Latest News

Sunday, March 12, 2017

လူမိုက်နှင့် သူယုတ်

လူမိုက်နှင့် သူယုတ်

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်းတော်တွင် သီတင်းသုံးနေစဉ်ကဖြစ်ပါသည်။ လပြည့် ဥပုသ်နေ့ညဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်သော ကျောင်းတော်ကြီးအတွင်း လရောင်အောက်တွင် ရဟန်းများ ငြိမ်းချမ်းစွာ ထိုင်နေတော်မူကြသည်။ ဘုရားရှင် ကိုယ်တော်ထံမှာ မည်သည့်စကားများ မိန့်ကြားခြင်းကို နာကြားရမည်နည်းဟု ငံ့လင့်နေကြသည်။

ငြိမ်သက်ခြင်းအတိ ရှိနေသည့် ရဟန်းတော်များကို ဘုရားရှင်က ကြည့်လိုက်ပြီးနောက် -

“ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာကို ဤသူသည် သူယုတ်မာဟု သိနိုင်ပါမည်လော”ဟုမေးလိုက်သည်။

လူယုတ်မာဆိုသည်ကား နဖူးတွင် ချိုတပ်ထားသူမဟုတ်။ သူယုတ် အချင်းချင်း ဉာဏ်ဖြင့် ဆင်ခြင်ကြည့်၍လည်း ရနိုင်စရာ အကြောင်း မမြင်။ ထို့ကြောင့် ရဟန်တို့က “မသိနိုင်ကြောင်းပါဘုရား” ဟု လျှောက်ထားလိုက်ကြသည်။ အလားတူ ဘုရားရှင်က မေးသည်မှာ -

“ရဟန်းတို့ သူယုတ်မာသည် ဤသူသည် သူတော်ကောင်းဟု သိနိုင်ပါမည်လော”ဟု မေးတော်မူပြန်သည်။ သူယုတ်မာဆိုသည်မှာ သူတော်ကောင်း ဆိုသည်ကို ဉာဏ်ဖြင့်ဆင်ခြင် သိမြင်စရာ အကြောင်းမရှိသဖြင့် “မသိနိုင်ပါဘုရား” ဟုပြန်လျှောက်ထားကြသည်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက သူယုတ်မာတို့၏ လက္ခဏာများကို ဤသို့ ခွဲခြားပြတော်မူသည်။ သူယုတ်မာတို့သည်

“မယုံကြည်ခြင်းများ၏။ အရှက်အကြောက်လည်းမရှိ။ အကြားအမြင်လည်း နည်း၏။ ပျင်းရိခြင်း၊ သတိမေ့ခြင်းနှင့် ပညာကင်းခြင်း ဆိုသည့် သူယုတ်မာတရားတို့နှင့် ပြည့်စုံကြသူများ ဖြစ်သည်”ဟု ခွဲခြားပြတော်မူခဲ့ပါသည်။

သူယုတ်မာတို့သည် မိမိကိုယ်မိမိ ဆင်းရဲကြောင်းလည်း ပြောတတ်သည်။ သူတစ်ပါး ဆင်းရဲကြောင်းကိုလည်း ပြောတတ်သည်။ မိမိရော သူတစ်ပါးပါ နှစ်ပါးစလုံး ဆင်းရဲရာ ဆင်းရဲကြောင်း ပြောတတ်သူများ ဖြစ်သည်။ မဆင်မခြင် ပြောတတ်ခြင်းကြောင့် အားလုံး စိတ်ဆင်းရဲစရာ ဖြစ်သည်။

သူယုတ်မာတို့သည် မုသားစကား၊ ကုန်းချောစကား၊ ကြမ်းတမ်းသည့်စကား၊ သိမ်ဖျင်းသော စကားတို့ကိုလည်း ပြောတတ်သူများ ဖြစ်သည်။ ထို့ပြင် သူယုတ်မာတို့သည် နှုတ်ဖြင့် အပြစ်များ ကျူးလွန်ရုံမက ကာယကံအားဖြင့်လည်း ကျူးလွန်တတ်မှုများ ရှိသည်။ ထိုသူတို့သည် သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတစ်ပါး သားမယားတို့အပေါ် ကာမဂုဏ်ဖောက်ပြန်ခြင်းများကိုလည်း လုပ်ဆောင်တတ်သူများ ဖြစ်နေပြန်သည်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးက လူမိုက်တို့၏ လက္ခဏာကိုလည်း ဤသို့ မိန့်ဆိုတော်မူဖူးသည်။ လူမိုက်တို့၏ လက္ခဏာကို ဘုရားရှင်က သုံးမျိုးခွဲခြားပြတော်မူခဲ့သည်။ လူမိုက်တို့သည်

- မကောင်းသော အကြံကို ကြံလေ့ရှိသည်

- မကောင်းသော စကားကို ဆိုလေ့ရှိသည်

- မကောင်းသော အမှုကို ပြုလေ့ရှိသည်

သူယုတ်နှင့် လူမိုက်တို့၏ လက္ခဏာကို အထိမိဆုံး သုံးချက်တည်းဖြင့် ပိုင်းဖြတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

လူမိုက်တို့သည် မကောင်းမှုကို ပြုလုပ်ထားသူများ ဖြစ်သောကြောင့် စိတ်မလုံသူများ ဖြစ်နေသည်။ သူတို့သည် လူသတ်ခြင်း၊ ခိုးခြင်း၊ ကာမဂုဏ် ကျူးလွန်ထားခြင်းများကြောင့် လူကြားမဝင်၊ လူတောမတိုးရဲ စိတ်ထဲတွင် အမြဲ ညှိုးငယ်စွာဖြင့် ခံစားရကာ စိတ်ဆင်းရဲနေရသူများ ဖြစ်သည်။

ထို့ပြင် သူတို့သည် ကျူးလွန်ထားသည့် အမှုကိစ္စများအတွက် ဖမ်းဆီး အရေးယူခြင်း ခံလိုက်ရပြန်လျှင်လည်း ရိုက်နှက်ခြင်း၊ ခြေဖြတ် လက်ဖြတ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခြင်းများကိုပါ အတုံ့အလှည့် အနေနှင့် ပြန်လည် ခံစားရမည်ကို ကြောက်ပြီး စိတ်ဆင်းရဲနေရတတ်သည်။

လူမိုက်တို့သည် အပြစ်ကို လူမမိသဖြင့် ရှောင်လွှဲ၍ လွတ်နေသော်လည်း သေခါနီးချိန်တွင် ငါပြုထားသောအပြစ်သည် သံသရာတွင် မလွတ်နိုင်ဆိုသည်ကို သိမြင်ပြီးဖြစ်နေသည်။ ထို့ကြောင့် သူ့အပြစ်ကို တမလွန်တွင်လည်း ခံရတော့မည်ကို သိသောကြောင့် စိတ်ဆင်းရဲမှုများ ဖြစ်နေတတ်သည်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လူတို့တွင်သာမက ရဟန်းတို့တွင်လည်း သူယုတ်တရားလက္ခဏာများ ရှိနေတတ်ကြောင်းကို ဟောကြားတော်မူခဲ့ပါသည်။

- အချို့သော ရဟန်းသည် မြတ်သောဘဝက ရဟန်းပြုလာသူဖြစ်က အမျိုးမြတ်ခြင်းကို ဂုဏ်ယူပြီး မိမိကိုယ်မိမိ ထိုအမျိုးဂုဏ်ကို ထုတ်ဖော်ကာ ချီးမြှောက်ပြီး သူတစ်ပါးကို ရှုတ်ချတတ်သည်

- အချို့သောရဟန်းသည် အမျိုးမြတ်ခြင်း၊ ဥစ္စာချမ်းသာခြင်း၊ ဂုဏ်ရှိသော အမျိုးက ဆင်းသက်လာသူ ဖြစ်လျှင်လည်း ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ကာ သူတစ်ပါးကို ရှုတ်ချတတ်သည်

- အချို့သော ရဟန်းသည် အခြံအရံများခြင်း၊ ပစ္စည်းလေးပါး လှူဒါန်းသူ ပေါများခြင်း၊ အကြားအမြင်များခြင်း၊ ဝိနည်းဆောင်နိုင်ခြင်း၊ တရားဟောတတ်ခြင်း၊ ဓူတင်အကျင့်များကို ကျင့်ဆောင်နိုင်ခြင်း၊ ဈာန်အဆင့်ဆင့်ရသူများ ဖြစ်နေခြင်းကြောင့် မိမိကိုယ်မိမိ ချီးမြှောက်ပြီး သူတစ်ပါးကို ရှုတ်ချတတ်သည်

ဘုရားရှင်က ထိုသူများသည် မိမိကိုယ်မိမိ ချီးမြှောက်ပြီး သူတစ်ပါးကို ရှုတ်ချတတ်ခြင်းများကြောင့်ပင် သူယုတ်မာများဖြစ်ကြောင်း ဟောကြားပါသည်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လူမိုက်တွင်ရှိသောအားသည် အားအစစ်မဟုတ်ဟု ဆိုပါသည်။ ထို့ကြောင့်လည်း-

“အကြင်သူသည် အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်၏။ ထိုသူအားသာလျှင် ထိုအမျက်ထွက်မှုကြောင့် အလွန် ယုတ်မာ၏။ အမျက်ထွက်သူကို ပြန်၍ အမျက်မထွက်သူသည် အောင်နိုင်ခဲသော စစ်ပွဲကိုအောင်၏”ဟု မိန့်ဆိုခဲ့သည်။

ဘုရားရှင်က ဘာရဒွါဇ ပုဏ္ဏားကြီးကို ပြောခဲ့သည့် စကားတစ်ခွန်းကလည်း မှတ်သားစရာ ကောင်းလှသည်။

“ပုဏ္ဏား ကြမ်းကြုတ်သောစကားကို ဆိုသော သူမိုက်သည် စကားမျှဖြင့် (သူတစ်ပါးကို) အောင်ပြီဟူ၍ အောက်မေ့၏။ ပညာရှိ ပုဂ္ဂိုလ်၏အကြင် သည်းခံမှုသည်ရှိ၏။ ထိုသည်းခံမှုသည်သာ ထိုပညာရှိအား အောင်မြင်ခြင်းဖြစ်၏”

(ရည်ညွှန်း - မဇ္ဈိမနိကာယ်၊ စူဠပုဏ္ဏမသုတ်၊ သပ္ပုရိသသုတ်၊ သံယုတ္တနိကာယ် အသုရိန္ဒကသုတ်၊ အက္ကောသသုတ်)

The Voice

No comments:

Post a Comment