာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုများဖြင့် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် နှစ် (၇ဝ)မြောက် ပြည်ထောင်စုနေ့အခမ်းအနားများ ကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်း များကလည်း မှတ်တမ်းပြုစရာများဖြစ်သည်။

အခမ်းအနားများကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီ  ရှစ်ခု ဖွဲ့စည်းကာ တာဝန်ပေးအပ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်က နာယကအဖြစ်ဦးဆောင်ပြီး ထိုနေရာများတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်းပခြင်းမရှိခဲ့သည့် နိုင်ငံတော်အခမ်းအနားများကို    စည်ကား သိုက်မြိုက်စွာ     ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်သည် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မရှိမဖြစ် အရေးကြီးလှသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း နှစ်စဉ်ဓာတ်အား သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲ လျက်ရှိကြောင်း နှစ်စဉ် ဓာတ်အားသုံးစွဲမှု မှတ်တမ်းများအရ သိရသည်။

ဆန်းစစ်မှုများ ပြုလုပ်
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ ရရှိနိုင်စေရန် ဆန်းစစ်မှုများ ပြုလုပ်ကာ ပိုမိုအဆင်ပြေစေရေး လျှပ်စစ်မီးကို လိုသလောက် သုံးနိုင်ရေး၊ ပြည့်ဝသည့် လျှပ်စစ်မီးရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း Master Plan တစ်ခု ဆောင်ရွက်လျက်ရှိသည်။

တိုးတက်သုံးစွဲလာမည့် ဓာတ်အားများ အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးအတွင်း၌ရှိသည့် ဓာတ်အားခွဲရုံများ၏ လက်ရှိဝန်အားများ တိုးချဲ့ တည်ဆောက် ခြင်း၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ အသစ်တိုးချဲ့ တပ်ဆင်ခြင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရှည်လျား/ရှုပ်ထွေး ဆားဗစ်ကြိုးများ  ရှင်းလင်းခြင်းစသည့်   လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြို့နယ်၊  ဒလမြို့နယ်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်စသည့်  မြို့နယ် လေးမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရှည်လျား/ရှုပ်ထွေး ဆားဗစ်ကြိုး ရှင်းလင်းခြင်းလုပ်ငန်းများကို  ပထမအဆင့် ဦးစားပေးဆောင်ရွက်ခဲ့ပြီး ကျန်မြို့နယ်များတွင်လည်း ပြည်သူပါဝင်သော လုပ်ငန်းအဖြစ် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း ရှည်လျား/ရှုပ်ထွေး ဆားဗစ်ရှင်းလင်းရမည့်နေရာ ၁၁၉၁ နေရာ ရှိသည့်အနက်  ၄၆၇  နေရာရှိ   ရှုပ်ထွေး ဆားဗစ်ကြိုးများ ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

စုစုပေါင်းဘဏ္ဍာငွေ ၃၈ ဒသမ ၂၃၅ ဘီလီယံကျပ်
၂ဝ၁၆ ခုနှစ်    ဧပြီ  ၁  ရက်မှ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း တိုးတက်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ နိုင်ငံခြားငွေ ၁၇ ဒသမ ဝ၈၃ ဘီလီယံကျပ် အပါအဝင် စုစုပေါင်းဘဏ္ဍာငွေ ၃၈ ဒသမ ၂၃၅ ဘီလီယံကျပ်ကျခံသုံးစွဲကာ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် တဲ့ နေရာမှာ လျှပ်စစ်မီးဟာ အရေးကြီးပါတယ်။ လျှပ်စစ်ရဲ့ ကဏ္ဍ သုံးခုဖြစ်တဲ့ ထုတ်လုပ်မှု၊ သွယ်တန်းမှု၊ ဖြန့်ဖြူးမှု အပိုင်းတွေ ကောင်းမွန်အောင် ကျွန်တော်တို့လုပ်ကြရမှာ ဖြစ်ပါတယ်။ အိမ်တွေမှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကိုလည်း တကယ့်ရှုပ်ထွေးနေတဲ့ ဆားဗစ်ဝါယာကြိုးတွေကို   ကျွန်တော်တို့ စနစ်တကျ  ဆောင်ရွက်ခဲ့ပါတယ်။  ဒါဟာ အများပြည်သူအတွက် လုံခြုံမှုတစ်ရပ်ကိုရစေ နိုင်တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

''လျှပ်စစ်ကဏ္ဍရဲ့ အထောက်အကူ တစ်ရပ်ဖြစ်နိုင်တဲ့   စွမ်းအင်ကဏ္ဍမှာ LPG  ဆိုင်တွေဖွင့်လှစ်နိုင်မှုကြောင့် LPG  နဲ့ မီးဖို တွေကို အသုံးချနိုင်ဖို့၊ Gas မီးဖိုတွေကို အိမ်တိုင်းမှာအသုံးချနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာကို ဒီနေရာမှာ အသိပေးလိုပါတယ်။

''အိမ်ရာစီမံကိန်း အသစ်တွေ၊ မြို့ပြစီမံ ကိန်းအသစ်တွေ အထူးစီးပွားရေးဇုန်တွေကို ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာ ရှေးဟောင်းအဆောက်အအုံ ပေါင်း ၂ဝဝ ကျော်လောက်ကို ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်မှုတစ်ရပ်  ပြုခဲ့ပါတယ်။ ဆူးလေဘုရားဘေးနားမှာရှိတဲ့  ယခင်က တိုးရစ်ဘားမားအဆောက်အအုံ၊  ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားခဲ့တဲ့ အတွင်းဝန်များ ရုံးကိုလည်း ရှေးဟောင်းအမွေအနှစ်တွေအတိုင်း ပြန်လည်ထိန်းသိမ်းဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက် ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်နေဖို့ရှိပါတယ်။

ရှေးဟောင်းအမွေအနှစ်များအဖြစ် ထိန်းသိမ်း
ရှေးဟောင်းအဆောက်အအုံတွေကို အပြာရောင်တံဆိပ်ပြားကပ်ပြီးတော့ ဒီအဆောက် အအုံတွေကို ရှေးဟောင်းအမွေအနှစ်များအဖြစ်  ထိန်းသိမ်းဖို့   ကြိုးပမ်းနေပါတယ်။ ကျေးလက်ဒေသကို အခြေပြုတဲ့ လူထုအခြေပြု ဒီခရီးသွားလုပ်ငန်းကိုလည်း  တွံတေးဘက်မှာ   စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး Master Plan  တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုရှေ့ဆက် ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့  ရေးဆွဲပြီးဖြစ်ပါတယ်။ ညောင်နှစ်ပင်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် အဓိက Center ကြီးတစ်ခု ကြိုးပမ်းဖို့ အတွက် Pilot Project  တွေကိုလည်း စတင်နေပြီဆိုတာကို ပြောကြားလိုပါတယ်။ အနာဂတ်မှာ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က  တစ်နှစ်တာကာလအတွင်းမှာ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း အသိပေးလိုပါတယ်''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီး တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်မြို့ကို ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးရန်၊ မြို့နေပြည်သူလူထု၏ လူနေမှုဘဝများ သာယာချမ်းမြေ့သည့် ဘဝအလှများ ပိုင်ဆိုင်နိုင်စေရန် စွမ်းနိုင်သမျှ ဆောင်ရွက်ပေးမှုများက အောင်မြင်သော အသီးအပွင့်ကောင်းများ အဖြစ် ပြည်သူများ ခံစားနေကြရပြီ ဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကလည်း တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍတစ်ခုအဖြစ် အရေးကြီးလှသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သန်းပေါင်း ၁ဝဝဝ လျာထားခဲ့ပြီး တွံတေးမြို့နယ်၊ သုံးခွမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စသည့် မြို့နယ်များတွင် လမ်းခင်းခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ သောက်သုံးရေကန်များ တူးဖော်ခြင်းလုပ်ငန်းများကို   ဒေသခံပြည်သူ လူထုအတွက်     ဖော်ဆောင်ပေးနိုင်ခဲ့ကြသည်။

ဟန်ချက်ညီစွာ ဖွံ့ဖြိုး
ကျေးလက်မြို့ပြဖွံ့ဖြိုးတိုးတက်မှု အချိုးညီ ဖွံ့ဖြိုးစေရေးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်သည့်အတွက်ကြောင့် စည်ပင်သာယာနယ် နိမိတ်များနည်းတူ ရန်ကုန်တိုင်းဒေသကြီး ပြင်ပမြို့နယ်များသည်လည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ''ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ရန်ကုန်မြို့တော်အတွင်း လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်လာဖို့၊ ရေကြီးရေလျှံမှု မရှိစေဖို့၊ နောက်ဖေးလမ်းကြားတွေမှာ ရေကြီးရေလျှံမှုတွေ မဖြစ်စေဖို့  ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြင်ပမှာရှိတဲ့ မြို့နယ် ၁၂ မြို့နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ပါတယ်။

လှပသည်ထက် လှပ
'' ဒါကြောင့်မို့ စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး   အထူးစီမံကိန်းအဖြစ်နဲ့   ၃၂ ဘီလီယံကို  စည်ပင်သာယာ နယ်နိမိတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ သုံးစွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းမှာလည်း    မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေ    ဖြစ်ခဲ့သော်ငြားလည်း ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့အဝင် မှာဖြစ်တဲ့ ငမိုးရိပ်ချောင်းရိုးတစ်ကြော ရေကြီး ရေလျှံမှုကို တားဆီးနိုင်ခဲ့ပါတယ်။

ရန်ကုန် မြို့ရဲ့ ငမိုးရိပ် ချောင်းရိုးတစ်ကြောမှာရှိတဲ့ လှည်းကူး၊ ဒဂုံမြို့သစ်ဘက်ခြမ်းတို့မှာ ရေကြီးရေလျှံမှုတွေ လျော့ပါးသွားခဲ့ပါတယ်။ တိုက်ကြီး၊ မှော်ဘီဘက်တစ်ကြောမှာပါ ရေကြီးရေလျှံမှုရှိပါတယ်။ ဒါဟာ ဧရာဝတီ မြစ်ရေနဲ့ သက်ဆိုင်ပါတယ်။ ရန်ကုန် လှိုင်မြစ် နဲ့ ဧရာဝတီမြစ်အတွင်း ရေကြီးရေလျှံမှုတွေကို တားဆီးနိုင်ဖို့အတွက် ဘဏ္ဍာငွေ ၈ ဘီလီယံ လောက်လျာထားပြီး   ကြိုးပမ်းဆောင်ရွက် နေပါတယ်''ဟု ပြောသည်။

ရှေ့အနာဂတ်ရက်များတွင်လည်း ပြည်သူ တို့ဘဝ လှပသည်ထက် လှပ၊ အောင်မြင်သည်ထက် အောင်မြင်ရန် ကြိုးပမ်းစွမ်းဆောင်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကောင်းမွန်သော စီမံချက်များဖြင့် ဆောင်ရွက် မည်ဟု ယုံကြည်ပါကြောင်း။    ။

(ဖိုးသက်)ကြေးမုံ

No comments:

Post a Comment