Latest News

Friday, March 10, 2017

ဘာလင်ရှိ လေဆိပ်နှစ်ခုမှာ ဝန်ထမ်းများဆန္ဒပြမှုကြောင့် ခရီးစဉ်အားလုံးနီးပါး ဖျက်သိမ်းရ

ဘာလင်ရှိ လေဆိပ်နှစ်ခုမှာ ဝန်ထမ်းများဆန္ဒပြမှုကြောင့်

ခရီးစဉ်အားလုံးနီးပါး ဖျက်သိမ်းရ


ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ လေဆိပ်နှစ်ခုမှာ မြေပြင်ဝန်ထမ်းများ
ဆန္ဒပြမှုကြောင့် လေကြောင်းခရီးစဉ် အားလုံးနီးပါး
ဖျက်သိမ်းခဲ့ရပါတယ်။ လေဆိပ်ဝန်ထမ်းတွေက
တစ်နာရီလုပ်ခကို ၁၁ ယူရိုမှ ၁၂ ယူရို တိုးမြှင့်ရရှိရန်
ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဘာလင်ရှိ Tegel
လေဆိပ်ရဲ့ လေကြောင်းခရီးစဉ် ၄၅၅ ခုနဲ့ Schoenefeld
လေဆိပ်မှ ခရီးစဉ် ၂၀၄ ခုကို ဖျက်သိမ်းခဲ့ရကြောင်း
သိရပါတယ်။ လေဆိပ်ဝန်ထမ်းများ သပိတ်မှောက် ဆန္ဒပြမှုဟာ
ယနေ့ (မတ်လ ၁၀ ရက်) ဒေသစံတော်ချိန် မနက် ၄ နာရီမှာ
စတင်ခဲ့တာဖြစ်ပြီး ၂၅ နာရီကြာမြင့်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းများ သပိတ်မှောက်မှု ဖြစ်နေတဲ့ လေဆိပ်နှစ်ခုမှာ Air
Berlin, Lufthansa, easyJet နဲ့ Ryanair တို့က
လေကြောင်းခရီးစဉ်တွေ ပြေးဆွဲနေကြကြောင်း သိရပါတယ်။
လေဆိပ်နှစ်ခုမှ လေကြောင်းခရီးစဉ်များ ပယ်ဖျက်မှုကြောင့်
ဘာလင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၂ ရက်မှာ
ပြီးဆုံးမယ့် ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းပြပွဲ ITB ကို
လာရောက်ကြသူတွေ အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
"ဘယ်အချိန်မဆို စေ့စပ်ညှိနှိုင်းဖို့ အသ့င်ပါပဲ၊ ဒီ
သီတင်းပတ်ကုန်မှာလည်း ဖြစ်ပါတယ်၊ တစ်နာရီလုပ်အားခ
အသစ်ကမ်းလှမ်းဖို့ လမ်းဖွင့်ပေးထားပါတယ်" လို့
လေဆိပ်ဝန်ထမ်းသပိတ်ကို ဦးဆောင်သူ Verdi
အလုပ်သမားသမဂ္ဂမှ အန်ရီကို ရူအမ်ကာက ပြောပါတယ်။

လေဆိပ်တာဝန်ရှိသူတွေက ခရီးသည်တွေအနေနဲ့
လေဆိပ်ကိုမလာရောက်မီ သက်ဆိုင်ရာ လေကြောင်းခရီးစဉ်
အခြေအနေကို စုံစမ်းစစ်ဆေးကြည့်ရန် အကြံပြုထားကြောင်း
သိရပါတယ်။ ဖေဖေါ်ဝါရီလအတွင်းကလည်း ဘာလင်ရှိ
လေဆိပ်နှစ်ခုအပြင် ဟမ်းဘတ်နဲ့ စတုဂတ်ရှိ လေဆိပ်နှစ်ခုမှ
မြေပြင်ဝန်ထမ်းများ လုပ်အားခတိုးမြှင့်ရရှိရန် ဆန္ဒပြမှုတွေ
ဖြစ်ခဲ့ပြီး လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရဖူးပါတယ်။

Source & Photo: Reuters

Duwun

No comments:

Post a Comment