ခေါင်းစဉ်မှာ စာလုံးပေါင်းမှားနေတာ မဟုတ်ပါဘူး ။ “ တီဗွီရောဂါ” လို့ ပဲ ရေးထားတာပါ။ တီဗွီအစီအစဉ်တွေ ဇာတ်လမ်းတွေ ကြည့်ပြီး တစ်နေ့တစ်နေ့ အချိန်တွေအများကြီး ကုန်နေတဲ့ အစွဲအလမ်းရောဂါပါ။ အမေရိကန်နိုင်ငံမှာတော့ လူကြီးလူငယ်အများစုဟာ တစ်နေ့မှာ ပျမ်းမျှ အချိန် ငါး နာရီလောက် ကြာအောင် တီဗီရှေ့မှာ အချိန်ကုန်နေကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အလုပ်က ပြန်လာတာနဲ့ အမျှ တီဗီရှေ့ ၊ ဒါမှမဟုတ် ကွန်ပျူတာရှေ့တန်းထိုင်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ဖျော်ဖြေရေးအစီအစဉ်တွေကို မအိပ်ခင်အထိ (ထမင်းစားရင်လည်း တီဗီရှေ့မှာပဲ စားပြီး) ကြည့်ရှုကြသူတွေ ရှိပါတယ်။
ဒါဟာ တကယ်တော့ ကောင်းတဲ့ အလေ့အထမဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်တွေအရတော့ တီဗွီကြည့်ရှုရတာကို စွဲလမ်းခုံမင်သူတွေမှာ စိတ်လက်ပျော်ရွှင်လန်းဆန်းမှုတွေ ကျဆင်းလာတာ၊ စိတ်ညစ်ညူးလာတာ၊ အလွယ်တကူ အိပ်မပျော်နိုင်တာတွေ ဖြစ်တတ်ပြီး အရွယ်မတိုင်မီ သေဆုံးတာတွေ အဖြစ်များတယ်လို့ သိရပါတယ်။ ပြီးတော့ ဦးနှောက်ရဲ့ မှတ်သားနိုင်စွမ်းလည်း ကျဆင်းလာတတ်ပါတယ်။ လေ့လာချက်တစ်ခုအရ ငယ်ရွယ်စဉ် အသက် (၂၀) နဲ့ (၃၀) ကြားမှာ တစ်နေ့ကို အနည်းဆုံး (၃)နာရီလောက် တီဗွီ မှန်မှန်ကြည့်သူတွေဟာ အသက်(၄၀) ကျော် (၅၀) နားရောက်လာတဲ့ အခါမှာ သာမန်လူတွေထက် မှတ်ဉာဏ်ဆုံးရှုံးမှုဒဏ်ကို ပိုမိုခံစားရတာ တွေ့ရှိရပါတယ်။
တီဗွီကြောင့် ဖြစ်တဲ့ အဆိုးရွားဆုံး ပြဿနာတွေထဲကတစ်ခုကတော့ အချိန်ကုန်တာပါပဲ။ အားလပ်ချိန်မှာ ကြည့်တာပဲလေ ဆိုသူများအတွက်က မထူးခြားပေမယ့် အချိန်ယူပြီး တစ်ခုခု ဖြစ်ထွန်းအောင် လုပ်ချင်တဲ့ ရည်မှန်းချက်ကြီးသူများအတွက်တော့ စွဲလမ်းမှုတိုင်းဟာ အနှောင့်အယှက်ပါပဲ။ The Washington Post သတင်းစာ Website မှာတော့ ဆောင်းပါးရှင် တီးလ် ဘာရယ်လ် (Teal Burrel) ဆိုသူက သူမရဲ့ ရည်မှန်းချက်တွေအကောင်အထည်ဖော်ဖို့ တီဗွီကို ဖြတ်ထားခဲ့ရတဲ့ အကြောင်းရေးသားထားပါတယ်။ သူမဟာ PhD ဘွဲ့အတွက်ကျမ်းပြုစုချင်နေခဲ့ပြီး တစ်ချိန်တည်းမှာပဲ အိုလံပစ်အပြေးပြိုင်ပွဲအတွက် ပဏာမ အဆင့်လူရွေးပွဲမှာ အရွေးချယ်ခံရသူ ဖြစ်ချင်နေပါတယ်။ ဒါပေမဲ့ ဒီအလုပ်တွေလုပ်နိုင်ဖို့အတွက်ဆိုရင် တီဗွီကို မဖြတ်လို့ မဖြစ်တော့ဘူးဆိုတာ သူမ တဖြည်းဖြည်း သိရှိလာခဲ့ပါတယ်။
တီဗွီဖြတ်ခါစမှာ ဘယ်လိုမှ နေသားမကျခဲ့ပါဘူး။ သူမ ကြောက်နေတဲ့ အထဲမှာ တီဗွီဇာတ်လမ်းတွေအကြောင်း သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောစရာ မရှိရင် လူမှုဆက်ဆံရေးပိုင်းမှာ အဆင်မပြေသူ ဖြစ်လာမလားဆိုတာလည်း ပါခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ တခြားပြောစရာအကြောင်းအရာတွေလည်း အများသားဆိုတာ သိရှိလာခဲ့ရပါတယ်။ တီဗွီပြတ်ပြီး သုံးလ အကြာမှာ စတင် နေသားကျလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမ လိုချင်တဲ့ PhD ဘွဲ့ကိုလည်း ရရှိလာခဲ့ပါတယ်။ သူမ ဝါသနာပါတဲ့ စာဖတ်စာရေးအလုပ်တွေကို ပို လုပ်ရင်းနဲ့ လူသိများတဲ့ စာရေးသူ တစ်ယောက်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အကုန်မှာ မာရသွန်ပြေးပွဲမှာလည်း သူမ ပြေးခဲ့ဖူးသမျှမှာ အမြန်ဆုံးစံချိန်ကို တင်နိုင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
“ တန်ဆေး၊ လွန်ဘေး “ ဆိုတဲ့ မြန်မာစကားပုံအတိုင်းပါပဲ။ တီဗွီ ကြည့်ခြင်းဟာ ဆိုးရွားတဲ့ ကိစ္စချည်းသက်သက်တော့ မဟုတ်ပါဘူး။ ဘာသာစကား လေ့လာနိုင်တဲ့ အခွင့်အရေးတွေ၊ နိုင်ငံရပ်ခြားယဉ်ကျေးမှုတွေ၊ ကိုယ်မရောက်ဘူးတဲ့ ဒေသတွေ၊ သမိုင်းဖြစ်ရပ်တွေဆိုင်ရာ ဗဟုသုတတွေကို လေ့လာနိုင်မယ့် အခွင့်အရေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအချက်ကတော့ “ ကိုယ့်အတွက် ဘာက အရေးအကြီးဆုံးလဲ “ ဆိုတာကို သိဖို့၊ အဲဒီလို သိရှိပြီးတော့ ကိုယ့်ရည်မှန်းချက်ကို ထိပါးစေမယ့် တီဗွီ အပါအဝင် အပျော်အပါးတွေကို လျှော့ချနိုင်ဖို့ ပါ။
Ref: The Washington Post; “ This women gave up TV for an entire year … and has a lot to show for it”
ကျော်သန့် (ရိုးရာလေး)
No comments:
Post a Comment